စီးပွားရေး

ကမ္ဘာ့ဘဏ် အစီရင်ခံစာ မြန်မာကို ချန်ထားခဲ့

ကမ္ဘာ့ဘဏ်၏ ယခုနှစ်လည်အတွက် ထုတ်ပြန်သော ကမ္ဘာ့စီးပွားရေးအစီရင်ခံစာတခုတွင် မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့သည်။

ဇွန်လ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော Global Economic Prospects ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာများ အစီရင်ခံစာ၏ နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်သော အရှေ့အာရှ နှင့် ပစိဖိတ် ဒေသတွင်းနိုင်ငံများ အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ စာရင်းတွင် မြန်မာကို ချန်လှပ်ထားခဲ့ပြီး အောက်ခြေမှတ်စုတွင် “၂၀၂၁ ခုနှစ်လွန် မြန်မာမှ အချက်အလက်များကို ဖယ်ထုတ်ထားသည်၊ အကြောင်းမှာ မြင့်မားလွန်းသော မသေချာ မရေရာမှုများကြောင့် ဖြစ်သည်”ဟု ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာများ အစီရင်ခံစာကို ကမ္ဘာ့ဘဏ်က နှစ်စဉ် ၂ ကြိမ် တွက်ချက်ပြီး အစီအရင်ခံစာထုတ် ပြန်လေ့ရှိကာ အထူးသဖြင့် ဖွံ့ဖြိုးဆဲ ဈေးကွက်များနှင့် ထွန်းသစ်စဈေးကွက်များအပေါ် ၂ နှစ်ကြို ခန့်မှန်းအစီရင်ခံသည်။

ထို့ကြောင့် မြန်မာ့စီးပွားရေးအခြေအနေသည် ယခု ၂၀၂၂ ခုနှစ် အပါအဝင် ၂၀၂၃ခုနှစ်၊ ၂၀၂၄ ခုနှစ်အထိ ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်မှု မပြုလုပ်ထားခဲ့ပေ။

ထို့သို့ ကမ္ဘာ့ဘဏ်၏ အစီအရင်ခံစာတွင် မြန်မာ့စီးပွားရေးအခြေအနေကို ထည့်သွင်းမတွက်ချက်မှုသည် နိုင်ငံရေးအခြေအနေအရ တည်ငြိမ်မှုမရှိသလို လက်ရှိတာဝန်ယူထားသော စစ်ကောင်စီထံမှ ယုံကြည်ရသော စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်မရှိနိုင်သည့် အခြေအနေများကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမည်မဖော်လိုသော စီးပွားရေးပညာရှင် တဦးက ဧရာဝတီသို့ မှတ်ချက်ပေးသည်။

“နိုင်ငံရေးအခြေအနေက မတည်ငြိမ်ဘူး၊ စစ်ကောင်စီက လက်ရှိအထိ နိုင်နိုင်နင်း နင်း မကိုင်တွယ်နိုင် သေးသလို ပြည်သူတွေရဲ့ ထောက်ခံမှုကလည်းမရှိပြန်ဘူး။ နောက်တချက်က အခု သူတို့ဆီက ယုံကြည် စိတ်ချရတဲ့ သတင်းအချက်အလက်ရရှိနိုင်မှုက မသေချာဘူးလေ။ အဲဒီအချက်အလက် အမှားတွေကို အခြေခံပြီး တွက်ချက်မယ်ဆိုရင် သူတို့(ကမ္ဘာ့ဘဏ်) မှားမှာလေ” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီ၏ ရန်ရှာမှုကို ကာကွယ်သောအားဖြင့် သူ၏အမည်ကို မဖော်ပြရန် တောင်းဆိုထားသည်။

ဇန်နဝါရီလက ထုတ်ဝေသော အစီရင်ခံစာတွင်မူ စက်တင်ဘာလအထိ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းသည် ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ခန့်မှန်းခဲ့သည်။ ယင်းသည် ပြီးခဲ့သည့် နှစ်တွင် ၁၈ ရာခိုင်နှုန်း ကျဆင်းသွားမှုမှ ပြန်တက်လာခြင်း ဖြစ်သည်။ ထိုအစီရင်ခံစာတွင် မြန်မာ့စီးပွားရေး ရှေ့အလားအလာသည် “အလွန်အမင်း အားနည်းနေ”ကြောင်း ဖော်ပြခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် အလုပ်လက်မဲ့နှုန်းမြင့်မားလာခြင်း၊ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှု ဖြစ်စဉ်များ စုပေါင်းဖြစ်ပေါ်နေသော Stagflation အဆင့်ကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ပြည်တွင်းပြည်ပစီးပွားရေးပညာရှင်များက ဆိုထားကြသည်။

ထို့ပြင် စစ်ကောင်စီက ထိန်းချုပ်ထားသော ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ အလွန်အမင်းလျော့ကျလာနေမှုကြောင့် အမေရိကန်ဒေါ်လာအပေါ် ကန့်သတ်ထိန်းချုပ်သောကြောင့်လည်း ပို့ကုန်-သွင်းကုန်လုပ်ငန်းရှင်များအတွက် အကျပ်အတည်းများ ထပ်မံဖြစ်ပေါ်လျက်ရှိသလို လောင်စာဆီ ပြတ်လပ်ခြင်း၊ နိုင်ငံခြားမှ ဝယ်ယူတင်သွင်းနေရသော ဆေးဝါးနှင့် အခြားလူသုံးကုန်ပစ္စည်းများ ရှားပါးပြီး ဈေးတက်လာခြင်းလည်း ဖြစ်ပေါ်နေလျက်ရှိသည်။

You may also like these stories:

မြန်မာ့ရွှေဈေးကွက် ပျက်နေပြီ

နိုင်ငံတဝှမ်း စက်သုံးဆီပြတ်ပြီး ဈေးနှုန်းများမြင့်လာနေ

စစ်ကောင်စီဝန်ကြီးသစ်က စွမ်းအင်လုပ်ငန်းများကို တင်းကျပ်စွာ ကိုင်တွယ်နိုင်

စိုက်စရိတ် ကြီးမြင့်မှု၊ လုပ်သားရှားပါးမှုကြောင့် ယခုနှစ် မိုးစပါးစိုက်ဧက လျော့နိုင်

ရုရှားက ဝယ်မယ့် ရေနံတွေနဲ့ မန္တလေး လာမယ့် တရုတ်ရထား

Loading