ပြည်တွင်း စက်သုံးဆီလုပ်ငန်းတချို့က ဆီလက်ကျန်နည်းပါးခြင်းကြောင့် အရောင်း ခေတ္တရပ်နားရန် ယနေ့ မနက်ပိုင်း၌ ကြေညာချက်များ ထွက်လာပြီးနောက် ဆီသင်္ဘောများ အဆက်မပြတ် ဝင်ရောက်လာကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။
စက်သုံးဆီ သင်္ဘောများ အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး ပင်လယ်ဝတွင် သင်္ဘော ၄ စီးလည်း ထပ်မံ ဝင်ရောက်လာပြီဖြစ်ကြောင်း ယနေ့ (မေလ ၁၉ ရက်) ညနေပိုင်းတွင် MPTA က ထုတ်ပြန်ခဲ့ခြင်းက လက်လီဆိုင်များတွင် ပြတ်လပ်နေသော စက်သုံးဆီများအား မည်မျှပြန်လည်ဖြည့်တင်းပေးနိုင်မည်မှာ မရေရာပေ။
ယနေ့ (မေလ ၁၉ ရက်) တွင် စက်သုံးဆီ တန်ချိန်ပေါင်း ၁၆၄၀၀ တင်ဆောင်ထားသော MT Beluga Pacific သင်္ဘော၊ တန်ချိန်ပေါင်း ၁၇၂၀၀ တင်ဆောင်လာသော MT YuDong သင်္ဘော၊ တန်ချိန်ပေါင်း ၂၀၀၀၀ တင်ဆောင် လာသော Aberlour သင်္ဘောများ ဆိပ်ကမ်း၌ ဆီချလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်တွင်း စက်သုံးဆီ ဖြန့်ဖြူး ရောင်းချသည့် DENKO ကုမ္ပဏီက စက်သုံးဆီ ပြတ်လပ်လာသောကြောင့် မိတ်ဆွေ ကုမ္ပဏီများထံမှာ ချေးငှား ရောင်းချနေရကြောင်း၊ လက်ကျန်ကုန်ပါက စက်သုံးဆီဆိုင် ၃၈ ဆိုင်ကို အရောင်း ခေတ္တ ရပ်နားမည်ဟု ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ထားသည့် စာတစောင် ယနေ့ မနက်ပိုင်း၌ ထွက်ပေါ်လာခဲ့သည်။
သို့သော် ညနေပိုင်းတွင် DENKO လုပ်ငန်းစုက စက်သုံးဆီသင်္ဘောများ ရောက်ရှိပြီဖြစ်၍ စက်သုံးဆီများကို အခက်အခဲ မရှိ အပြည့်အဝ ရောင်းချပေးလျက်ရှိကြောင်း ထပ်မံ ကြေညာထားပြန်သည်။
ထိုသို့ ကြေညာချက်များ အမျိုးမျိုး ထုတ်ပြန်နေကြသော်လည်း မြေပြင်တွင် စက်သုံးဆီ ဝယ်ယူတင်သွင်းနေသော ကုမ္ပဏီများက လိုအပ်သလောက် ဝယ်ယူတင်သွင်းရန် ဗဟိုဘဏ်မှ ဒေါ်လာဝယ်ယူရရှိနိုင်ရေး မလွယ်ကူကြောင်း လုပ်ငန်းရှင်အများစုက ဆိုကြသည်။
စစ်ကောင်စီက ပြည်တွင်းရှိ အမေရိကန်ဒေါ်လာ ဈေးနှုန်းကို ထိန်းချုပ်ထားပြီး သွင်းကုန်လုပ်ငန်းရှင်များအတွက် ဈေးကွက်၏လိုအပ်ချက်အရ တင်သွင်းသည့် ပမာဏနှင့် တူညီသော ဒေါ်လာကို ထုတ်ပေးနိုင်ခြင်း မရှိပေ။
ထို့ကြောင့် စက်သုံးဆီ ထောက်ပံ့ရေး လမ်းကြောင်းတွင် ပိတ်ဆို့ကုန်ကာ တချို့ဆီဆိုင်များတွင် ဆီလက်ကျန် နည်းပါးခြင်း၊ တချို့ဆိုင်များက စက်သုံးဆီ ၄ မျိုး ရောင်းချရသော် လည်း ဓာတ်ဆီ ၉၂ နှင့် ၉၅ မှာ ပြတ်လပ်နေသဖြင့် အရောင်း ပိတ်ထားသည်အထိ ဖြစ်ပေါ်လျက်ရှိသည်။
ပြည်တွင်း စက်သုံးဆီ တင်သွင်းရောင်းချနေသော ကုမ္ပဏီတခုမှ တာဝန်ရှိသူ တဦးက “ဒီမှာကတော့ ဈေးကွက်ကို ထိန်းချုပ်ထားတော့ ပိုဆိုးတာပေါ့။ ဆီလက်ကျန်က တော်တော်ကြီးကို ရှားနေပြီ။ အခု ဆီရောင်းရဖို့အရေး ဈေးပို ပေးပြီး လက်ကားမှာ ဝယ်နေရတာလည်း ရှိတယ်။ လက်ကျန်က နည်းနေတယ်။ လောလောဆယ်မှာတော့ ရောက်နေတဲ့ သင်္ဘောတွေတော့ ရှိတယ်။ ဒါပေမယ့် ပိုက်ဆံ ရပြီဆိုမှ သင်္ဘောကလည်း ဆီချပေးမှာလေ” ဟု လက်ရှိ အခြေအနေကို ဧရာဝတီကို ပြောပြသည်။
ဈေးကွက် ဝယ်လိုအား ရှိနေသော်လည်း လိုအပ်သလောက် စက်သုံးဆီ တင်သွင်းမှု မပြုလုပ်နိုင်သောကြောင့် အခက်အခဲများ ဖြစ်ကြောင်း၊ တချို့ဆီဆိုင်များမှာ အရောင်းပိတ်သည့်ဆိုင်များလည်း ရှိလာကြောင်း ၎င်းက ဆိုသည်။
စက်သုံးဆီ တင်သွင်းသူများအနေနှင့် တင်သွင်းလိုသော ပမာဏနှင့် ကိုက်ညီသည့် အမေရိကန်ဒေါ်လာကို စစ်ကောင်စီ၏ နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီသို့ တင်ပြပြီး ၎င်းတို့ သတ်မှတ်သည့် ခွဲတမ်းကိုသာ တင်သွင်းရသဖြင့် ဈေးကွက်ကို မလိုက်နိုင်ဘဲ ဆီပြတ်လပ်မည့် အခြေအနေ ဖြစ်လာကြောင်း ဆိုကြသည်။
စက်သုံးဆီ တင်သွင်းနေသူ တဦးက “အခု ဒေါ်လာကို ရှာလို့ မရသလို ကိုယ်တင်သွင်းချင်တဲ့ဟာကို ဗဟိုဘဏ်က တဆင့် ဒီလောက်ချပေးပါ ဆိုပြီး လျှောက်ရတာ။ သူတို့ ချပေးမှ ရတယ်။ အခုလို မထိန်းချုပ်ခင်က လိုတဲ့ ဒေါ်လာကို ကိုယ့်ဘာသာ အပြင်မှာ ဝယ်လို့ ရတယ်။ ဘယ်သူ့ဆီကပဲ ဝယ်ဝယ် ဒေါ်လာဖြစ်ပြီးရော စုထားလို့ ရတယ်။ ကိုယ်လိုတဲ့ ပမာဏရရင် ဆီမှာလို့ ရတယ်။ ဒီကနေ ပိုက်ဆံလွှဲတာနဲ့ ရောင်းတဲ့ကုမ္ပဏီက ဆီတင်ပေးလိုက်ရင် ရပြီ။ အခုကတော့ အဲဒီလို မဟုတ်တော့ဘူး။ သူတို့က ရှိတဲ့ ဒေါ်လာ အကုန်လုံးကို ၁၈၅၀ ကျပ်နဲ့ ဖြတ်ပြီး သိမ်းလိုက်တော့ ခက်ခဲသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
လုပ်ငန်းရှင်က တင်သွင်းလိုသော ပမာဏနှင့် လိုအပ်သော ဒေါ်လာငွေကို အဆင့်ဆင့် လျှောက်ထားရပြီး စစ်ကောင်စီ၏ နိုင်ငံခြားငွေ ကြီးကြပ်မှု ကော်မတီက အစည်းအဝေး ထိုင်ပြီးမှသာ သတ်မှတ်ထားသည့် ပမာဏကို ချထားပေးသဖြင့် ၎င်းတို့ အစည်းဝေး မပြီးမချင်း စောင့်ဆိုင်းရသလို မည်သည့်အချိန် ရရှိမည်လည်း မသိသောကြောင့် လုပ်ငန်းစဉ်မှာ ပို၍ ခက်ခဲသွားကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “အရင်က တဖက်က ကုမ္ပဏီတွေကလည်း ဆီတင်သွင်းတဲ့အခါ ဘဏ်က အာမခံပေးတာ ဆို တော့ သင်္ဘောတွေကို လွှတ်ပေးတယ်။ ဒီရောက်လို့ ဆီဖိုး မကြေသေးလည်း သင်္ဘောက စောင့်ပေးတယ်။ အခုက ပြောင်းသွားပြီ။ တဖက်ကုမ္ပဏီကလည်း သူတို့ဆီကို ငွေလွှဲပြီးမှသာ သင်္ဘောတွေကို ဆီ စဖြည့်ပေးတယ်။ အဲဒီတော့ အချိန်တွေ ကြာပြီး ဆီက ပြတ်လပ်ကုန်တာ” ဟု ဆိုသည်။
ဆီသင်္ဘောများ ရောက်ရှိလာကြောင်း MPTA က ထုတ်ပြန်ထားသော်လည်း အဆိုပါ ဆီများ အမှန်တကယ် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ မရှိကို မဖော်ပြထားပေ။
ထို့ပြင် MPTA က အသေးစားနှင့် အလတ်စား စက်သုံးဆီဆိုင်များကို အချိုးကျစနစ်နှင့် မေလ ၁၈ ရက်မှ စတင်ကာ တနိုင်ငံလုံးရှိ ဝယ်ယူခွင့်ရှိသော စက်သုံးဆီ ဆိုင်ပေါင်း၂၆၀ ကျော်ကို ဆိုင်တဆိုင်လျှင် ရိုးရိုးဒီဇယ်ဆီ ၈၉၀၀ လီတာ၊ ဓာတ်ဆီ ၉၂ ကို ၁၇၀၀ လီတာနှင့် ဓာတ်ဆီ ၉၅ ကို ၁၇၀၀ လီတာနှုန်းစီ ဝယ်ယူခွင့်ပေးမည် ဖြစ်ကြောင်း သတ်မှတ် ကြေညာထားသေးသည်။
ဝယ်ယူခွင့်ရသော ဆီဆိုင်များအနေနှင့် စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ (PPRD) က သတ်မှတ်ထားသည့် ဈေးနှင့် မေလ ၂၅ ရက် နောက်ဆုံးထား ဝယ်ယူရမည်ဖြစ်ပြီး လတ်တလောတွင် စက်သုံးဆီဈေးမှာ စစ်ကောင်စီ၏ ရည်ညွန်းဈေးမှာပင် တလီတာ ကျပ် ၂၂၀၀ ကျော်အထိ မြင့်တက်နေသဖြင့် လက်လီဆိုင်များ ဝယ်ယူရန် အခက် တွေ့နေရသည်။
ထို့ပြင် စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဧပြီလ ၂၀ ရက်မှ စပြီး ပြည်တွင်း စက်သုံးဆီ တင်သွင်း ရောင်းချသူများကို သတ်မှတ် ရည်ညွန်းဈေးများဖြင့်သာ ရောင်းချရန် ကြေညာခဲ့ပြီး ယင်းသတ်မှတ်ဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဓာတ်ဆီ ၉၂ တလီတာ ၂၂၁၀ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာ ၂၂၈၀ ကျပ်၊ ဒီဇယ်နှင့် ပရီမီယမ် ဒီဇယ်တလီတာ ၂၂၂၅ ကျပ် နှုန်းနှင့်ကြေညာထားကာ တိုင်းနှင့်ပြည်နယ်အလိုက် ဈေးနှုန်းများကို သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းရှိ တချို့ စက်သုံးဆီဆိုင်များတွင် ယနေ့ (မေလ ၁၉ ရက်) တွင် ဓာတ်ဆီ ၉၂ တလီတာ ၂၂၁၀ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာ ၂၂၈၀ ကျပ်နှင့် ဒီဇယ် ၂၂၀၀ ဈေးနှုန်းများ ကပ်ထားသော်လည်း ပရီမီယမ် ဒီဇယ်ဈေးနှုန်းမှာ ဖော်ပြထားခြင်း မရှိကြောင်း တွေ့ရသည်။
စက်သုံးဆီ ၄ မျိုးတွင် ဆီပြတ်လပ်ခြင်းမှာ တဆိုင်နှင့်တဆိုင် မတူကြောင်း တချို့ဆိုင်များတွင် ပရီမီယမ် ဒီဇယ်ဆီ ပြတ်သလို တချို့ဆိုင်များတွင် ဓာတ်ဆီပြတ်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။
ရန်ကုန်မြို့တွင်း တက်စီယာဉ်မောင်း တဦးက “ဈေးတွေက တနေ့တနေ့ အတက်ပဲ ရှိနေလို့ ရေထည့် မောင်းရမယ့် အခြေအနေ ဖြစ်နေတယ်။ တချို့ဆီဆိုင်တွေက 92၊ 95 မရတော့ဘူး။ ပြတ်လပ်လို့ အရောင်း ပိတ်ထားတယ်။ တချို့ ဆိုင်တွေ 92 95 အရောင်းပိတ်ထားတာက နှစ်ရက်လောက် ရှိနေပြီ။ ဝယ်ရတာကတော့ ပုံမှန်အတိုင်းပဲ တန်းစီပြီး ဝယ်ရတာတော့ လောလောဆယ် မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီက နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီကို ယခု မေလ အတွင်းက ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ပြည်ထောင်စုစာရင်း စစ် ချုပ် ဒေါက်တာကံဇော်၊ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန ဦးအောင်နိုင်ဦးတို့ ပါဝင်သည်။
ယင်းကော်မတီက နိုင်ငံအတွင်းရှိ ကုန်ထုတ်လုပ်မှု လုပ်ငန်းများက လိုအပ်သည့် စက်ပစ္စည်းများ၊ ယာဉ်များ၊ အသုံး အဆောင်များ၊ ကုန်ကြမ်းများ အပါအဝင် ပြည်သူများ နေ့စဉ် လိုအပ်သော စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ဓာတ်မြေ ဩဇာမှအစ သွင်းကုန် မှန်သမျှအား ၎င်းတို့ ခွင့်ပြုချက်ရမှသာ ခွဲတမ်းနှင့် တင်သွင်းရန် ထိန်းချုပ်ထားသည်။
ထိုသို့ ထိန်းချုပ်ထားမှုများကြောင့် ဈေးကွက်အတွင်း မလိုလားအပ်သည့် အခက်အခဲများ ဖြစ်ပေါ်လာသည့်အပြင် ကုန်ပစ္စည်းရှားခြင်း၊ ကုန်ဈေး ကြီးမြင့်လာခြင်းတို့ကို ဖြစ်လာကြောင်း လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။
You may also like these stories:
စစ်ကောင်စီ ထိန်းချုပ်မှုကြောင့် စက်သုံးဆီ ရှားပါးနေ
ဆေးဝါးတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထား
လိုင်စင်ရှိမှ ရွှေအတုံးအခဲ ရောင်းဝယ်ရန် ရန်ကုန်ရွှေအသင်းသတ်မှတ်
ဆီထွက်သီးနှံ ပြည်ပတင်ပို့မှု ပိတ်သဖြင့် စားသုံးဆီဈေးကွက် မတည်ငြိမ်ဖြစ်နေ