စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်လိုင်စင်ကြေးနှုန်း တိုးမြှင့်မည်ဟု အကြောင်းပြချက်ဖြင့် ဇွန် ၂၃ ရက် နံနက်ပိုင်းမှ စတင်ကာ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ဂိတ်များမှတဆင့် ပြုလုပ်နေသည့် ပြောင်းတင်ပို့မှုကို ယာယီပိတ်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီက တရားဝင်စာထုတ်ကာ ညွှန်ကြားခြင်းမျိုး မဟုတ်ဘဲ နှုတ်မိန့်ဖြင့်သာ ပိတ်ခိုင်းခြင်း ဖြစ်ပြီး ကြိုတင် အကြောင်းကြားခြင်း မရှိသဖြင့် ကုန်သည်များ အခက်ကြုံနေကြောင်း ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နေသည့် ကုန်သည် များက ဆိုသည်။
ဇွန် ၂၂ ရက် ညနေ ၅ နာရီကျော်တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာတာဝန်ရှိသူများက နယ်စပ်ကုန်သည်များထံ လိုက်လံ ပြောဆိုခဲ့ပြီးနောက် ကုန်သွယ်ရေး ရပ်ဆိုင်းသွားရာ ဇွန် ၂၃ ရက်တွင် မြဝတီမြို့ထဲနှင့် ကုန်သွယ်ရေးဇုန်အနီး၌ ပြောင်း ကား ရာနှင့်ချီ ပိတ်မိနေခဲ့ကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နေသည့် ကုန်သည်တဦးက “အကြောင်းပြချက်လည်း သေချာမသိရဘဲနဲ့ မနက်ဖြန် ပြောင်း ကားတွေ ဝင်လို့မရတော့ဘူးဆိုပြီး ဖြစ်တယ်။
ချက်ချင်း မြန်မာပြည်က ကားလည်း မြဝတီကုန်သွယ်ရေးဇုန်ထဲ ဖြတ်မရ သလို ထိုင်းဘက်က ကားတွေကလည်း ပစ္စည်းတွေတင်ပြီးကာမှ ထွက်လို့မရဘူး။ အဲဒီလို ဖြစ်သွားတာ။ ဒါပေမဲ့ နေ့ လယ်ပိုင်းလောက်ကျတော့ မြဝတီထဲမှာရှိနေတဲ့ ပစ္စည်းတင်ပြီးသား ထိုင်းကားတွေကို ပြန်ပြီးတော့ပေးတယ်။ ဒီဘက် က ကားတွေကတော့ ပိတ်ထားတုန်း” ဟု ဧရာဝတီသို့ ပြောသည်။
ဇွန် ၂၃ ရက်တွင် စစ်တောင်းတံတား အဝင်ဂိတ်မှစတင်ပြီး ပြောင်းကားများကို မြဝတီကုန်သွယ်ရေးဇုန်သို့ တင်ပို့ခွင့် အား စစ်ကောင်စီက ယာယီ (ရက်အကန့်အသတ်မရှိ) ပိတ်လိုက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
အထက်ပါ ကုန်သည်က “ဘယ်နှစ်ရက် ကြာမယ်လည်းမသိ။ ရုတ်တရက်ပိတ်တော့ ကုန်ကားတွေကလည်း ချမရ၊ အခကြေးငွေကလည်း ယူပြီးသားဖြစ်။ စက်သုံးဆီဈေးက မြင့်နေတော့ ရက်ကြာရင် မကိုက်။ ဒီတော့ ကုန်သည် နဲ့ ကားသမား (ယာဉ်ပိုင်ရှင်) စကားတွေများရ။ စရိတ်တွေ တရက်ဆို ဆိုသလောက် ပိုကုန်။ အကုန် ခက်ခဲသွားတာ။ စီးပွားကူးသန်းလိုလို၊ နယ်စပ်ကုန်သွယ်ရေးလိုလိုနဲ့ ဘယ်လိုက်မေးလို့ မေးရမှန်းလည်းမသိ ဖြစ်ကုန်တာ” ဟု ရှင်းပြ သည်။
ထို့ပြင် လူမှုကွန်ရက်ပေါ်တွင်လည်း ပို့ကုန်လိုင်စင်ကြေးနှုန်းအား နယ်စပ်စခန်းအားလုံး တပြေးညီ ဖြစ်စေရေးအတွက် ပြောင်းပို့ကုန် လိုင်စင်ကြေးအား ယခင် အမေရိကန် ဒေါ်လာ ၃၁၀ မှ ဒေါ်လာ ၃၂၀ ပြင်ဆင်သွားမည် ဟူသော သတင်း များ ထွက်ပေါ်နေပြီး ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ယာဉ်ပိုင်ရှင်တဦးက “အခုက ရှမ်းပြည်ကနေ မြဝတီကို ပြောင်းတင်ရင် ၁ ပိဿာ ကားတင်ခ ကျပ် ၁၄၀ လောက်ရှိ တယ်။ ရန်ကုန်ကနေ မြဝတီကိုတင်ရင် ၁ အိတ် ကျပ် ၂ ထောင်လောက် ရှိတယ်။ အဲဒီလိုဆို ရန်ကုန်ကနေ မြဝတီ အရောက် ကားခတင် ကျပ် ၁၄ သိန်းလောက် ရှိတယ်။ ဒါက ပြောင်းကုန်သည်ရဲ့ ကုန်ကျစရိတ်။ ကားသမားကျတော့ လည်း လမ်းမှာပေးရတဲ့ ရဲကြေး၊ BGF (နယ်ခြားစောင့်တပ်) တွေကအစ ရှိသမျှ ဂိတ်ကြေး၊ ဆီဖိုး၊ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်၊ ထမင်ဖိုး ဘာညာ အားလုံးဖယ်ရင် ကျပ် ၅ သောင်း၊ ၁ သိန်းတောင် အုံနာတွေလည်း ကျန်လားမသိတဲ့ အခြေအနေမှာ အခုလို လုပ်လိုက်တော့ အကုန်ထိခိုက်ကုန်တာ” ဟု ပြောဆိုသည်။
နယ်စပ်ပြောင်းကုန်သွယ်ရေး ရုတ်တရက် ပိတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ပို့ကုန်လိုင်စင်ကြေး တိုးမြှင့်ခြင်းကြောင့် ပိတ်ခြင်း ဖြစ်သလို ပြည်တွင်းရှိ အစာစပ်စက်ရုံများက ၎င်းတို့ကို မရောင်းဘဲ ပြည်ပသို့သာ တောင်သူနှင့် ကုန်သည် များက တင်ပို့နေခြင်းကြောင့် စစ်ကောင်စီကို တိုင်သဖြင့် ချက်ချင်းပိတ်ခြင်း ဖြစ်နိုင်သည်ဟူသော ပြောဆိုချက်များ လည်း ရှိနေသည်။
စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနသို့ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်း မရှိပေ။
မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း တာဝန်ရှိသူတဦးက “ဒီကိစ္စကို ကျနော်တို့ ကိုယ်တိုင်က စုံစမ်းတုန်း။ တိတိကျကျ ခရိုင်မှာ အမိန့်စာထွက်ထားတာ မရှိသေးဘူး။ မြေပြင်မှာဖြစ်လား မေးကြည့်တော့ တိတိကျကျ အမိန့်စာ မထွက်သေး ပေမယ့် ပိတ်ထားလားဆို ပိတ်ထားတယ်။ ဒါပေမဲ့ ရှေ့ရက်တွေတုန်းက နှစ်နိုင်ငံကုန်သွယ်ရေးမှာ တင်ပို့မှု ကြိုတင်စာ ရွက်စာတမ်းတွေ လုပ်ဆောင်ပြီးတဲ့ကားတွေ၊ ဇုန်ထဲကို တရားဝင်ရောက်ပြီးသား ကားတွေကတော့ ပြန်သွားနေတယ်။ ကျန်တဲ့ကားတွေကတော့ စောင့်ကြည့်တုန်း” ဟု ဧရာဝတီသို့ ပြောသည်။
တရားဝင် အမိန့်စာနှင့် ပိတ်ခြင်းမျိုး မဟုတ်ဘဲ နှုတ်မိန့်ဖြင့်သာ ကုန်သည်များကို တင်ပို့ခွင့် ရပ်ဆိုင်းထားခြင်း ဖြစ်နိုင် ကြောင်း၊ ယင်း အခြေအနေများကြောင့် လတ်တလောတွင် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၊ မြဝတီနယ်စပ်ကုန် သည်ကြီးများအသင်းနှင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာ တာဝန်ရှိသူများ ညှိနှိုင်းဖြေရှင်းရန်အတွက် ကြိုးစားဆောင်ရွက် နေကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ကျနော် ထင်တယ်။ ပိတ်တာတော့ ပိတ်တယ်။ စာမတွေ့တော့ နှုတ်မိန့် ဖြစ်လိမ့်မယ်။ ပိတ်တာ ကြာသွားရင် ကုန်သည်ရော၊ တောင်သူရော၊ ကားသမားရော ထိခိုက်နိုင်တယ်။ နယ်စပ်ကုန်သွယ်ရေးဆိုတာ ချက်ချင်း ပိတ်လို့ရတာ မဟုတ်ဘူး။ ဥပမာ- ထိုင်းသွားမယ့်ဇုန်ထဲမှာ ကားအစီးရေ ၄၀၀၊ ၅၀၀၊ ၆၀၀ ရှိနိုင်တယ်။ လမ်းမှာလည်း ရှိနိုင်တယ်။ ဒါတွေက အတားအဆီး ဖြစ်သွားတာပေါ့။ ဘယ်လောက်ကြာမလဲ မသိနိုင်ဘူး” ဟု ရှင်းပြသည်။
တာချီလိတ်မြို့ရှိ ကုန်သည်ကြီးတဦးကလည်း “ဒီမှာလည်း မနေ့က စပိတ်တာ။ ဒီမှာ ကြားတာတော့ နယ်စပ်ပေါက်တွေ အားလုံးကို လိုင်စင်ကြေးတိုးမြှင့်မှာမို့ ပိတ်တာလို့ ပြောတယ်။ အခုပေးတဲ့ ဈေးနှုန်းတွေကို ပြန်စိစစ်အုံးမယ်တဲ့။ ရှေ့ရက် တွေတုန်းကတော့ စစ်ကောင်စီဘက်က ပို့ကုန်ရငွေ သွင်းဖို့ကျန်တဲ့သူတွေ ပေးဖို့၊ မပေးရင် ပိတ်မယ်ဘာညာ ပြောနေ တာတော့ ရှိတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ရုတ်တရက် ပိတ်လိုက်သည့်အတွက် ပြောင်းကားများ ပိတ်မိနေနိုင်ပြီး အရေအတွက် မည်မျှရှိသည်ကိုမူ ပြန်မေးရမည် ဖြစ်ကြောင်း၊ ၎င်းတို့ ကုန်သည်ကြီးများအသင်းကိုလည်း နယ်စပ်ကုန်သွယ်ရေးပိတ်ကြောင်း စစ်ကောင်စီ က လက်ရှိအချိန်ထိ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
ပြည်ပသို့ ပြောင်းတင်ပို့မှုမှာ စစ်ကောင်စီ လက်အောက် ၂၀၂၁ အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ မတ် ၃၁ ရက်ထိ မီနီ ဘတ်ဂျက်တွင် ပြောင်းတန်ချိန် ၁ သန်းခွဲကျော်နှင့် ၂၀၂၂ ဧပြီ ၁ ရက်မှ ယခုအချိန်ထိ တန် ၅ သိန်းကျော် တင်ပို့ထား သည့်အတွက် တန်ချိန် ၂ သန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
You may also like these stories:
ပြည်ပသို့ ပြောင်းတင်ပို့မှု ရပ်တော့မလား
ကိုဗစ်၊ စစ်အာဏာသိမ်းမှုနှင့်အတူ ဈေးကွက်ပျက်သွားသော မြန်မာ့သီးနှံများ
ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်သော်လည်း ကွန်တိန်နာစနစ်ကြောင့် အခက်ကြုံ