စစ်ကောင်စီ၏ ဦးပိုင်ကုမ္ပဏီနှင့် အကျိူးတူဖက်စပ်လုပ်ကိုင်နေမှုကြောင့် ဒေသတွင်းတော်လှန်ရေး အဖွဲ့အစည်းများ၏ စီမံကိန်းဆက်မလုပ်ရန် သတိပေးထုတ်ပြန်မှုများအပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း တရုတ် ကြေးနီးစီမံကိန်းကုမ္ပဏီများမှ မေ ၅ ရက်က ထုတ်ပြန်သည်။
မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီ ကြေးနီစီမံကိန်းကုမ္ပဏီများ၏ ဒုတိယအထွေထွေမန်နေဂျာ ဖြစ်သူ Dong Shiyong လက်မှတ်ထိုးထားသော ယင်းကြေညာချက်တွင် စီမံကိန်းဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ ကန်ထရိုက်တာများ နှင့် ပတ်ဝန်းကျင်လူ့အသိုက်အဝန်း ဘေးကင်းလုံခြုံရေးအတွက် လက်ရှိ အခြေအနေအပေါ် ဂရုတစိုက် လေ့လာစောင့် ကြည့် နေကြောင်းလည်း ဆိုထားသည်။
“မကြာသေးမီက မိမိတို့စီမံကိန်းနှင့် ပတ်သက်သည့် ကောလာဟလများ၊ မှားယွင်းသောယူဆချက်များ၊ အခြေ အမြစ်မရှိသော စွပ်စွဲချက်အများအပြားရှိခဲ့ပြီး မိမိတို့၏ ဝန်ထမ်းအချို့နှင့် မိသားစုကို ခြိမ်းခြောက်မှုများရှိသည့် အခြေအနေ ကို မိမိတို့ လွန်စွာစိုးရိမ်ပူပန်သည်” ဟု ပြောထားသည်။
လက်ရှိတွင် အာဏာသိမ်းစစ်တပ်နှင့် ဖက်စပ်လုပ်ကိုင်နေသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များ အတွင်းက တရုတ်ကြေးနီစီမံကိန်းများမှာ ယာယီရပ်တန့်ထားသော်လည်း ပြန်လည်လုပ်ကိုင်ရန် ကြိုးပမ်းလျက်ရှိသည့် အပြင် ဝန်ထမ်းများအား စည်းရုံးခေါ်ယူမှုများ ရှိသည့်အတွက် စီမံကိန်းများရပ်တန့်ထားရန် ဒေသတွင်းတော်လှန်ရေးအဖွဲ့ အစည်းများက သတိပေးထားပြီး ပြန်လည်လုပ်ကိုင်ပါက နည်းမျိုးစုံဖြင့် တိုက်ခိုက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မေလ ၄ ရက်ကလည်း ကြေးနီးစီမံကိန်းများအား လုံခြုံရေးအင်အားဖြည့်တင်းရန် မုံရွာကွန်ပျူတာတက္ကသိုလ်မှ ထွက်လာ သည့် စစ်ကောင်စီကား ၃ စီးအား စံပယ်အိမ်ရာအနီးတွင် ဒေသတွင်း တော်လှန်ရေးမဟာမိတ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက် ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ၎င်းတို့က သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားအား အလေးထားရန် နှင့် အာဏာသိမ်းစစ်ကောင်စီအား ကူညီထောက်ပံ့မှုများ မပြုလုပ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ထံသို့ ပြည်တွင်းတော် လှန်ရေးအဖွဲ့အစည်း ၅၅၈ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် တရုတ်အစိုးရအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအပေါ် ဆက်လက် ကူညီထောက်ပံ့မှု များ ပြုလုပ်နေပါက မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီးပွားရေးစီမံကိန်းများမှာ တော်လှန်ရေးအင်အားစုများ၏ ပစ်မှတ် ဖြစ်လာ နိုင်ပြီး အမုန်းတရားလည်း ပိုမိုကြီးထွားလာနိုင်ကြောင်း သတိပေးထားသည်။
မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီဝင်တဦးက “အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီကြေးနီစီမံကိန်းတွေက စစ်ကောင်စီ နဲ့ ပူးပေါင်းပြီးတော့ ပြည်သူတွေကိုဖိနှိပ်ဖို့ ကျည်ဆံဖိုးတွေ ပေးနေတာ ဖြစ်တယ်။ စစ်ကောင်စီကို ဝင်ငွေအများဆုံး ပေးနေ တဲ့ စီမံကိန်းတွေထဲမှာလည်း ပါတယ်။ မပူးပေါင်းဖို့ တိုက်တွန်းနှိုးဆော်တာတွေ ပြုလုပ်ပေမယ့် ရှေ့တိုးပြီးတော့ ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် သူတို့ရဲ့ စီးပွားရေးစီမံကိန်းလုပ်ငန်းတွေက တော်လှန်ရေးအင်အားစုတွေရဲ့ အဓိကပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်” ဟု ပြောသည်။
မြန်မာဝမ်ပေါင်ကုမ္ပဏီဘက်ကမူ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် တည်ရှိနေခြင်းကြောင့် ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက် ရေးအပေါ် မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပြီး စီမံကိန်းရပ်တန့်ထားစဉ်မှာလည်း ဝန်ထမ်းများအား ဆက်လက် ထောက် ပံ့ပေးခဲ့သည့်အပြင် ဒေသတွင်း ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ငွေ ကြေးမြောက်မြားစွာ ရင်းနှီးသုံးစွဲထားသည်ဟု ဆိုသည်။
ထို့ပြင် စီမံကိန်းတွင် အရေးပါသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအတွက် ဝန်ထမ်းအဖွဲ့တဖွဲ့ကိုသာ သတ္တု တွင်းလုပ်ငန်းခွင်အတွင်း ဆန္ဒအလျှောက်လုပ်ကိုင်စေပြီး ကျန်မားရေးအကာအကွယ်ပေးသည့် အထူးသဖြင့် မိုးရာသီတွင် စီမံကိန်းမှ ဓာတုပစ္စည်းနေရာများနှင့် ရေကန်များ လျှံထွက်မသွားစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း လည်း ၎င်းတို့က ပြောထားသည်။
သို့သော် အဆိုပါ ကြေးနီစီမံကိန်းများ စတင်ကတည်းက ဒေသခံများ၏ မြေယာများစွာ သိမ်းဆည်းခံခဲ့ရသည့်အပြင် စီမံ ကိန်းမှထွက်ရှိသည့် ဓာတုပစ္စည်းများကြောင့် လယ်ယာမြေများ ပျက်စီးမှုနှင့် ဒေသခံလူထုကျန်းမာရေး ထိခိုက်မှုများ ကြောင့် ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုများစွာ ကြုံတွေ့ခဲ့ရသည်။
မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီဝင်တဦးက “ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး အရင်ထဲက ဒေသခံတွေ ကန့်ကွက်လှုပ် ရှားမှု ရှိခဲ့တယ်။ သူတို့ဘက်က တုံ့ပြန်တာကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်နေပါတယ်ပေါ့။ အဓိက ဝမ်ပေါင်ကုမ္ပဏီအနေနဲ့က စစ်ကောင်စီနဲ့ ပူးပေါင်းတယ်။ ဖက်စပ်လုပ်ငန်း ဖြစ်တယ်။ ဒီလုပ်ငန်းတွေကြောင့် စစ်ကောင်စီ က ရပ်တည်နေနိုင်ပြီးတော့ ပြည်သူတွေကို အကြမ်းဖက်မှုတွေ ပြုလုပ်နေနိုင်တာ ဖြစ်တယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ စီးပွားရေးမှန်သမျှကို ချေဖျက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ဆိုသည်။
သယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှုရှိရေး စည်းရုံးလှုံ့ဆော်နေသည့် ဩစတေးလျအခြေ စိုက် Publish What You Pay အဖွဲ့၏ ယမန်နှစ်နိုဝင်ဘာလတွင် ထုတ်ပြန်သည့် အစီအရင်ခံစာအရ ၂၀၂၀-၂၀၂၁ ခုနှစ် အတွင်း တရုတ်ကုမ္ပဏီများ ဖက်စပ်လုပ်ကိုင်နေသည့် လက်ပံတောင်းတောင်ကြေးနီးစီမံကိန်း၊ စံပယ်တောင်နှင့် ကြေး စင်တောင် ကြေးနီစီမံကိန်းများမှ အမေရိကန် ဒေါ်လာ ၆၀၄ သန်းခန့် ဘဏ္ဍာငွေပေးဆောင်ခဲ့ကြောင်း ခန့်မှန်းဖော်ပြခဲ့ သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအား ဝင်ငွေအများအပြားရရှိစေသည့် ကြေးနီးစီမံကိန်းမှ တရုတ်ဝမ်ပေါင် ကုမ္ပဏီနှင့် လက်အောက်ခံကုမ္ပဏီနှစ်ခုအား အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့စာရင်း ထည့်သွင်းခဲ့သည့်အပြင် ယင်း စီမံကိန်းများမှထွက်ရှိသည့် ကြေးနီများကိုလည်း လန်ဒန်သတ္တုဈေးကွက် (LME) တွင် ရောင်းဝယ်ခွင့် မပြုတော့ကြောင်း ကြေညာထားသည်။
လက်ရှိတွင် အဆိုပါ ကြေးနီးစီမံကိန်းများရှိ ဝန်ထမ်းများအနေဖြင့် မေလ ၅ ရက် နောက်ဆုံးထားကာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသကဲ့သို့ စစ်ကောင်စီ ဘက်ကလည်း ကြေးနီစီမံကိန်းများအတွက် လုံခြုံရေးအင်အား တိုးမြှင့်နေသည့်အပြင် ဒေသတွင်းပြည်သူများအပေါ် အထိတ်တလန့်ဖြစ်စေရန် တင်းကျပ်မှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
တရုတ်ကြေးနီစီမံကိန်းများ ဆက်လုပ်ပါက တိုက်ခိုက်မည်ဟု PDF များ သတိပေး
ဦးပိုင်နှင့် တရုတ်ဝမ်ပေါင် ဖက်စပ်ကုမ္ပဏီက ပို့ကုန်ရငွေ ဒေါ်လာသန်း ၁၀၀ ကျော် စာရင်းရှင်းရန် ပျက်ကွက်
ကြေးနီနှင့် ကျွန်းသစ်ရောင်းပြီး စစ်ကောင်စီ ငွေရှာဦးမည်