စီးပွားရေး

သီရိလင်္ကာတွင် လောင်စာဆီ ခွဲတမ်းချ

သီရိလင်္ကာနိုင်ငံတွင် ဆိုးရွားသော လောင်စာဆီ ပြတ်တောက်မှုကို ဖြေရှင်းရန် အပြင်းအထန် အားထုတ်မှုအဖြစ် ဇွန်လ ၂၈ ရက်နေ့မှ စတင်ပြီး ၂ ပတ်တာ ကာလအတွင်း ကျောင်းများကို ပိတ်ထားလိုက်ပြီး ကျန်းမာရေး ဝန်ဆောင်မှု၊ ရထား၊ ဘတ်စ်ကားစသည့် အရေးပါသော ဝန်ဆောင်မှုများအတွက်သာ လောင်စာဆီ ခွဲတမ်းချပေးတော့မည်ဟု ဝန်ကြီးတဦးက ပြောသည်။

သီရိလင်္ကာနိုင်ငံတွင် နိုင်ငံခြားအရန်ငွေ စံချိန်တင် နည်းပါးနေပြီး အဆိုးဆုံး စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရကာ လူဦးရေ ၂၂ သန်းရှိသော ကျွန်းနိုင်ငံသည် မရှိမဖြစ်လိုအပ်သည့် အစားအသောက်၊ ဆေးဝါးနှင့် အရေးအပါဆုံးဖြစ်သော လောင်စာဆီသွင်းကုန်များအတွက် ငွေပေးချေရန် ရုန်းကန်နေရသည်။

နိုင်ငံတွင် နိုင်ငံခြားငွေ အများအပြား ရှာဖွေပေးသည့် လုပ်ငန်းဖြစ်သော အထည်ချုပ်လုပ်ငန်းများအတွက် လောင်စာဆီမှာ တပတ်မှ ဆယ်ရက်စာခန့်သာ ကျန်တော့သည်။ နိုင်ငံတွင် လက်ရှိစုဆောင်းထားသည့် ကုန်များမှာ ဝယ်လိုအားပေါ်မူတည်ပြီး တပတ်အတွင်း ကုန်ခမ်းတော့မည်ဖြစ်ကြောင်း Reuters သတင်းဌာန၏ တွက်ချက်မှုများအရ သိရသည်။

သီရိလင်္ကာနိုင်ငံသည် ဇွန်လ ၂၈ ရက်နေ့မှ စတင်ပြီး ဇူလိုင်လ ၁၀ ရက်နေ့အထိ ရထားများ၊ ဘတ်စ်ကားများ၊ ဆေးဝါးဝန်ဆောင်မှုများနှင့် အစားအစာ သယ်ယူပို့ဆောင်သော ယာဉ်များအတွက်သာ လောင်စာဆီ ထုတ်ပေးတော့မည်ဟု အစိုးအရအဖွဲ့ ပြောခွင့်ရသူ မစ္စတာ ဘန်ဒူလ ဂုနေဝါဒေနက သတင်းထောက်များကို ပြောသည်။

မြို့ပြဒေသမှ ကျောင်းများကို ပိတ်ထားပြီး နေအိမ်မှ အလုပ်လုပ်ကြရန် အားလုံးကို တိုက်တွန်းကြောင်း သူက ပြောသည်။ ပြည်နယ်တခုနှင်တခု သွားလာသည့် ဘတ်စ်ကားဝန်ဆောင်မှုများကိုလည်း ကန့်သတ်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“သီရိလင်္ကာနိုင်ငံဟာ သမိုင်းမှာ ဒီလောက်ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းကို မရင်ဆိုင်ခဲ့ဖူးဘူး” ဟုလည်း မစ္စတာ ဘန်ဒူလက ပြောသည်။

ခရီးသည်တင် သုံးဘီးဆိုင်ကယ် ပြေးဆွဲသူ အသက် ၆၇ နှစ်အရွယ် ဒဗလျူ ဒီ ရှယ်လ်တန်က လောင်စာဆီအတွက် ၄ ရက်ကြာ တန်းစီရကြောင်း ပြောသည်။

“အဲဒီတချိန်လုံး ကောင်းကောင်းမအိပ်ရ၊ မစားရဘူး။ ဝင်ငွေလည်းမရဘူး။ မိသားစုကိုလည်း မကျွေးမွေးနိုင်ဘူး” ဟု သူကပြောသည်။

ကိုလံဘိုမြို့တွင် ဇွန်လ ၂၇ ရက်နေ့ သီရိလင်္ကာ စီးပွားရေး အကျပ်အတည်းကြောင့် စားဝတ်နေရေးစရိတ် မြင့်တက်နေမှုအပေါ် ဆန္ဒပြနေသူများ

အစားအစာ၊ လောင်စာနှင့် လျှပ်စစ်ဓာတ်အား မလုံမလောက်ဖြစ်နေသည်မှာ လအတန်ကြာပြီးနောက် အကြွေးပိနေသော သီရိလင်္ကာစီးပွားရေး ပြိုလဲသွားကြောင်း ဝန်ကြီးချုပ်က ပါလီမန်အမတ်များကို လွန်ခဲ့သော သီတင်းပတ်က ပြောကြားခဲ့သည်။ ထိုသို့ပြောကြားချက်များသည် နိုင်ငံတကာ ငွေထုတ်ချေးသူများထံမှ အကူအညီ တောင်းခံရင်း သီရီလင်္ကာနိုင်ငံအခြေအနေ မည်မျှ ဆိုးရွားသွားသည်ကို ပြသနေသည်။

သီရိလင်္ကာနိုင်ငံသည် ကုန်စည်ပြတ်တောက်မှု သက်သက်ထက် များစွာပိုမိုဆိုးရွားသော အခြေအနေကို ရင်ဆိုင်နေရပြီး ဘုံးဘုံးလဲကျသွားနိုင်ကြောင်း ဝန်ကြီးချုပ် မစ္စတာ ရာနေးလ် ဝစ်ခရေမက်ဆင်ဂေက ပါလီမန်သို့ သတိပေးပြောကြားသည်။

“ကျနော်တို့ စီးပွားရေးက လုံးဝပြိုလဲသွားပါပြီ” ဟု ဝန်ကြီးချုပ်က ပြောသည်။

လူဦးရေ ၂၂ သန်းရှိသော သီရိလင်္ကာကျွန်းနိုင်ငံ၏ လက်ရှိအကျပ်အတည်းသည် မျက်မှောက်ခေတ်တွင် အဆိုးရွားဆုံးဖြစ်သည်ဟု သတ်မှတ်ထားကြသော်လည်း ဝန်ကြီးချုပ်က နောက်ဆုံးအခြေအနေများကို အသေးစိတ်ပြောကြားခြင်း မရှိပေ။ ဝန်ကြီးချုပ်၏ စကားများက သူသည် အလျင်အမြန် ပြင်ဆင်မရသည့် အခြေအနေကို ဆက်ခံခဲ့ရသူဖြစ်ကြောင်း အတိုက်အခံအမတ်များနှင့် ဝေဖန်သူများကို ပြောကြားရန် အဓိက ရည်ရွယ်ပုံရသည်။

စီးပွားရေး အကူအညီများ ရရှိရေးအတွက် အစိုးရသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ဆွေးနွေးနေသော်လည်း လူအများအပြားမှာ ထိုမျှကြာကြာ မစောင့်နိုင်တော့ဘဲ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု မြင့်မားနေသည်။

နိုင်ငံအရှေ့ဘက်ကမ်းခြေမှ လှေများဖြင့်ထွက်ခွာရန် ကြိုးစားသူ ၅၄ ဦးကိုလည်း တနင်္လာနေ့ အစောပိုင်းတွင် ရေတပ်က ဖမ်းဆီးခဲ့ကြောင်း ပြောရေးဆိုခွင့်ရသူတဦးက ပြောသည်။ ယခင်အပတ်ကလည်း ထိုသို့ထွက်ခွာရန် ကြိုးစားသောကြောင့် ဖမ်းဆီးထားသူ ၃၅ ဦး ရှိသည်။

အစိုးရကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား ပဋိပက္ခများသည် နိုင်ငံတဝှမ်းကျယ်ပြန့်သည့် အကြမ်းဖက်မှုများအဖြစ် ပြောင်းလဲသွားပြီးနောက် ဝေဖန်တိုက်ခိုက်ခံနေရသော သမ္မတ ဂိုတာဘာရာ ရာဂျာပက်ဆကာ၏ အစ်ကိုသည် လွန်ခဲ့သောလက ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်သွားသည်။ ထိုအကြမ်းဖက်မှုများတွင် လူ ၉ ဦးသေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရသည်။

ကိုလံဘိုမြို့တွင် ဇွန်လ ၂၇ ရက်နေ့က လောင်စာဆီဝယ်ရန် တန်းစီနေသူတဦး

လောင်စာပြတ်တောက်မှု ပိုမိုဆိုးရွားလာသောကြောင့် ဆန္ဒပြပွဲသစ်များ ဖြစ်ပေါ်နိုင်သည်။

အတိုက်အခံခေါင်းဆောင် ဆာဂျစ် ပရီမာဒါဆာက အစိုးရ နုတ်ထွက်ပေးရန် တောင်းဆိုသည်။

“လောင်စာဆီ မလုံလောက်လို့ နိုင်ငံက လုံးဝပြိုလဲသွားပြီ” ဟု ဗီဒီယိုကြေညာချက်တစောင်တွင် သူကပြောသည်။ “အစိုးရက ပြည်သူတွေကို အကြိမ်ကြိမ်ညာခဲ့ပြီး ရှေ့ဆက်ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်လည်း မရှိဘူး” ဟု အတိုက်အခံခေါင်းဆောင်က ပြောသည်။

အစိုးရ၏ လောင်စာဆီ သိုလှောင်ထားမှုမှာ ဒီဇယ် မက်ထရစ်တန် ၉,၀၀၀ နှင့် ဓာတ်ဆီ မက်ထရစ်တန် ၆,၀၀၀ သာရှိကြောင်း စွမ်းအင်ဝန်ကြီးက တနင်္ဂနွေနေ့တွင် ပြောကြားသော်လည်း နောက်ထပ် မည်သည့်တင်သွင်းမှုကိုမျှ စီစဉ်ထားခြင်း မရှိပေ။

အိန္ဒိယ ရေနံကော်ပိုရေးရှင်း၏ သီရိလင်္ကာလုပ်ငန်းခွဲဖြစ်သော Lanka IOC က ၎င်းတို့တွင် ဒီဇယ် မက်ထရစ်တန် ၂၂,၀၀၀ နှင့် ဓာတ်ဆီ မက်ထရစ်တန် ၇,၅၀၀ ရှိကြောင်း၊ ဓာတ်ဆီနှင့် ဒီဇယ် မက်ထရစ်တန် စုစုပေါင်း ၃၀,၀၀၀ ဇူလိုင်လ ၁၃ ရက်နေ့ခန့်တွင် ရောက်မည်ဟု မျှော်လင့်ကြောင်း Reuters သတင်းဌာနသို့ ပြောသည်။

သီရိလင်္ကာနိုင်ငံသည် သယ်ယူပို့ဆောင်ရေး ကိစ္စများအတွက်ပင် တနေ့လျှင် ဒီဇယ် မက်ထရစ်တန် ၅,၀၀၀ နှင့် ဓာတ်ဆီ မက်ထရစ်တန် ၃,၀၀၀ လိုအပ်ကြောင်း Lanka IOC အကြီးအကဲ မန်နော့ ဂုပ္ပတားက ပြောသည်။

လောင်စာဆီ အကြီးအကျယ် လိုအပ်သည့် အခြားလုပ်ငန်းများတွင် အဝတ်အထည်နှင့် ချည်မျှင်လုပ်ငန်းများ ပါဝင်ပြီး ထိုလုပ်ငန်းများ၏ ပြည်ပတင်ပို့မှုသည် မေလတွင် ၃၀ ရာခိုင်နှုန်း တိုးတက်လာကာ ဒေါ်လာ ၄၈၂ သန်းဖိုးအထိ တင်ပို့နိုင်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

“ကျနော်တို့မှာ လောင်စာဆီ တပတ်၊ ၁၀ ရက်စာပဲ ကျန်တော့တယ်။ ဒါကြောင့် ကျနော်တို့ ကြိုးစားနေရတယ်” ဟု သီရိလင်္ကာ အဝတ်အထည်လုပ်ငန်း ဖိုရမ်မှ အထွေထွေအတွင်းရေးမှူး ယောဟန် လောရင့်စ်က ပြောသည်။

“လောင်စာဆီသစ် ထပ်ရောက်၊ မရောက်နဲ့ ရှေ့လာမယ့်ရက်တွေမှာ ဘာဖြစ်မယ်ဆိုတာကို ကျနော်တို့ စောင့်ကြည့်နေတယ်” ဟု သူက ပြောသည်။

၎င်းတို့သည် ဓာတ်အားပေး စက်ရုံအများအပြားကို လည်ပတ်ရေးအတွက်နှင့် ဓာတ်အားပြတ်တောက်မှု အနည်းဆုံး ဖြစ်စေရေးအတွက် နောက်ဆုံးလက်ကျန် မီးထိုးဆီကို သုံးနေရကြောင်း သီရိလင်္ကာ၏ လျှပ်စစ်ဓာတ်အား လုပ်ငန်းက ပြောသည်။ ယခင် ဓာတ်အားဖြတ်တောက်မှုသည် ၂ နာရီခွဲသာ ကြာသော်လည်း တနင်္လာနေ့တွင် ၃ နာရီအထိ ဖြတ်တောက်လာရသည်။

“လာမယ့် ၂ လအတွင်းမှာ ဓာတ်အားဖြတ်တောက်မှု ၃ နာရီနဲ့ ၄ နာရီကြားပဲ ရှိအောင်လို့ ကျနော်တို့ ကြိုးစားနေတယ်” ဟု သီရိလင်္ကာ အများပြည်သူဝန်ဆောင်မှု ကော်မရှင် ဥက္ကဋ္ဌ ဂျနကာ ရတ်တနာယာကေက ပြောသည်။ “ဒါပေမယ့် တိုင်းပြည်အခြေအနေအရ အပြောင်းအလဲတွေ ရှိနိုင်တယ်” ဟုလည်း သူကပြောသည်။

ဒေါ်လာ ၃ ဘီလီယံ ထုတ်ချေးရေးအတွက် IMF မှ ကိုယ်စားလှယ်များ သီရိလင်္ကာသို့ ရောက်နေသည်။ ထိုခရီးစဉ် လာမည့် ကြာသပတေးနေ့တွင် မပြီးဆုံးမီ ဝန်ထမ်းအဆင့် သဘောတူညီချက်များ ရမည်ဟု သီရိလင်္ကာနိုင်ငံက မျှော်လင့်နေသော်လည်း လတ်တလော ရန်ပုံငွေ ရမည့်ပုံ မပေါ်ပေ။

သီရိလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံထံမှ ဘဏ္ဍာရေးအကူအညီ ဒေါ်လာ ၄ ဘီလီယံ ရထားပြီးဖြစ်သည်။ ဘဏ္ဍာရေး စီမံခန့်ခွဲမှုအတွက် အမေရိကန်နိုင်ငံက အကူအညီပေးရန် သဘောတူထားကြောင်းလည်း အစိုးရက ပြောသည်။

ကိုးကား။ ။ Reuters သတင်း Sri Lanka halts fuel to non-essential services as crisis worsens

You may also like these stories:

ကြွေးမြီအကျပ်အတည်းကြောင့် လာအို ဒေဝါလီခံရနိုင်

တရုတ်အကြွေးပိပြီး ဒေဝါလီခံရတဲ့ သီရိလင်္ကာ

စက်သုံးဆီများ ထုတ်ရောင်းရန် လုပ်ငန်းရှင်များကို စစ်ကောင်စီ ခြိမ်းခြောက်ဖိအားပေး

စက်သုံးဆီပြတ်လပ်မှု SME လုပ်ငန်းများ ဝန်ပိုပိ

Loading