စီးပွားရေး

ဆိုလာစီမံကိန်းတွေ တင်ဒါမပြိုင်ဘဲ လုပ်ခွင့်ရ ကုမ္ပဏီက ဦးအောင်ပြည့်စုံ ပိုင်သလား

စစ်ခေါင်းဆောင်များ နေထိုင်ရာ နေပြည်တော်ရှိ ရေလှောင်ဆည် ၃ ခုတွင် အကောင်အထည်ဖော်မည့် ဆိုလာစီမံကိန်း ၃ ခုကို စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တင်ဒါမခေါ်ယူဘဲ Venus Essential မြန်မာကုမ္ပဏီကို လက်သိပ်ထိုးပေးခဲ့ကြောင်း ဧရာဝတီသတင်းဌာနက စုံစမ်းသိရှိရသည်။

အဆိုပါ ဆိုလာစီမံကိန်း ၃ သည် စုစုပေါင်း လျှပ်စစ်မဂ္ဂါဝပ် ၃၉၀ ထုတ်လုပ်မည်ဖြစ်ပြီး ရန်အောင်မြင်၊ ချောင်းမကြီးနှင့် ဖောင်းလောင် ရေလှောင်ဆည်များ၌ မြေပြင် (Ground Mounted) နှင့် ရေပြင် (Floating Solar) ပုံစံနှစ်မျိုးဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ပေါက်ကြားလာသော စာရွက်စာတမ်းအရ သိရသည်။

ယခုစီမံကိန်း ၃ ခုကို ကုမ္ပဏီတည်ထောင်ထားသည်မှာ ၁ နှစ်ပင်မပြည့်သေးသော Venus Essential မြန်မာကုမ္ပဏီကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယခုဇွန်လပထမအပတ်အတွင်းက LOA (letter of agreement) စာချုပ်ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါကုမ္ပဏီသည် စစ်တပ်က အာဏာသိမ်းပြီး ၅ လကျော်ဖြစ်သော ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ တွင် ကုမ္ပဏီစတင်ထူထောင်ခြင်းဖြစ်ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ် အခြေစိုက်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီမှတ်ပုံတင်ထားမှု စာရင်းအရ သိရသည်။

အဆိုပါ စီမံကိန်များအတွက် Venus Essential မြန်မာကုမ္ပဏီ လုပ်ကိုင်ခွင့်ရရှိရေး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ လူကိုယ်တိုင်လာရောက်ခဲ့သလို ဝန်ကြီးသစ် ဦးသောင်းဟန်ကလည်း LOA (letter of agreement) စာချုပ် ထုတ်ပေးသည့် နေ့တွင် တက်ရောက်ခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။

ထို့ကြောင့် Venus Essential မြန်မာကုမ္ပဏီတွင် ဦးအောင်ပြည့်စုံက ပါဝင်ခြင်း ရှိမရှိ စီးပွားရေးအသိုင်းအဝိုင်းတွင် သံသယရှိနေကြသည်။

ထိုစီမံကိန်းများနှင့် ပတ်သက်ပြီး လုပ်ပိုင်ခွင့်ချထားလိုက်ပြီဖြစ်ကြောင်းကို စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ဧရာဝတီသို့ အတည်ပြုပြောကြားသော်လည်း အသေးစိတ်အချက်အလက်များ ဖြေဆိုရန် ငြင်းဆန်ပြီး အီးမေးလ်ဖြင့်သာ မေးမြန်းရန် ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်း၊ စီးပွားရေး ကျဆင်းမှုနှင့် နိုင်ငံခြားသုံးငွေလဲလှယ်နှုန်း မြင့်တက်နေခြင်းကြောင့် ဆိုလာစီမံကိန်းများတွင် အတွေ့အကြုံရှိသော တရုတ်ကုမ္ပဏီများပင် ပြန်လည်နောက်ဆုတ်သွားချိန်တွင် စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လုပ်ငန်း အတွေ့ အကြုံမရှိသော ကုမ္ပဏီတခုကို ယခုလို လုပ်ကိုင်ခွင့်ပေးလာခြင်းလည်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အရပ်သားအစိုးရလက်ထက် နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် ဆိုလာပါဝါစီမံကိန်းများကို လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ခဲ့ပြီး လုပ်ငန်းဆက်လက် အကောင်အထည်ရန် နှေးကွေးနေသော ဆိုလာစီမံကိန်း ၂၆ ခုကို စစ်ကောင်စီက တင်ဒါဖျက်သိမ်းပြီး လုပ်ကိုင်ခွင့်ရထားသော တရုတ်ကုမ္ပဏီများကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်းရန် ခြိမ်းခြောက်ခဲ့သည်။

မြေပြင် ဆိုလာစီမံကိန်းအတွက် တည်ဆောက်ရမည့် ကုန်ကျစရိတ်သည် လျှပ်စစ် ၁ မဂ္ဂါဝပ်ကို အမေရိ ကန်ဒေါ်လာ ၈ သိန်းဝန်းကျင်ရှိပြီး ရေပြင် (Floating Solar)စီမံကိန်းအတွက်မူ ၁ မဂ္ဂါဝပ်ကို အမေရိ ကန်ဒေါ်လာ ၁ သန်းဝန်းကျင်ခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်၍ ယခုစီမံကိန်းများ၏ ရင်းနှီးမြှုပ်နှံရမည့် ပမာ ဏသည် အမေရိကန်ဒေါ်လာ သန်း ၃၉၀ ဝန်းကျင်အထိရှိနိုင်ကြောင်း ပြည်တွင်းရှိ လျှပ်စစ်ထုတ်လုပ် ရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“ ဒီ (Venus Essential) ကုမ္ပဏီနာမည်ကို ကျနော်တို့ လျှပ်စစ်ကဏ္ဍမှာ တခါမှ မကြားဖူးဘူး။ အခုက အတွေ့အကြုံရှိတဲ့ ကုမ္ပဏီတွေတောင် စီးပွားရေးအရ တွက်ချေမကိုက်လို့ ရပ်ထားနေကြတာဆိုတော့ အရင်တုန်းကလို ဒီစီမံကိန်းက လုပ်ကိုင်ခွင့် ပါမစ်ဦးထားတဲ့ သဘောလို့ မြင်တယ် ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဝန်ကြီးဌာန၏ စာအရ စီမံကိန်း ၃ ခုစလုံးမှ ထွက်ရှိသော လျှပ်စစ်မဂ္ဂါဝပ် ၃၉၀ စလုံးကို နေပြည်တော်ရှိ အမှတ် ၁ ဓာတ်အားခွဲရုံ တခုထဲသို့ ပို့လွှတ်မည့် အစီအစဉ်သည် လျှပ်စစ်ထုတ်လုပ်မှု တည်ငြိမ်မှုမရှိသော ဆိုလာစီမံကိန်းများအတွက် နည်းပညာ အခက်အခဲလည်း ရှိနိုင်ကြောင်း အထက်ပါလုပ်ငန်းရှင်က ဆိုသည်။

“အခုကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့တွေရဲ့ နာမည်တွေကို စီးပွားရေးလောကထဲမှာ မကြားဖူးဘူး။ အဲဒီလို လူသစ်တွေက ဒီလို ဒေါ်လာ သန်းရာချီ စီမံကိန်းကို အနောက်မှာ ဘယ်သူမှ မပါဘဲနဲ့ ဘယ်လိုလုပ်နိုင်မှာလဲ။ နောက်ပြီး အခုလိုကာလမှာ ဒီလိုစီမံကိန်းကြီးတွေကို ဘယ်သူက လွယ်လွယ်ရလို့လဲ ” ဟု ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ နှင့် တွဲဖက်လုပ်ကိုင်ခဲ့ဖူးသော လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ မှတ်ချက်ပြုသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား ဦးအောင်ပြည့်စုံနှင့် သမီး ဒေါ်ခင်သီရိသက်မွန်တို့သည် စစ်တပ်ပိုင်မြေများတွင် တည်ဆောက်ထားသော ရန်ကုန်မြို့ ၆ မိုင်ခွဲ ရှိ ကန်သာယာဆေးရုံ နှင့် ရန်ကင်းမြို့နယ် မိုးကောင်းရတနာ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဆေးရုံ လုပ်ငန်းများအပြင် အသက်အာမခံလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း နှင့် ဟိုတယ်လုပ်ငန်းများအစ ရှိသော စီးပွားရေးလုပ်ငန်းကဏ္ဍအများအပြားတွင် ရင်းနှီးမြှုပ်နှံထားကြသည့် လုပ်ငန်းရှင်များ ဖြစ်သည်။

You may also like these stories:

စစ်ကောင်စီဝန်ကြီးသစ်က စွမ်းအင်လုပ်ငန်းများကို တင်းကျပ်စွာ ကိုင်တွယ်နိုင်

ချေးငှား၍ ပေးနေရသော မီတာခ

Same Sky ကသာ မီတာဘောက်များ တင်ဒါအောင်နေသည်

ဝန်ကြီးပြောင်းလည်း လျှပ်စစ်မီးမှန်အောင် မပေးနိုင်

Loading