ပြည်တွင်း စက်သုံးဆီဆိုင်များမှ အရောင်း ရပ်နားထားခြင်း၊ အကန့်အသတ်နှင့်သာ ရောင်းချခြင်း၊ စက်သုံးဆီ လိုသလောက် ဝယ်ယူ၍ မရတော့သဖြင့် အသေးစားနှင့် အလတ်စား SME လုပ်ငန်းတချို့ လည်ပတ်ရန် ခက်ခဲလာကြောင်း သိရသည်။
စစ်ကောင်စီက နိုင်ငံခြား ငွေကြေးဈေးကွက်ကို ထိန်းချုပ်လိုက်သည့်နောက်ပိုင်း စက်သုံးဆီ တင်သွင်းသူ လုပ်ငန်းရှင်များအနေနှင့် လိုသလောက် တင်သွင်းခွင့် မရတော့သဖြင့် တင်သွင်းမှု နည်းပါးသွားပြီးနောက် ပြည်တွင်းသုံးစွဲမှုကို လုံလောက်အောင် ဖြန့်ဖြူးနိုင်ခြင်း မရှိတော့သည့် အခြေအနေတွင် ရှိနေသည်။
SME စီးပွားရေးလုပ်ငန်းရှင် တဦးက “အခုက ဆီဈေးတက်တာ မဟုတ်ဘူး။ ဝယ်လို့ကို မရတော့တာ။ ရန်ကုန်၊ မန္တလေးမှာ ပုံးနဲ့ သွားဝယ်ရင် မရတော့ဘူး။ BOC တို့ Denko တို့မှာ ဝယ်မရတော့ တခြား အပြင်ဆိုင် တွေမှာ ဒီဇယ်တလီတာ ၃၅၀၀ ကျပ်လောက်နဲ့ စုပြီး ဝယ်ရတဲ့အခြေအနေ ဖြစ်သွားတယ်။ အရမ်းကို လုပ်ရကိုင်ရခက် သွား တယ်။ လျှပ်စစ်မီး မမှန်တော့ မီးစက်ကို အားကိုးရတယ်။ မီးစက်သုံးတော့လည်း ဆီမရတော့ အခက်တွေ့ ကုန် တာ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုအခြေအနေများကြောင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများဖြစ်သော ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ကြာဇံ လုပ်ငန်းများ၊ ရေသန့် လုပ်ငန်းများ၊ မုန့်ဖတ်လုပ်သည့် လုပ်ငန်းများ၊ အိမ်သုံးဆေးဝါး မြန်မာဆေး ထုတ်လုပ်သည့် လုပ်ငန်းများ၊ လက်ဖက်လုပ်ငန်းများ အစရှိသဖြင့် လုပ်ငန်းများမှာ ယခင်က လုပ်ငန်းလည်ပတ်ချိန်ထက် အလုပ်ချိန်များ လျှော့ချရခြင်း၊ လုပ်သား အင်အားများ လျှော့ချရခြင်းများ ပြုလုပ်လာရကြောင်း ၎င်းက ဆိုသည်။
မန္တလေးမြို့ရှိ လက်ဖက်လုပ်ငန်းရှင် တဦးက “ကျနော်တို့ လမ်းထဲက အသေးစား လုပ်ငန်းတွေ တော်တော်များများ ရှိတယ်။ အကုန် ရပ်ထားရတယ်။ ဒီ ဆီဈေးနဲ့ မလည်နိုင်လို့ ညဘက် မီးလာတဲ့ အချိန်စောင့်ပေါ့။ လည်ပတ်မှုတွေ လျှော့ချရတာ” ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင်ပင် တရက်လျှင် လျှပ်စစ်မီးပျက်ချိန်မှာ ၁၂ နာရီ ဝန်းကျင် တောက်လျှောက် မီးပျက်လျက်ရှိသလို မီးလာမည်ဟု ပြောထားသည့် အချိန်များတွင်လည်း ဓာတ်တိုင်လဲခြင်း၊ ဓာတ်ကြိုးပြင်ခြင်း၊ သစ်ပင်ခုတ် ခြင်း အစရှိသည့် အကြောင်းပြချက်များကြောင့် မီးပျက်နေသည်က များပြီး အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များမှာ မီးစက်ကို အားထား လည်ပတ်နေရသည့်အချိန်တွင် စက်သုံးဆီ ဝယ်ယူ၍ မရခြင်းက လုပ်ငန်းများ ပြိုလဲ မည့် အခြေအနေနှင့် ထပ်မံ၍ ရင်ဆိုင်လာရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ပျက်မယ့်အချိန်က အတိအကျ မီးပျက်တယ်။ လာမယ့်အချိန် ၄ နာရီလောက်မှာ ပျက်လိုက် လာလိုက်က အကြိမ်ရေ ၂၀ လောက်ဖြစ်တော့ စက်ပစ္စည်းတွေက ပျက်စီးကုန်တယ်။ အဲဒီတော့ မီးစက်ကို အားကိုးရ တယ်။ အခုကျတော့ စက်သုံးဆီဈေးက အဆမတန်တက်သလို ဆီက ဝယ်လို့ မရ။ ကျနော်ဆို ဒီနေ့ တနေကုန် ဘာမှ လုပ်မရဘူး။ မနက်ထဲက မီးပျက်လို့ စက်သုံးဆီ လိုက်စုဝယ်နေရတာ။ လက်ဖက်စိမ်းတွေက ရောက်ပြီ။ စက်ကလည် မရတော့ နေလှမ်းခြောက်တွေနဲ့ပဲ ထုတ်ရတယ်။ အဲဒီတော့ အလုပ်အကိုင်တွေ ဆုံးရှုံးကုန်တာပေါ့” ဟု ဆိုသည်။
တချို့ စက်သုံးဆီဆိုင်များမှာ ကျပ် ၁ သောင်းဖိုး ရောင်းပေးခြင်း၊ တချို့ ဆိုင်များက ဝယ်ယူ၍ မရခြင်း အစရှိသည့် အခြေအနေများကြောင့် ယခင်က လက်ဖက် အသေးစား လုပ်ငန်းတခု တပတ်လုံး လည်ပတ်နေရာမှ ယခုအခါ တပတ်ကို နှစ်ရက်ဝန်းကျင်သာ လည်ပတ်နိုင်သည့် အခြေအနေထိ ဖြစ်လာသည်ကြောင်း ၎င်းထံမှ သိရသည်။
ယခုအချိန်တွင် စက်သုံးဆီလည်း ဝယ်ယူ၍ မရသဖြင့် အသေးစား လုပ်ငန်းများအနေဖြင့် အော်ဒါအမှာများ ရှိမှသာလျှင် လုပ်ငန်းလည်ပတ်ရသည့် အခြေအနေသို့ ရောက်ရှိသွားပြီး အဓိကအားဖြင့် စက်သုံးဆီကိုသာ စုဆောင်းနေရသည့် အခြေအနေ ဖြစ်သွားကြောင်း လုပ်ငန်းရှင်များက ပြောသည်။
မန္တလေးမြို့ရှိ အသေးစား လုပ်ငန်းရှင်တဦးက “အရင်က ကြိုလုပ်ပေမယ့်။ အခုက အော်ဒါ ကျလာရင် ပေးနိုင်ဖို့အတွက် စက်သုံးဆီကို ကြိုစုရသလို ဖြစ်သွားတာ။ အခုလည်း ဒီဇယ်လိုက် ဝယ်နေတာ ဟိုဆိုင်က တဂါလံ ဒီဆိုင်က တဂါလံနဲ့ ဒီမနက် ၁၀ နာရီလောက်ထဲက ထွက်တာ အခု နေ့လယ် ၁၂ နာရီကျော်မှ ပုံး တပုံး ရလာတယ်” ဟု ပြော သည်။
စက်သုံးဆီဆိုင်ကြီးများမှာ ပုံးများဖြင့် လာရောက် ဝယ်ယူလျှင် ရောင်းချခြင်း မရှိသောကြောင့် လုပ်ငန်းရှင်များက အပြင်ဆိုင်များကသာ ဈေးပိုပေး၍ ဝယ်ယူရသည့် အခြေအနေ ဖြစ်သည်။
ရန်ကုန်မြို့ စက်မှုဇုန်တခုရှိ ရေသန့် လုပ်ငန်းရှင်တဦးက “အခုဆိုရင် ဓာတ်ဆီ 92 ဆိုလည်း၂ သောင်းဖိုး လောက်ပဲ ဝယ်လို့ ရမယ်။ ဒီဇယ်ဆိုရင်လည်း ၅ သောင်းဖိုးလောက်ပဲ ရတယ်။ မီးစက်ကတော့ နှိုးရတာပေါ့။ ဆီဈေးနဲ့ ကုန်ဈေး နှုန်းတက်လို့ ရေသန့်စက်ရုံတွေကတော့ ရေသန့်ဗူးခွံတခုကို အရင်ထက် ကျပ် ၁၀၀၀ ကနေ ကျပ် ၁၅၀၀ လောက် ထိ တက်သွားတယ်။ အခုကတော့ လုပ်ငန်းတော့ မရပ်ဆိုင်းသေးဘူး။ ရောင်းအားကျတယ်။ ဝန်ထမ်းတွေ လျှော့ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဧပြီလ၂၀ ရက်မှ စတင်၍ ပြည်တွင်း စက်သုံးဆီ တင်သွင်း ရောင်းချသူများကို သတ်မှတ်ဈေးများဖြင့်သာ ရောင်းချရန် ကြေညာခဲ့ပြီး ယင်းသတ်မှတ်ဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဓာတ်ဆီ ၉၂ တလီတာ၂၂၅၅ ကျပ်၊ ဓာတ်ဆီ 95 တလီတာ ၂၃၄၀ ကျပ်၊ ဒီဇယ် တလီတာ ၂၃၅၅ ကျပ်နှင့် ပရီမီယမ် ဒီဇယ်တလီတာ၂၃၅၅ ကျပ် နှုန်းနှင့် ကြေညာထားကာ တိုင်းနှင့် ပြည် နယ်အလိုက် ဈေးနှုန်းများကို သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် ထိုဈေးနှုန်းထက် ပို၍ ရောင်းချနေကြ ကြောင်း သိရသည်။
စက်သုံးဆီ တင်သွင်းသူများအနေနှင့် တင်သွင်းလိုသော ပမာဏနှင့် ကိုက်ညီသည့် အမေရိကန်ဒေါ်လာကို စစ်ကောင်စီ၏ နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီသို့ တင်ပြပြီး ၎င်းတို့ သတ်မှတ်သည့် ခွဲတမ်းကိုသာ တင်သွင်းရသဖြင့် ဈေးကွက်ကို မလိုက်နိုင်ဘဲ ဆီပြတ်လပ်လာကြောင်း ဆိုကြသည်။
You may also like these stories:
အမိန့်ပေး ထိန်းချုပ်ရေးကြောင့် တိုင်းပြည် စီးပွားပျက်ရုံသာ
သင်္ဘောများ ရောက်လာဟု ဆိုသော်လည်း ဆိုင်များတွင် စက်သုံးဆီပြတ်နေဆဲ
စစ်ကောင်စီ ထိန်းချုပ်မှုကြောင့် စက်သုံးဆီ ရှားပါးနေ