ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ပြောင်းအပါအဝင် လယ်ယာထွက်ကုန်တင်ပို့မှုကို ယခင်က ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၁၀ သတ်မှတ်ရာမှ လာမည့် ဇူလိုင် ၁ ရက်မှ စ၍ ၁ တန်လျှင် ဒေါ်လာ ၃၆၀ တိုးမြှင့်ကောက်ခံ မည်ဖြစ်သည့်အပြင် ငွေပေးချေရာတွင်လည်း အမေရိကန်ဒေါ်လာနှင့် ပြုလုပ်ရမည်ဟု စစ်ကောင်စီက သတ်မှတ်လိုက် သည်။
မြဝတီမြို့မှ ပြောင်းကုန်သည်ကြီး တဦးက “အရင် လိုင်စင် သတ်မှတ်ကြေးထက် ဈေးနှုန်းကိုလည်း မြှင့်လိုက်တယ်။ နောက်တခုက ဒေါ်လာနဲ့ ပို့ကုန်အားလုံးကို သတ်မှတ်တာကတော့ ကျနော်တို့ ပြောင်းရော၊ နှမ်းရော၊ ဆန်ကွဲရော၊ ဆန် ရော၊ ပဲရော ပါတယ်။ နယ်စပ်ကတော့ အခုမှ စစ်ကောင်စီက သတ်မှတ်တာ။ ဇူလိုင်လ ၁ ရက် စမှာပေါ့နော်။ အရင်က တော့ ဘတ်နဲ့ ပေးလို့ရသလို ကျပ်နဲ့လည်း ပေးလို့ရတယ်။ အခုကတော့ မရတော့ဘူး။ ကျနော်တို့ ရောင်းလိုက်တဲ့ ပစ္စည်းကို ဒေါ်လာနဲ့ပဲ ပြန်သွင်းရမယ်ဆိုတဲ့ သဘော ဖြစ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ပို့ကုန်ရငွေ ပေးသွင်းပြီးပါကလည်း ဘဏ်စလစ်ပြနိုင်မှ သာ နောက်တကြိမ် တင်ပို့ခွင့် လိုင်စင်ကို ထုတ်ပေးမည် ဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။
ယခင်က ထိုင်းနှင့် မြန်မာကုန်သည်များအကြား ကုန်ပစ္စည်းကို ဘတ်နှင့်သာ ရောင်းဝယ်ပြီး ကုန်သည်အနေဖြင့် နှစ်သက်ရာ ငွေလဲကောင်တာတွင် လဲလှယ်ကာ ပေးသွင်းရမည့် အခွန်၊ လိုင်စင်ကြေးများကို ကျပ် (သို့မဟုတ်) ဘတ် နှင့်သာ သွင်းရသော်လည်း ယခုအခါ စစ်ကောင်စီက အမေရိကန်ဒေါ်လာနှင့်သာ ပေးသွင်းရမည်ဟု လုပ်ဆောင်လာ ခြင်းဖြစ်သည်။
“အရင်က ပြောင်းကို ထိုင်းက ဘတ်နဲ့ ဝယ်တော့ ဘတ်နဲ့ပဲ ရှင်းတယ်။ ကျနော်တို့က ငွေလဲကောင်တာမှာ ချိန်းတယ်၊ အခုဒီလို မရတော့ဘူ ထိုင်း Kasikorn ဘဏ် နဲ့ မြန်မာဘက်က A Bank နဲ့ သဘောတူညီချက် ယူထားတော့ ဒီဘဏ် ကနေပဲ ငွေကို ထည့်ရမယ်။ လိုင်စင်လျှောက်ရင် ကုမ္ပဏီက သက်တမ်း ရှိရမယ်။ ပိတ်ထားတဲ့ ကုမ္ပဏီ မဖြစ်ရဘူး။ ဒီကုမ္ပဏီက A Bank မှာ အကောင့်ရှိ ရမယ်။ ဝယ်သွားတဲ့ ထိုင်းကုန်သည်က ထိုင်းဘက်က ဘဏ်မှာငွေသွင်း A Bank ထဲကို ကျနော်တို့ ငွေတွေ ရောက် လာမယ်။ အဲဒီမှာ စစ်ကောင်စီက ၁ ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ ပြန်ဖြတ်မယ့် သဘော” ဟု အဆိုပါ မြဝတီမြို့မှ ပြောင်းကုန်သည်က ရှင်းပြသည်။
ထို့ကြောင့် ပြင်ပပေါက်ဈေးနှင့် ကုန်သည်များ ရောင်း/ဝယ်သော်လည်း ပြန်လည် ရမည့်ငွေမှာ စစ်ကောင်စီ၏ သတ် မှတ်ထားသည့် ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းဖြင့်သာ ဖြစ်သောကြောင့် အဖြတ်ခံရမည့် ပုံစံဖြစ်နေသည်။
အဆိုပါ ကုန်သည်များ ရောင်း/ဝယ်၍ ရရှိလာသော ဒေါ်လာငွေကြေးကို စစ်ကောင်စီနှင့် သဘောတူချက်ယူထားသည့် ဘဏ်မှတဆင့် အခွန်၊ လိုင်စင်ကြေးများကို စစ်ကောင်စီက ဖြတ်တောက်သွားမည် ဖြစ်သည်။
မြဝတီမြို့ရှိ ရာဘာ ကုန်သည်ကြီးတဦးကလည်း “ရောင်းရတဲ့ ငွေကို အပြင်ဈေးနဲ့ မဟုတ်ဘဲ သူတို့ သတ်မှတ်တဲ့ ၁ ဒေါ် လာကို ၁၈၅၀ ကျပ်နဲ့ ဆိုတော့ ကွာနေတယ်။ လောလောဆယ် ဘတ်ရော၊ ဒေါ်လာရောတော့ ခွင့်ပြုထားသေးတယ်။ ဒါပေမယ့် အခု သတင်းထွက်တဲ့ ပို့ကုန်အားလုံးကို ဒေါ်လာနဲ့ပဲ ခွင့်ပြုမယ်ဆိုတာကတော့ ပြောင်းတမျိုးထဲလား၊ အား လုံးလားဆိုတာ ကျနော်တို့ သေချာ မသိရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ်မှ တင်ပို့သော ပို့ကုန်များကို အမေရိကန်ဒေါ်လာနှင့်သာ သတ်မှတ်ခွင့် ပြုမည် ဖြစ်ကြောင်း ထွက်ပေါ်နေသော်လည်း မရှင်းလင်းသည့်အချက်များ ရှိနေကြောင်း ကုန်သည်များက ပြောဆိုကြ သည်။
မြန်မာနိုင်ငံပြောင်းလုပ်ငန်း အသင်း တာဝန်ရှိသူ တဦးက “အခုကတော့ အမိန့်စာ မထွက်သေးပေမယ့် မြေပြင်မှာ တော့ တကယ်ဖြစ်နေတာပေါ့။ ဒါက တကယ်ဖြစ်လာမယ်ဆိုရင်တော့ ထိခိုက်မှုက ကြီးတယ်။ လောလောဆယ်တော့ ပြောင်းအသင်းအနေနဲ့ အခက်အခဲ အခြေအနေ တချို့ကို တင်ပြထားတာ ရှိတယ်။ ဘာမှ မသိရသေးဘူး” ဟု ဧရာဝတီ သို့ ပြောသည်။
ယခု ဇွန်လ၂၁ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် ပြောင်းပို့ကုန် လိုင်စင်ကြေးများကို ၁ တန်လျှင် ၃၁၀ မှ ၃၆၀ အထိ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး လက်မှတ်ထိုး ထားသည့် ထုတ်ပြန်ချက် လူမှုကွန်ရက်၌ ပျံ့နှံ့လာခဲ့သည်။
လက်ရှိတွင် ပြောင်းတင်ပို့မှုကို ဇွန်လ၂၃ ရက်တွင် စစ်တောင်းတံတားဂိတ်မှ စတင်ပြီး ပြောင်းကားများကို မြဝတီ ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်ခွင့် (ယာယီ) ပိတ်ထားသလို ကျန်ရှိသည့် ထိုင်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် တာချီလိတ်၊ ထီးခီး အစရှိသည့် ကုန်သွယ်ရေးဇုန်များ ဘက်တွင်လည်း ပြောင်းတင်ပို့မှုကို စစ်ကောင်စီက တားမြစ် ထားသည်။
မြဝတီ ပြောင်းကုန်သည်တဦးက “အခုလို လုပ်ရမယ်ဆိုရင် အပြင်မှာ ဒေါ်လာဈေးက မြင့်နေတဲ့အတွက် သူတို့ သတ် မှတ်ဈေးနဲ့ဆိုရင် ပြောင်း ၁ တန်ကို အနည်းဆုံး ငွေကျပ်၂၉ သိန်းနဲ့ သိန်း ၃၀ ဝန်းကျင်လောက် ရှုံးမှာ ဖြစ်တယ်။ ဒါကြောင့် ကုန်သည်ရဲ့ ထုံးစံအရ ဘယ်သူကမှ အရှုံးမခံဘူး။ အဲဒီတော့ အဆင့်ဆင့် ပေါက်ဈေးကို နုတ်သွားမယ်ဆိုရင် နောက်ဆုံး တောင်သူဆီက ဝယ်မယ့် ဈေးက နည်းသွားမယ်” ဟု ပြောသည်။
ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေး ဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ ထီးခီး အစရှိသည့် နယ်စပ် ကုန်သွယ်ရေးဂိတ်များမှ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၊ ရေထွက်ကုန်များ၊ စပါး၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ ရာဘာ အစရှိသဖြင့် ကုန်ပစ္စည်းများ တင်ပို့လျက်ရှိသည်။
မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ အကောက်ခွန် ကင်းလွတ်ခွင့် နှင့် တင်ပို့ခွင့်ရှိကြောင်း ကုန်သည်များထံက သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ယခု ၂၀၂၂ ခုနှစ် ဧပြီလမှ ဇွန်လဆန်းပိုင်းအထိ ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာသန်း ၁၁၀၀ ကျော်အထိ ကုန်သွယ်မှု ပြုလုပ်ထားကြောင်း ဖော်ပြထားသည်။
You may also like these stories:
ထိုင်းသို့ ပြောင်းတင်ပို့မှု ရုတ်တရက် ပိတ်လိုက်သဖြင့် ကုန်သည်များ အခက်ကြုံ
စက်သုံးဆီဈေးကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ရပ်ဆိုင်း
ကိုဗစ်၊ စစ်အာဏာသိမ်းမှုနှင့်အတူ ဈေးကွက်ပျက်သွားသော မြန်မာ့သီးနှံများ