အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အရပ်သားအစိုးရလက်ထက် နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် ဆိုလာပါဝါစီမံကိန်းများကို လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ခဲ့ပြီး လုပ်ငန်းဆက်လက် အကောင်အထည်ရန် နှေးကွေးနေသော ဆိုလာစီမံကိန်း ၂၆ ခုကို စစ်ကောင်စီက တင်ဒါဖျက်သိမ်းပြီး လုပ်ကိုင်ခွင့်ရထားသော ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်း လိုက်သည်။
NLD အစိုးရလက်ထက်တွင် ဆိုလာစီမံကိန်း ၂၉ ခုကို တင်ဒါထုတ်ပေးထားခဲ့ပြီး တင်ဒါအောင်မြင် ခဲ့သော တရုတ်ကုမ္ပဏီအများစုက စစ်ကောင်စီလက်ထက်တွင် စီမံကိန်း ၃ ကိုသာ အကောင်အထည် ဖော်လျက်ရှိပြီး ကျန် စီမံကိန်း ၂၆ ခုကို ဆက်လက်အကောင်အထည်ဖော်ခြင်းမရှိပေ။
ဧရာဝတီက ကြည့်ရှုခွင့်ရသော စစ်ကောင်စီခန့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၏ ရုံးစာအရ အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီများမှာ တရုတ်နိုင်ငံအခြေစိုက် Sungrow Power Supply ကုမ္ပဏီ၊ Consortium of SPIC Yunnan International Power Investment ကုမ္ပဏီ၊ Khaing Lon Gem ကုမ္ပဏီ၊ China Machinery Engineering Corporation၊ Consortium of Shwe Taung Development ကုမ္ပဏီ & GCL System Intergration Technology၊ Consortium of China Gezhouba Group Oversea Investment Company and Future Energy Company Limited and XI’an LONGi Clean Energy Company တို့ဖြစ်ကြသည်။
ထိုအထဲမှာ Sungrow Power Supply ကုမ္ပဏီ သည် ဆိုလာပါဝါစီမံကိန်း ၁၂ ခု အများဆုံး တင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။
အဆိုပါ ဆိုလာပါဝါစီမံကိန်း ၁ခုစီသည် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀ မှ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံမှုပမာဏရှိပြီး ယခုနှစ် နွေရာသီအတွက် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် ရည်ရွယ်ထားသည့် စီမံကိန်းများဖြစ်သည်။
၂၀၂၀ ခုနှစ် အောက်တိုဘာအတွင်း တင်ဒါ ခေါ်ယူအောင်မြင်ထားသော ထို ဆိုလာပါဝါစီမံကိန်း ၂၉ ခုသည် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် တင်ဒါအောင်မြင် ထားသော တရုတ်ကုမ္ပဏီ အများစုက ဓာတ်အားဝယ်ယူရေး PPA စာချုပ်ကိုပင် (Power Purchase Agreement) လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန နှင့် ချုပ်ဆိုခြင်းကို အကြိမ်ကြိမ်ရွှေ့ဆိုင်းနေခဲ့ပြီး တင်ဒါစည်းကမ်းပါ အချက်အလက်များ ချိုးဖောက်နေခဲ့ခြင်းဖြစ်သည်။
တရုတ်ကုမ္ပဏီများသည် ထိုအချိန်က လျှပ်စစ် 1 kWh (kilowatt-hour) ကို အမေရိကန်ဒေါ်လာ ၃.၅ ဆင့်( ကျပ် ၇၀ ဝန်းကျင်) ဖြင့် အခြားဒေသတွင်း ကုမ္ပဏီများနှင့် အနောက်နိုင်ငံ ကုမ္ပဏီများမှ မပေးနိုင်သော လွန်စွာသက်သာသည့် နှုန်းထားဖြင့် တင်ဒါအောင်မြင်ခဲ့ကြသည်။
ယခုလို နာမည်ပျက်စာရင်းကြေညာချက်သည် မေလ ၂ ရက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ စစ်ကောင်စီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူနေသော ဦးအောင်သန်းဦးကို အနားပေးလိုက်ပြီး ယခင် မန္တလေးတိုင်း လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ဖူးသော ဦးသောင်းဟန်ကို ခန့်အပ်ခဲ့အပြီး ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
You may also like these stories:
ဝန်ကြီးပြောင်းလည်း လျှပ်စစ်မီးမှန်အောင် မပေးနိုင်
ဆိုလာ တင်ဒါစည်းကမ်းများ တရုတ်ကုမ္ပဏီတွေ ချိုးဖောက်လည်း စစ်ကောင်စီ မျက်လုံးပိတ်ထား
ဆိုလာပါဝါ စီမံကိန်းများမှ ပြန်ဆုတ်ရန် တရုတ်ကုမ္ပဏီများ စဉ်းစားနေ
Same Sky ကသာ မီတာဘောက်များ တင်ဒါအောင်နေသည်
အာဏာသိမ်းစစ်ကောင်စီ လုံလောက်အောင် မီးမပေးနိုင်တော့