ဒေသတွင်း စီးပွာရေးမြှင့်တင်ရန်နှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ပြန်လည်စတင်ရန်အတွက် ယခု ဇွန် ၁ ရက်တွင် ထိုင်း-မြန်မာ နယ်စပ်စစ်ဆေးရေးဂိတ်များ ဖွင့်ရန် စီစဉ်ထားသော်လည်း မြန်မာဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသဖြင့် မဖွင့်လှစ်နိုင်တော့ကြောင်း မြန်မာကုန်သည်များထံက သိရသည်။
ပြီးခဲ့သည့် ရက်များအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ နယ်စပ်ဖြတ်သန်းခွင့်ကိုင်ဆောင်ထားသူများအတွက် ချင်းခေါင်၊ မယ်ဆိုင်နှင့် ချင်းဆမ်ခရိုင်တို့ရှိ စစ်ဆေးရေးဂိတ်များကို ယနေ့ ဇွန် ၁ ရက်တွင် ဖွင့်လှစ်ပေးရန် အတွက် ထိုင်း-မြန်မာနယ်စပ်မြို့ ကော်မတီ (TBC ) က သဘောတူလိုက်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။
သို့သော် နယ်စပ်ဂိတ်များ ဖွင့်လှစ်မည်ဆိုပါက နယ်ခြားကော်မတီမှ တဆင့် မြန်မာကုန်သည်များထံသို့ အကြောင်းကြားခြင်းများရှိသောကြောင့် လက်ရှိအချိန်ထိ ထူးခြားမှု တစုံတရာဘဲ အကြောင်းကြားလာခြင်း မရှိဟု ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီရှိ ကုန်သည်များက ဆိုသည်။
အလားတူ မယ်ဆိုင်-တာချီလိတ်၊ ရနောင်း-ကော့သောင်းနှင့် ထီးခီးဂိတ်များလည်း မဖွင့်လှစ်နိုင်ကြောင်း သိရသည်။
ထိုင်းဘက်က ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ၂ စင်းနှင့် နယ်စပ်ဂိတ် ၅ ခု ပြန်လည် ဖွင့်လှစ်ရန် မြန်မာဘက်ကို တရားဝင်ပြောဆိုဆွေးနွေးထားသော်လည်း မြန်မာဘက်က ထိုင်း-မြန်မာနယ်စပ် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ် နေသည်ကို အကြောင်းပြ၍ မြန်မာအာဏာပိုင်များ၏ အမိန့်မရသဖြင့် လူဝင်လူထွက်ပြုလုပ်သော နယ်စပ်ဂိတ်များကို ဖွင့်ပေးဦးမည် မဟုတ်ကြောင်း ကုန်သည်များနှင့် မြဝတီမြို့ခံများက ပြောသည်။
မြဝတီမြို့ လုပ်ငန်းရှင်တဦးက “ထိုင်းဘက်ကတော့ ဖွင့်ချင်နေတာ။ မြန်မာဘက်အခြေအနေကိုပဲစောင့်နေရတာ။ မြန်မာဘက်ကတော့ အထက်အမိန့်မရလို့ပဲ ပြောတယ်။ အဲ့ဒီတော့ ဖွင့်တော့ မမြင်သေးဘူး”ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ်မြို့ ကော်မတီ (TBC) နှင့် နီးစပ်သော သတင်းရင်းမြစ်တခုကမူ ထိုင်းနယ်မြေထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အခြေစိုက် နေထိုင်နေသူများရှိနေသောကြောင့် ဖမ်းပေးရန် မြန်မာဘက်က ထိုင်းဘက်သို့ စာရင်းပေးပို့ထားပြီး “အနောက်နိုင်ငံမှ လူများ ခြေရှုပ်နေ”ကြောင်း ပြောဆိုခြင်းများ ရှိကြောင်းလည်း သိရသည်။
ယင်းသည် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေးနှင့် မည်သို့မည်ပုံ ချိတ်ဆက်နေသည်မှာ မရှင်းလင်းလှသေးသော်လည်း ၁၉၈၈ စစ်တပ်က မြန်မာပြည်တွင် အာဏာသိမ်းအပြီး ထိုင်းနယ်စပ်သို့ ရောက်လာသော ငယ်ရွယ်သူ အတိုက်အခံများအား ထိုင်းက ပြန်လည်ပို့ဆောင်ပေးခဲ့ဖူးပြီး နောက်ပိုင်းတွင် ထိုင်းက မြန်မာပြည်တွင် သစ်ခုတ်ခွင့်နှင့် ငါးဖမ်းခွင့်များ ရရှိသွားခဲ့သော နမူနာများ ရှိသည်။
လတ်တလောတွင်လည်း မြန်မာစစ်အာဏာသိမ်းဆန့်ကျင်သူ အများအပြား ထိုင်းနိုင်ငံဘက်ခြမ်းတွင် ခိုလှုံနေကြပြီး အမေရိကန်ပြည်ထောင်စုအပါအဝင် တတိယနိုင်ငံများကလည်း လာရောက်အခြေချရန် နိုင်ငံရေးခိုလှုံခွင့်ပေးနေကြသည်။ အထူးသဖြင့် အမေရိကန်အစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရမှ ကိုယ်စားလှယ်များကို ပေါ်ပေါ်တင်တင် ထောက်ခံလာပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာအတိုက်အခံများနှင့် ဒုက္ခသည်များကို ကူညီရန် ထိုင်းအစိုးရနှင့်လည်း အကြိမ်ကြိမ် ဆွေးနွေးနေခဲ့သည်။
အဆိုပါ ထိုင်း-မြန်မာ နယ်စပ်ဂိတ်များကို ၂၀၂၀ ခုနှစ် မတ်အတွင်းမှ စတင်ပြီး ကိုဗစ်ကပ်ရောဂါ ကြောင့် ကုန်စည်စီးဆင်းမှုကို လက်ခံသော်လည်း လူဝင်လူထွက်ကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခု ၂ နှစ်ကျော်ကြာမြင့်ချိန်တွင် တံတားနှင့် နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ထိုင်းနိုင်ငံဘက်က ယခုနှစ် ဧပြီလမှ စတင်ပြီး ကြိုးစားခဲ့ခြင်း ဖြစ်ပြီး ဖွင့်လှစ်ရန် ရက်များသတ်မှတ်ပြီးချိန်တွင် မြန်မာဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသဖြင့် ရွှေ့ဆိုင်းနေရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းဘက်မှ နယ်စပ်ဂိတ်များကို ဖွင့်လှစ်ရန် စတင်စီစဉ်ခဲ့သည့် ဧပြီလ ၂၃ ရက် ည ၁၀ ခွဲဝန်းကျင်က ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတား၊ မြန်မာဘက်အခြမ်းမှာ အင်အားပြင်းသော ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တံတားလုံခြုံရေး ရဲ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သလို တံတားအဆောက်အဦးနှင့် အနီးအနားရှိ ကားများ မီးလောင် ပျက်စီးပြီး နေအိမ်များ ထိမှန် ပျက်စီးခဲ့သည်။
ထို့ပြင် မြဝတီမြို့ ပတ်ဝန်းကျင်၌လည်း စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF ပူးပေါင်း တပ်ဖွဲ့များကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ကရင်အမျိုးသားအစည်းရုံး (KNU) ကလည်း ၂၀၂၂ ခုနှစ် မတ်လတွင် အာရှလမ်းမကြီးနှင့် မြဝတီ- ဝေါလေလမ်းပိုင်း အသုံးပြုမှုများကို သတိပေးလာခဲ့သည်။
လက်ရှိမှာ ထိုင်းဘက်အခြမ်းက နယ်စပ်ဖြတ်ကျော်ခွင့်ကိုင်ဆောင်ထားသူများ အနေဖြင့် COVID-19 ကာကွယ်ရေးထိုးနှံပြီးကြောင်း လက်မှတ် (သို့မဟုတ်) ကိုဗစ်စစ်ဆေးချက် ATK ရလဒ်များကို ပြသနိုင်ရမည်ဖြစ်ပြီး မပြသနိုင်ပါက ၅ ရက် ကွာရတင်းဝင်ရမည် ဆိုသည့် စည်းကမ်းချက်သတ်မှတ်ကာ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည်။
တနင်္သာရီတိုင်းဒေသကြီးရှိ ကုန်သည်တဦးက “ဒီနေ့တော့ နယ်စပ်တွေ မြန်မာဘက်က ဖွင့်မယ်ဆိုတာ မသိရသေးဘူး။ ထိုင်းဘက်ကတော့ ဖွင့်မယ်လို့ ကြားရတယ်။ ကျနော်တို့ဆီမှာတော့ တိုက်ပွဲတွေကလည်း ရှိနေတော့ လုံခြုံရေးကြောင့် တော့ မြန်မာဘက်က ပေးမဖွင့်ဘူးလို့ ထင်တယ်။ ထီးခီးဆိုလည်း ပိတ်ထားဆဲပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ရေထွက်ကုန်များ အဓိကအားထားတင်ပို့နေသော ရနောင်းနယ်စပ် ကုန်သွယ်ရေးမှာလည်း ထိုင်းနိုင်ငံဘက်က တရားဝင် ဇွန်လ ၃ ရက်နေ့ ဖွင့်မည်ဟုဆိုသော်လည်း မြန်မာဘက်မူ ကုန်စည်အသွားအလာသာရှိပြီး လူဝင်လူထွက် ခွင့်ပြုခြင်းကို လက်ရှိအထိ မည်သည့် အသံမျှ မကြားရသေးကြောင်း ၎င်းက ပြောသည်။
ထိုင်း- မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးသည် (ဘန်ကောက်တိုက်ရိုက် တင်သွင်းခြင်းမပါ) ကုန်သွယ်မှုမှာ ယခင်က တရက်လျှင် ဘတ်သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၆ သန်းခန့်) ရှိခဲ့ကြောင်း ထိုင်းကုန်သည်များထံက သိရသည်။
၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ မေလ ၂၀ ရက်အထိ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၆၄၆ ဒသမ ၉၄၈ သန်းခန့် ကုန်သွယ်မှုပြုလုပ်ထားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။
နယ်စပ်ကုန်သွယ်ရေးမှ တဆင့် ထိုင်းနိုင်ငံသို့ မြန်မာဘက်မှ ပဲမျိုးစုံ၊ ငရုတ်၊ကြက်သွန်နီ၊ ပြောင်းဆန်၊ ပေါ်ဆန်းမွှေး၊ ပေါ်ကျွဲ၊ ဇီယာရှယ် ဆန်များ၊ အာလူး၊ ပဲတီစိမ်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ရေထွက်ကုန်၊ ဓာတ်သတ္တုကုန်ကြမ်း အစရှိသည်များကို တင်ပို့ပြီး ထိုင်းမှ မြန်မာဘက်သို့ သခွားသီး၊ သံပုရာသီး၊ မုန်လာဥ၊ ကျောက်ဖရုံသီး အစရှိသည့် ဟင်းသီးဟင်းရွက်များ၊ ထိုင်းမွေးမြူရေးငါးများ၊ မုန့်မျိုးစုံ၊ အချိုရည်၊ လူသုံးကုန်၊ အိမ်သုံးကုန် စသည့် ကုန်စည်များဖြစ်သည်။
You may also like these stories:
ဆေးဝါးတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထား
စက်သုံးဆီပြတ်လပ်မှု SME လုပ်ငန်းများ ဝန်ပိုပိ
အမိန့်ပေး ထိန်းချုပ်ရေးကြောင့် တိုင်းပြည် စီးပွားပျက်ရုံသာ