စစ်ကောင်စီက ဈေးကွက် လိုအပ်ချက်အရ သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာငွေ လိုသလောက် ထုတ်ရောင်းပေးနိုင်ခြင်း မရှိသဖြင့် ဈေးကွက်အတွင်း စက်သုံးဆီ ဝင်ရောက်မှုနည်းပါးပြီး ဆီရှားပါးမှု ဖြစ်ပေါ်နေသည်။
ပြီးခဲ့သည့် ဧပြီ ၃ ရက်က ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရသော ဝင်ငွေများကို အမေရိကန် ၁ ဒေါ်လာ မြန်မာကျပ်ငွေ ၁၈၅၃ ကျပ်ဖြင့် လဲလှယ်ရောင်းချရမည်ဟု ဗဟိုဘဏ်က သတ်မှတ်ပြီးနောက် ထိုနှုန်းထားနှင့်အညီ သွင်းကုန်များဖြစ်သော စက်သုံးဆီကိုလည်း ရည်ညွှန်းဈေးနှုန်းဖြင့်သာ ဈေးကွက်ဖွင့်ရောင်းချရန် လုပ်ဆောင်စေခဲ့သည်။
သို့သော် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၏ ဒေါ်လာငွေ လိုအပ်မှုကို ဈေးကွက်လိုအပ် သလောက် စစ်ကောင်စီ၏ ဗဟိုဘဏ် ဘက်မှ ရောင်းချပေးနိုင်ခြင်း မရှိသဖြင့် ပြည်ပမှ တင်သွင်းသော စက်သုံးဆီမှာ လိုသလောက် ဝယ်ယူ၍ မရဘဲ ဖြစ်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ပြည်တွင်း စက်သုံးဆီ တင်သွင်းရောင်းချနေသော ကုမ္ပဏီတခုမှ တာဝန်ရှိသူ တဦးက “အခု ဆိုင်တော်တော်များများက ဆီမရှိတဲ့ ဆိုင်များပြီး လာဝယ်ရင် မရှိဘူးပဲ ပြောရတာပေါ့။ ဆိုင်တွေက အရင်တုန်းကတော့ အမျိုးအမည် ၄ မျိုးနဲ့ ရောင်းတယ်။ အခု တချို့ဆိုင်က ၂ မျိုးလောက်ပဲ ရောင်းတော့တယ်။ ရတာ ထိန်းရောင်း အဲ့လိုမျိုး ဖြစ်နေတယ်။ သင်္ဘောလည်း အဝင်နည်းနေတယ်။ ဒေါ်လာက အစည်းအဝေး ဘာညာနဲ့ ဆုံးဖြတ်ပြီး ချပေးတာဆိုတော့ ကျနော်တို့ဆိုလည်း သွင်းချင်လို့ လျှောက်တာပဲ တခါတလေကျတော့ ပါမလာဘူး ဖြစ်တယ်။ နောက် ကိုယ်နဲ့ အတူတူသင်္ဘောဆီတင်ထားတဲ့ကုမ္ပဏီက ကိုယ်ပါပြီး သူမပါရင်လည်း ဒုက္ခက ရောက်ပြန်ရော။ ကိုယ်တယောက် သွင်းရတာ မဟုတ်သလို အများနဲ့ ပေါင်းသွင်းရတာ ဆိုတော့ ဥပမာ ၅ ခုက သွင်းမယ်ဆိုရင် ၄ ခုက ဒေါ်လာ ဝယ်လို့ ရပြီ ၁ ခုကျန်လည်း စောင့်ရတာပဲလေ။ အဲ့ဒီတော့ အဝင်နည်းပြီး ဆီရှားသွားတာ”ဟု ဧရာဝတီသို့ အတည်ပြုသည်။
ပြည်ပမှ ဈေးကွက်လိုအပ်ချက်အရ ဆီတင်သွင်းလိုသော်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာ ကန့်သတ်ထားခြင်းကြောင့် လိုအပ်သလောက် ဒေါ်လာ မရရှိဘဲ ဆီတင်သင်္ဘောများ အဝင်နည်းပါးလာပြီး ဈေးကွက်အတွင်း စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည်ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ခါတိုင်း သင်္ဘော ၄၊ ၅၊ ၆ စီး ဝင်နေရာက အခု ၂၊ ၃ စီးတောင်မနည်းကို ဖျစ်ဖျစ်မည်အောင် သွင်းနေရတယ်။ ဒေါ်လာ ရလို့ ရောင်းတဲ့ ကုမ္ပဏီကျတော့လည်း ကိုယ့်ဆိုင်မှာ ဆီမပြတ်စေရေးအတွက် ရောင်းနေရတော့ တခြားအတွက် လက်ကားဈေးဘက်ကို မရောင်းပေးနိုင်တော့ဘူး။ အဲ့လိုဖြစ်နေတာ။ ဒီတော့ လက်ကားဈေးကွက်က ပိတ်သလို ဖြစ်နေတာ။ ဆီက ဝယ်ချင်တိုင်း ဝယ်လို့ မရဘူး”ဟု လက်ရှိ ဈေးကွက် အခြေအနေကို ပြောပြသည်။
နောက်ထပ် စက်သုံးဆီ တင်သွင်းရောင်းချနေသော ကုမ္ပဏီတခုမှ တာဝန်ရှိသူ တဦးကလည်း ပြည်တွင်း၌ ဒေါ်လာငွေ ရှားပါးလာသောကြောင့် ယခင်က ၁ လ ဆီတင် သင်္ဘော ၅ စီး (စက်သုံးဆီ တန်ချိန် ၁ သိန်း) ဝင်ရောက်လျှင် ယခုအချိန်တွင် သင်္ဘော ၂ စီး (စက်သုံးဆီတန်ချိန် ၄ သောင်း) ဝင်လျှင်ပင် ပေးချေစရာ ဒေါ်လာ မရှိသဖြင့် ဆီမချပဲ ရပ်ထားရသည့် အခြေအနေဖြစ်နေကြောင်း ရှင်းပြသည်။
“အခုကတော့ ဒေါ်လာ ရှားပါးလို့ ဆီမလုံလောက်တာပေါ့။ သင်္ဘောအဝင်က အရင် ၅ ပုံ ၂ ပုံစာလောက်ပဲ အခုက ဝင်တယ်။ သင်္ဘောကလည်း ဒေါ်လာငွေ ပေးမချေနိုင်လို့ ဆီမချနိုင်ဘူး။ ဈေးကွက်မှာက အခုက ပုံမှန်ဝယ်လိုအား ရှိလာပြီ။ ဒါကြောင့် လိုသလောက် မရတော့ ဆီရှားပြီး ပြတ်နိုင်တယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ပြည်တွင်း စက်သုံးဆီတင်သွင်းသည့် BOC၊ Denko အစရှိသည့် ကုမ္ပဏီကြီး ၁၃ ခုကို ဒေါ်လာငွေ ချပေးခြင်းများရှိသော်လည်း ၎င်းတို့ပင် လိုအပ်သလောက် မရသဖြင့် လက်လီသမားများကို ပြန်လည် ရောင်းချနိုင်ခြင်း မရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ထို့ကြောင့် တချို့ရက်များတွင် ဈေးကွက်တွင်း စက်သုံးဆီ ဈေးနှုန်းများ တင်ထားသော်လည်း အရောင်းအဝယ်မရှိသည့် ပုံစံမျိုးသာ ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
မေလ ၁၆ ရက် ပြည်တွင်း စက်သုံးဆီ လက်လီရောင်းဈေးများမှာ ဓာတ်ဆီ ၉၂ တလီတာ ၂၀၉၀ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာ ၂၁၅၀ ကျပ်၊ ဒီဇယ် တလီတာ ၂၂၆၀ ကျပ်နှင့် ပရီမီယမ် တလီတာ ၂၂၈၅ ကျပ် တို့ဖြင့် ရောင်းနေပြီး ဈေးနှုန်းများမှာ တိုင်းနှင့်ပြည်နယ် မြို့နယ်များအလိုက် အပြောင်းအလဲများ ရှိနိုင်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဧပြီလ ၂၀ ရက်နေ့မှ စတင်ပြီး ပြည်တွင်း စက်သုံးဆီ တင်သွင်း ရောင်းချသူများကို သတ်မှတ်ရည်ညွန်းဈေးများဖြင့်သာ ရောင်းချရန် ကြေညာခဲ့ပြီး ယင်း သတ်မှတ်ဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဓာတ်ဆီ ၉၂ တလီတာ ၁၉၉၅ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာ ၂၀၄၅ ကျပ်၊ ဒီဇယ် တလီတာ ၂၂၀၅ ကျပ်နှင့် ပရီမီယမ် ဒီဇယ်တလီတာ ၂၂၃၅ ကျပ် နှုန်းနှင့်ကြေညာထားကာ တိုင်းနှင့်ပြည်နယ်အလိုက် ဈေးနှုန်းများကို သတ်မှတ်ထားကြောင်း သိရသည်။
တက်စီယာဉ်မောင်း တဦးက “ကျနော်တို့ကတော့ ဆီရမယ်ဆိုတဲ့ ဆိုင်ကိုပဲ ဦးစားပေး ရွေးပြီး သွားထည့်ရတာပေါ့။ အရင်လို ကိုယ်သွားနေတဲ့ နေရာမှာ နီးစပ်ရာမှာ ထည့်ဖို့က မလွယ်ဘူး။ အခု ရန်ကုန်မှာတော့ ဝယ်လို့ရနေသေးတယ်။ နယ်ဘက်တွေတော့ မပြောတတ်ဘူး။ ဆီဈေးကတော့ မြင့်နေတာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
ဆေးဝါးတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထား
ဆီထွက်သီးနှံ ပြည်ပတင်ပို့မှု ပိတ်သဖြင့် စားသုံးဆီဈေးကွက် မတည်ငြိမ်ဖြစ်နေ
ထိုင်း လောင်စာဆီဈေးမြင့်တက်မှုကြောင့် ထိုင်းကုန်ပစ္စည်းများ ဈေးတက်လာနိုင်
ကျပ် နှစ်သောင်းတန် ငွေစက္ကူ ဗဟိုဘဏ် ရိုက်ထုတ်မလား
လောင်စာဆီအခက်ခဲ စားသုံးသူကို အကျပ်အတည်းဖြစ်စေ