အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်း ကုန်းတွင်းပိတ်ဒေသအတွင်း ထွက်ပေါက်ရစေရန် ရည်ရွယ်သည့် မြန်မာမှ နယူးဒေလီ၏ ရည်မှန်းချက်ကြီးမားသည့် ကုလားတန် စီမံကိန်းသည် အခက်အခဲများ ဆက်လက် ရင်ဆိုင်နေရသည်။
စီမံကိန်းကို နှောင့်နှေးစေသည့် နောက်ဆုံးဖြစ်ရပ်မှာ အိန္ဒိယအစိုးရက Engineers Projects India Limited (EPIL) နှင့် C & C Construction Co. Ltd. တို့၏ ဖက်စပ်လုပ်ငန်းနှင့် ၎င်းတို့ ၏ ပဋိညာဉ်စာချုပ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ ထိုဖက်စပ်လုပ်ငန်းသည် မြန်မာနိုင်ငံတွင်းမှ လမ်းအစိတ်အပိုင်းများကို တည်ဆောက်ပေးမည့် ဖက်စပ်လုပ်ငန်းဖြစ်သည်။
သတင်းအချက်အလက် ရယူခွင့်ဥပဒေ (RTI) အရ လျှောက်ထားသည့် လျှောက်လွှာတွင် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနက ထိုနောက်ဆုံးအခြေအနေကို အတည်ပြုပြောကြားသော်လည်း အစိုးရက ထိုဆုံးဖြတ်ချက်ကို မည်သည့်အတွက် ချရသည်ကို ဖော်ပြထားခြင်း မရှိပေ။
EPIL သည် အိန္ဒိယအစိုးရလက်အောက်မှ လုပ်ငန်းတခုဖြစ်သော်လည်း C & C Construction သည် နယူးဒေလီ အနီးရှိ ဂါဂုန်းတွင် ရုံးဖွင့် လုပ်ကိုင်သည့်လုပ်ငန်း ဖြစ်သည်။ မြန်မာမှ မရေရာသော အခြေအနေများကြောင့် ထိုလုပ်ငန်းနှစ်ခုနှင့် စာချုပ်ကို ဖျက်သိမ်းလိုက်ရသည့် အခြေအနေ ဖြစ်နိုင်ကြောင်း အရာရှိတဦးက အပြစ်တင်သည်။
၂၀၁၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံသား ၄ ဦးနှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်တဦး အပါအဝင် လူ ၁၀ ဦးကို ရက္ခိုင့်တပ်တော် (AA) က ပလက်ဝမှ ကျောက်တော်သို့ ခုတ်မောင်းနေသည့် သင်္ဘောတစီးပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရသော အိန္ဒိယနိုင်ငံသားများအနက် နှစ်ဦးသည် EPIL ဝန်ထမ်းများ ဖြစ်သည်။
ချင်းပြည်နယ်၊ ပလက်ဝ ဆိပ်ကမ်းမှ မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုရင်ပူအီသို့ ဆက်သွယ်သည့် ၁၀၉ ကီလိုမီတာရှည်သော ထိုလမ်းပိုင်းကို အပြီးသတ်ရန် အစိုးရက လုပ်ငန်းသစ်များနှင့် သဘောတူစာချုပ် ချုပ်ဆိုခြင်း ရှိ၊ မရှိကို ရှင်းလင်းစွာ မသိရပေ။
မီဒီယာသတင်းများအရ ထိုလမ်းပိုင်းအတွက် အတိုင်ပင်ခံလုပ်ငန်း Ircon Infrastructure & Services Limited (IRCONISL) အနေဖြင့် ထိုလမ်းပိုင်းကို ဆက်လက်ပြီးစီးအောင် တည်ဆောက်ရန် ဒေသခံ ကန်ထရိုက်တာများနှင့် ထိတွေ့လုပ်ကိုင်ခွင့် ပေးထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကုလားတန် မြစ်ဝမှ စစ်တွေဆိပ်ကမ်း တည်ဆောက်ခြင်း၊ ပလက်ဝတွင် ဆိပ်ကမ်း တည်ဆောက်ခြင်းနှင့် ကုလားတန်မြစ်တွင် သောင်များတူးခြင်း အပါအဝင် ထိုစီမံကိန်း၏ မြန်မာမှ အခြားအစိတ်အပိုင်းများ အားလုံးကို ပြီးစီးနေပြီဖြစ်သည်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ ဆိပ်ကမ်းများမှ ကုန်များကို မြန်မာသို့သာမက အိန္ဒိယအရှေ့မြောက်ဒေသသို့ မီဇိုရမ်မှ ပို့ဆောင်ရေးအတွက် ဘက်စုံ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ထူထောင်ရန် ရည်ရွယ်သည့် ထိုစီမံကိန်းအတွက် မူဘောင်သဘောတူစာချုပ်ကို အိန္ဒိယနှင့် မြန်မာတို့ ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထိုစီမံကိန်းသည် ကိုလ်ကတ္တားနှင့် ကီလိုမီတာ ၅၀၀ ကွာဝေးသည့် စစ်တွေဆိပ်ကမ်းကို ဘင်္ဂလား ပင်လယ်အော်မှတဆင့် ဆက်သွယ်သည့် စီမံကိန်းဖြစ်သည်။
ထိုစီမံကိန်းသည် နိုင်ငံရေးနှင့် သေနင်္ဂဗျူဟာအရ အရေးပါသောကြောင့် အိန္ဒိယက မြန်မာသို့ ပေးအပ်သည့် အကူအညီများဖြင့် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုစီမံကိန်းအတွက် ပြန်လည်တွက်ချက် ကုန်ကျစရိတ်အဖြစ် ခန့်မှန်းခြေ အိန္ဒိယရူပီး ၂၉ ဘီလီယံ (ဒေါ်လာ ၃၇၁ ဒသမ ၅ သန်း၊ ကျပ် ၆၈၈ ဘီလီယံ) ကို အိန္ဒိယ အစိုးရက ၂၀၁၅ ခုနှစ်တွင် အတည်ပြုသည်။
စီမံကိန်းကို ၂၀၁၀ ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ပြီးနောက် နောက်ဆုံးအပြီးသတ်နေ့ သတ်မှတ်ချက် နှောင့်နှေးမှု အများအပြားကို ကြုံတွေ့ရသည်။ နောက်ဆုံး သတ်မှတ်လိုက်သည့် စီမံကိန်းပြီးစီးရမည့်နေ့သည် ၂၀၂၃ ခုနှစ် ဖြစ်သော်လည်း လက်ရှိအခြေအနေအရ စီမံကိန်းကို အပြီးသတ်ရန် ခက်ခဲနေသည်။
မီဇိုရမ်တွင် ဖြစ်ပေါ်ရသည့် နှောင့်နှေးမှုများမှာ ၎င်းတို့မြေများပေါ်တွင် ဖြတ်သန်းသွားသည့် အဝေးပြေးလမ်းအတွက် မြေပိုင်ရှင်များက လျော်ကြေးတောင်းခံခြင်း ဖြစ်သည်။ ၎င်းတို့အနက် အများအပြားကို အစိုးရက လျော်ကြေးပေးပြီး ဖြစ်သော်လည်း မရသေးသောကြောင့် စောင့်ဆိုင်းနေသူ အများအပြား ရှိနေသေးသည်။ အငြင်းပွားမှုဖြစ်နေသောနေရာမှာ နယ်စပ်အနီး လောင့်ဂ်လိုင်မှ ဇိုချာချူရား ကျေးရွာမှ မြေဧက ၄၀ ခန့်ကျယ်သည့် မြေကွက်ဖြစ်သည်။
“မြေရှင်တွေကို လျော်ကြေးပေးဖို့ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေပြီး ၂ လအတွင်း ပြီးမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု လောင့်ဂ်လိုင် လက်ထောက်မြို့ဝန် အမိုလ်ဆရီဗက်စတာဗာက ပြောသည်။
၈၇ ကီလိုမီတာရှည်ပြီး နယ်စပ်ရှိ ဇိုရင်ပူအီမှ လော့ဂ်လိုင်ခရိုင်မြို့တော်ကို ဆက်သွယ်ထားသည့် ထိုလမ်းသည် ပြီးစီးပါက အိန္ဒိယအရှေ့မြောက်ပိုင်းတွင် အကောင်းဆုံးလမ်းတခုဖြစ်မည်မှာ သေချာသည်။ သို့သော် လော့ဂ်လိုင်ကို ဖြတ်ကျော်ပြီးနောက်ပိုင်း အဝေးပြေးလမ်း (နိုင်ငံလုံးဆိုင်ရာ အဝေးပြေးလမ်း အမှတ် ၅၄) မှာ ကျဉ်းမြောင်းလွန်းပြီး မြန်မာနှင့်ကုန်သွယ်ရေး အရှိန်ရလာပါက ကုန်စည်များကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
အရှေ့-အနောက် စင်္ကြံ၏ စ,မှတ်ဖြစ်သော အာသံမှ ဆီချားအထိ ထိုလမ်းကို ချဲ့ထွင်ရန် အချိန်များစွာ ယူရနိုင်သည်။
ဂူဝါဟတီတွင် ကျင်းပသည့် မကြာသေးမီက အစည်းအဝေးတခုတွင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး မစ္စတာ အက်စ် ဂျိုင်ရှန်ကာက နယူးဒေလီသည် ကုလားတန် စီမံကိန်းကို ပြီးစီးအောင်ဆောင်ရွက်ရေး ဆုံးဖြတ်ထားကြောင်း ပြောသည်။
လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက်တွင် မြန်မာစစ်ကောင်စီနှင့် မြန်မာမှ အိန္ဒိယသံရုံးတို့သည် အစည်းအဝေးမြောက်မြားစွာ ကျင်းပကြောင်းလည်း သိရသည်။ ထို့ကြောင့်ပင် ပလက်ဝမှ နယ်စပ်ရှိ ဇိုရင်ပူအီသို့ လမ်းတည်ဆောက်ခြင်းကို ဒေသခံ ကန်ထရိုက်တာများထံအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ရာဂျစ် ဘက်တာချာရီယာ ၏ India’s Kaladan Project in Myanmar Faces Fresh Hurdles
ကို ဘာသာပြန် ဖော်ပြသည်။ ရာဂျစ် ဘက်တာချာရီယာသည် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှ ဝါရင့်သတင်းသမားတဦး ဖြစ်သည်။)
You may also like these stories:
တရုတ်ကြောင့် မြန်မာ့အာဏာသိမ်းမှု အိန္ဒိယ သတိထား တုံ့ပြန်
ကုလားတန်စီမံကိန်းကို ပစ်မှတ်ထားတဲ့ နောက်ကွယ်မှာ တရုတ်လက်ပါနေဟု အိန္ဒိယ သတင်းစာဖော်ပြ