တိုင်းနှင့် ပြည်နယ်အသီးသီးရှိ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးသည့် ကုမ္ပဏီများ၊ အသေးစားနှင့် အလတ်စား (SME) စက်သုံးဆီဆိုင်များအနေဖြင့် မိမိတို့ဆိုင်အတွင်း စက်သုံးဆီ ပြတ်လပ်ပါက စစ်ကောင်စီ၏ ရေနံထွက်ပစ္စည်းကြီး ကြပ်ရေး ဦးစီးဌာနက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၁၂ ရက် က ကြေညာထားသည်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချသူများ အသင်း (MPTA) က ခွင့်ပြုပေးထားသော စက်သုံးဆီ ရောင်း ချသူများအား ထိုသို့ ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်ကာ စက်သုံးဆီ မပြတ်လပ်ရေးအတွက် စီမံ ဆောင်ရွက်ထားရန် နှင့် ပြတ်လပ်ပါက တာဝန်ရှိသူများသို့ အကြောင်းကြားရန်လည်း ဖော်ပြထားသည်။
စက်သုံးဆီ အရောင်းဆိုင် တာဝန်ခံတဦးက “ကျနော်တို့ ဆီဆိုင်ကတော့ အခုထိ ပုံးတွေနဲ့ မရောင်းပေးနိုင်သေးဘူး။ ဓာတ်ဆီ ၉၂ လည်း မရောင်းနိုင်သလို ၉၅ လည်း ပြတ်နေတယ်။ ဒီဇယ်နဲ့ ပရီမီယမ်တော့ ရတယ်။ ဆီလည်း လုံ လောက်အောင် မဖြည့်ပေးနိုင်ဘဲ အရေးယူမယ်ဆိုရင်တော့ ယူပေါ့။ အခုကတော့ ရန်ကုန်မှာတော့ ရောင်းနိုင်ပြီ၊ နယ် တွေကတော့ ပြတ်နေတုန်းပဲ။ လုံလောက်အောင် သွင်းလို့မှ မရတာ။ ဆီပြတ်ရင် ဆိုင်တွေ အရေးယူမယ်ဆိုတာက ကြပ်အောင် လုပ်တာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီက အမေရိကန် ဒေါ်လာလဲလှယ်နှုန်းကို ထိန်းချုပ်ပြီးနောက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သည့် ဒေါ် လာပမာဏအား ပြန်ပေးနိုင်ခြင်း မရှိသဖြင့် တင်သွင်းထားသော စက်သုံးဆီကို ထိန်းချုပ် ရောင်းချရာမှ ဈေးကွက်၏ သုံးစွဲမှုကို လုံလောက်အောင် မဖြည့်တင်းနိုင်တော့ဘဲ ဆီပြတ်လပ်မှု ဖြစ်ပေါ်လာခြင်း ဖြစ်ပြီးနောက် ဆီဆိုင်များကို ခွဲတမ်းနှင့်သာ သတ်မှတ် ရောင်းချခြင်းများကို စီစဉ်ခဲ့သည်။
ယခုအချိန်တွင် လိုင်စင် မပြည့်စုံသည့် လမ်းဘေး စက်သုံးဆီအရောင်းဆိုင်များကို ဖမ်းဆီးနေသည့်အပြင် စက်သုံးဆီ အရောင်းဆိုင်များကို ဆီပြတ်လပ်ပါက အရေးယူမည်ဟု ထပ်မံ ခြိမ်းခြောက်လာခြင်း ဖြစ်ပြီး မည်သည့်ဥပဒေဖြင့် အရေးယူမည်ကိုမူ လတ်တလော၌ ထုတ်ပြန်ထားခြင်း မရှိပေ။
စက်သုံးဆီများကို စစ်ကောင်စီက ခွဲတမ်းနှင့် ချပေးရာတွင်လည်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကို ဦးစားပေး အဖြစ်ထားပြီး ကျန်သည့် တိုင်းနှင့်ပြည်နယ်များတွင်မူ နီးစပ်သူကိုသာ ချပေးခြင်းကို လုပ်ဆောင်နေသဖြင့် ပြီးခဲ့သည့် လမှ စတင်ပြီး ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့ခံ တဦးက “အခုရက်ပိုင်းကတော့ ဆီက ဝယ်လို့လည်း ရတယ်။ တန်းလည်း မစီရတော့ဘူး။ ဒါပေမယ့် တောင်ဒဂုံဘက်မှာ လမ်းဘေးမှာ ရောင်းနေတဲ့ ဆိုင်တွေကို ရဲတွေက ပိတ်ဖို့ လိုက်ပြောနေတာကို တွေ့ရတယ်။ စက် သုံးဆီက အခု ရပေမယ့် အရင်တခါလို နှစ်သုံးရက်ရပြီး ပြန်ပြတ်သွားရင် အခုလို ဆိုင်သေးလေးတွေကပဲ လိုက်ဝယ် ရတာ” ဟု ပြောသည်။
စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဧပြီ ၂၀ ရက်မှစတင်၍ ပြည်တွင်း စက်သုံးဆီ တင်သွင်းရောင်းချသူများကို သတ်မှတ်ဈေးများဖြင့်သာ ရောင်းချရန် ကြေညာထားသည်။
ယင်း သတ်မှတ်ဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဓာတ်ဆီ 92 တလီတာ ၂၃၀၅ ကျပ်၊ ဓာတ်ဆီ 95 တလီတာ ၂၃၇၀ ကျပ်၊ ဒီဇယ် တလီတာ ၂၆၁၀ ကျပ်နှင့် ပရီမီယံဒီဇယ် တလီတာ၂၆၄၀ ကျပ်နှုန်းနှင့် ကြေညာထားကာ ပြည်နယ်နှင့်တိုင်း အလိုက် ဈေးနှုန်းများကို သတ်မှတ်ထားခြင်း ဖြစ်သည်။
ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတဦးက “အရင်ရက်က လိုတော့ ညနေဆို ဝယ်မရတာမျိုး။ နောက်ပြီး အရောင်းပိတ်တဲ့ ဆိုင်မျိုးတော့ အခု ရက်တော့ မတွေ့ရတော့ဘူး။ လိုသလောက်တော့ ဝယ်လို့ရတယ်။ ဒါပေမယ့် ရှေ့ရက်တွေက ထက်ကို သူတို့ သတ်မှတ်ဈေးထက် တက်တက်လာတာ အခုဆို ၂၃၀၀ ကျော်နေပြီ။ ဘယ်လိုမှတော့ ကားဆွဲရ မကိုက်ဘူး။ စီးပွားရေးကကျပ် တက်စီ စီးတဲ့သူက နည်းသွားတော့ ဆီဈေးနဲ့ အုံနာကြေး မနည်းရှာနေရတယ်။ တချို့ ရက်တွေဆို ဈေးဖိုး မရလို့ အုံနာကြေးကို တဝက်လောက်ပေး အကြွေးနဲ့ ထားရတောင် ရှိတယ်” ဟု ပြောသည်။
ထို့ပြင် ကမာ္ဘ့ရေနံဈေး မြင့်တက်မှုကြောင့် စက်သုံးဆီဈေးများလည်း တနေ့ထက်တနေ့ မြင့်တက်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
နိုင်ငံတဝှမ်း စက်သုံးဆီပြတ်ပြီး ဈေးနှုန်းများမြင့်လာနေ
စက်သုံးဆီပြတ်လပ်မှု SME လုပ်ငန်းများ ဝန်ပိုပိ
သင်္ဘောများ ရောက်လာဟု ဆိုသော်လည်း ဆိုင်များတွင် စက်သုံးဆီပြတ်နေဆဲ