ထိုင်းနိုင်ငံတွင် ဒီဇယ်နှင့် လောင်စာဆီ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံသို့ တင်သွင်းနေသော ထိုင်းကုန်ပစ္စည်းများ ဈေးတက်လာနိုင်ကြောင်း နယ်စပ်ကုန်သည်များက ဧရာဝတီသို့ ပြောသည်။
ထိုင်းအစိုးရက လောင်စာဆီရန်ပုံငွေမှ ဒီဇယ်ဈေးနှုန်းမြင့်တက်မှုအပေါ် ထောက်ပံ့ပေးနေခြင်းကို ယခုလမှစတင်ပြီး ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း အတည်ပြုလိုက်ပြီးနောက် ထိုင်းစက်သုံးဆီဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာကာ သယ်ယူပို့ဆောင်ရေးစရိတ်များလည်း ယခင်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာနိုင်ဖွယ် ရှိနေသည်။
ထိုအခြေအနေများကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းနေသော စားသောက်ကုန်၊ လူသုံးကုန်နှင့် အခြား ကုန်ပစ္စည်း ဈေးနှုန်းများသည် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာမှုနှင့်အတူ ကုန်စည်ဈေးနှုန်းမှာလည်း မြင့်တက်လာနိုင်ကြောင်း နယ်စပ်ကုန်သည်များက ပြောဆိုသည်။
အဓိကအားဖြင့် အချိုရည်၊ ကော်ဖီ စသည့် စားသောက်ကုန်နှင့် မီးဖိုချောင်သုံး ဂတ်(စ်) အပါအဝင် မီးဖိုချောင်သုံးပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့ပြင် မြန်မာပြည်တွင်း၌လည်း ကျပ်ငွေတန်ဖိုးကျဆင်းပြီး အမေရိကန်ဒေါ်လာလဲလှယ်နှုန်း မြင့်တက်နေသလို ကမ္ဘာ့ နိုင်ငံရေး အခြေအနေများကြောင့် စက်သုံးဆီနှင့် စားအုန်းဆီဈေးနှုန်း အပါအဝင် ပြည်တွင်းကုန်ဈေးနှုန်း ကြီးမြင့်မှုကို ရင်ဆိုင်ရလျက် ရှိနေသည်။
“သယ်ယူပို့ဆောင်ရေးစရိတ် တက်လာရင်တော့ ကုန်ဈေးနှုန်းက လိုက်တက်လာမှာပဲ။ ဒီဘက်ကတော့ ပိုဆိုးမှာပေါ့။ ငွေလဲလှယ်နှုန်းတွေကလည်း ကမောက်ကမ ဖြစ်နေတာဆိုတော့” ဟု မြဝတီမှ ကုန်သည်တဦးက ပြောသည်။
ထို့ပြင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သော မြဝတီ-ကော့ကရိတ် ကုန်သွယ်ရေးလမ်း ကြောင်းပေါ်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှောင့်နှေးကြန့်ကြာ မှုများ ဖြစ်သလို အခြားကုန်ကျစရိတ်များလည်း မြင့်တက်လာကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အကုန်လုံးက လက်နက်ကိုင်ပြီးတော့ ဒီလမ်းကြောင်းပေါ်မှာ ငွေရှာနေကြတာ။ အခွန် တကယ်ဆောင်တဲ့လူတွေက ကျီးလန့်စာစားပြီး လုပ်ကိုင်နေကြရတယ်” ဟုလည်း ပြောသည်။
ပြီးခဲ့သည့် မတ်နှင့်ဧပြီ ပထမအပတ်တွင်းက မြဝတီ-ကော့ကရိတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ် ကုန်တင်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်တချို့ ပစ်ခတ်ခံရခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ပုံမှန်အတိုင်း သွားလာနိုင်ရန်အတွက် ထို လမ်းပိုင်းအား နယ်မြေစိုးမိုးမှု ရယူထားသော လက်နက်ကိုင်အဖွဲ့တချို့ကို လမ်းကြောင်းကြေးပေး၍ ဖြတ်သန်းသွားလာရသည့် အခြေအနေများ ရှိခဲ့ကြောင်း ကုန်သည်တချို့က ဧရာဝတီသို့ ပြောသည်။
ထို့နောက် ထိုင်းနိုင်ငံဘက်က ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ပြီး အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းကို တည်ငြိမ်မှုရှိစေရေး တိုက်တွန်းပြီးနောက်ပိုင်းမှသာ ကုန်တင်ယာဉ်များ ပုံမှန်နီးပါးအတိုင်း ပြန်လည်သွားလာနိုင်လျက် ရှိကြောင်း သိရသည်။
လတ်တလော မြဝတီနယ်စပ်ကုန်သွယ်ရေးတွင် နေ့စဉ် ကားအစီးရေ ၃၀၀ ဝန်းကျင်ဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်လာနိုင်ကြောင်း မြဝတီနယ်စပ်ကုန်သည်များထံမှ သိရသည်။
“အခုက ထုတ်လုပ်မှုကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်က မြင့်တက်လာပေမယ့် ပြည်တွင်းစားသုံးနိုင်မှု ဝယ်လိုအားက တော်တော်လေးကျနေတော့ စီးပွားရေးသမားတွေလည်း လုပ်ကိုင်ရခက်တယ်” ဟု ရန်ကုန်မြို့ရှိ ပြည်ပမှ ကုန်ပစ္စည်းများကို လက်လီလက်ကား အရောင်းအဝယ်လုပ်နေသည့် လုပ်ငန်းရှင်တဦးက ပြောသည်။
ထို့သို့ အခြေအနေများ ရှိနေသည့်တိုင် ကုန်ပစ္စည်းဈေးနှုန်းများ ထပ်မံမြင့်တက်လာပါက ယခုထက် ဝယ်လိုအားကျဆင်းပြီး အများပြည်သူက ဝယ်ယူသုံးစွဲခြင်းကို ယခုထက် လျှော့ချလာနိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီက ပြည်တွင်းထုတ်ကုန်များ ဝယ်လိုအားကျဆင်းမှုကို ကာကွယ်ရန်ဟု ရည်ရွယ်ကာ ပြီးခဲ့သည့်နှစ် မေလပိုင်းက စတင်ပြီး ထိုင်းနိုင်ငံမှတင်သွင်းသော ကော်ဖီမစ်၊ အချိုရည်မျိုးစုံနှင့် နို့ဆီ၊ နို့စိမ်း အပါအဝင် စားသောက်ကုန် ၅ မျိုးနှင့် ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် သွားတိုက်ဆေးများကို နယ်စပ်ဒေသများမှတဆင့် တင်သွင်းခွင့်ကို ပိတ်လိုက်ခြင်းကြောင့်လည်း ထိုင်းကုန်ပစ္စည်းတချို့ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်နေလျက် ရှိသည်။
“ကုန်ကားသမားတွေကလည်း လမ်းကြောင်းအခြေအနေပေါ်မူတည်ပြီး ကုန်ကားခဈေးတွေက အမျိုးမျိုးပြောင်းနေတာ။ အခုဆိုရင် ဆီဈေးတက်နေတာနဲ့ဆိုတော့ အရင်ကထက် ၄/၅ ဆ လောက် ပိုကုန်တယ်” ဟု ရန်ကုန်မြို့ရှိ ကွန်ပျူတာနှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ရှင်တဦးက ပြောသည်။
You may also like these stories:
တရုတ် ဆိုလာကုမ္ပဏီများ စစ်ကောင်စီ အမည်ပျက် စာရင်းသွင်း
ဝန်ကြီးပြောင်းလည်း လျှပ်စစ်မီးမှန်အောင် မပေးနိုင်
NLD နဲ့ ဆက်နွယ်ပြီး ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံရတဲ့ ထိပ်သီးလုပ်ငန်းရှင် ဦးချစ်ခိုင်
ဒေါ်လာစနစ် ဖျက်သိမ်းခြင်းက ဘဏ္ဍာရေးအရ လည်ပင်း ကြိုးကွင်းစွပ်ခြင်းဖြစ်