စီးပွားရေး

အာဏာသိမ်းမှုကြောင့် မြန်မာဘီယာလုပ်ငန်းကို ကီရင် စွန့်လွှတ်

မြန်မာစစ်ကောင်စီနှင့်ပတ်သက်သော လုပ်ငန်းစုနှင့် ဖက်စပ်လုပ်ငန်း Myanmar Brewery မှ ၎င်းတို့၏ အဓိကရှယ်ယာများကို ဝယ်ယူမှုအား သဘောတူလိုက်ပြီဖြစ်ကြောင်း ဂျပန် အဖျော်ယမကာလုပ်ငန်းကြီး ကီရင် Kirin က ကြာသပတေးနေ့တွင် ကြေညာသဖြင့် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုကြောင့် မြန်မာဈေးကွက်မှ ထွက်ခွာသည့် လုပ်ငန်း ပြီးစီးသွားပြီဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ရက်အတန်ကြာသောအခါ ကီရင်က စစ်ကောင်စီ၏ မကြာသေးမီက လုပ်ရပ်များအတွက် လွန်စွာစိုးရိမ်ပူပန်ကြောင်း ပြောကြားပြီး ၎င်းတို့သည် စစ်ကောင်စီနှင့် ပတ်သက်နေသည့် မြန်မာ့စီးပွားရေးဦးပိုင် အများပိုင် ကုမ္ပဏီ လီမိတက် (MEHPCL) နှင့် ဖက်စပ်လုပ်ငန်းကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့သော် ကီရင်သည် လျှို့ဝှက်သော အထက်ပါ လုပ်ငန်းစုနှင့် အဆက်အသွယ်ဖြတ်ရန်ု ရုန်းကန်နေရပြီး ဖက်စပ်လုပ်ငန်းဖျက်သိမ်းရေးလုပ်ငန်းစဉ်တွင် တရားမျှတမှု မရှိမည်ကို စိုးရိမ်ခဲ့သည်။ MEHPCL ၏ လျှောက်ထားမှုကိုလည်း တရားရင်ဆိုင်ခဲ့ရသည်။

ယန်း ၂၂.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆၄ သန်း) ရှိသော ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အခြားတဘက်က ပြန်လည်ဝယ်ယူရေး သဘောတူညီချက် ရရှိကြောင်း ကီရင်က ကြာသပတေးနေ့တွင် ကြေညာလိုက်သောကြောင့် ထိုဖက်စပ်လုပ်ငန်းအဆုံးသတ်သွားသည်။

“ကြေညာထားတဲ့အချိန်အတွင်း ဒီကိစ္စကို နည်းလမ်းအမျိုးမျိုးထဲက အသင့်တော်ဆုံးနည်းလမ်းနဲ့ ဖြေရှင်းနိုင်လို့ ကျနော်တို့ စိတ်သက်သာရာ ရခဲ့ပါတယ်” ဟု ကီရင်၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် ကိုရှီနိုရီ အစ်ဆိုဇာကီ က ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။

၂၀၁၈ ခုနှစ်တွင် ကီရင်က ထုတ်ပြန်သော စာရင်းများအရ မြန်မာအဖျော်ယမကာလုပ်ငန်း (Myanmar Brewery) သည် ဈေးကွက်ဝေစု ၈၀ ရာခိုင်နှုန်းနီးပါးရရှိထားကြောင်း သိရသည်။ ထိုလုပ်ငန်းမှ ထုတ်လုပ်သော အဖျော်ယမကာများတွင် နိုင်ငံအနှံ့အပြား ထိုစဉ်က တွေ့ရသည့် မြန်မာဘီယာလည်း ပါဝင်သည်။

သို့သော် ကီရင်သည် စစ်အုပ်စုနှင့် ဆက်ဆံသောကြောင့် အာဏာမသိမ်းမီကပင် ဖိအားပေးခံနေရပြီး ထိုဖက်စပ်လုပ်ငန်းမှ ဝင်ငွေများသည် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ငွေကြေးထောက်ပံ့ခြင်း ရှိ မရှိ ပွင့်လင်းမြင်သာအောင်လုပ်ရန် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုခံရပြီး စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ပေးခဲ့ရသည်။

မြန်မာစစ်အုပ်စုက ၂၀၁၁ ခုနှစ်တွင် ချုပ်ကိုင်မှုများလျှော့ချပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင် စီးပွားရေးလွတ်လပ်ခွင့်ကို လမ်းဖွင့်ပေးခဲ့သောအခါ ရင်းနှီးမြှုပ်နှံသူများ မြန်မာသို့ အလုံးအရင်း ဝင်ရောက်ခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများသည် ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံ၊ ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေး စီမံကိန်းများတွင် ပုံအောမြှုပ်နှံခဲ့ကြသော်လည်း စစ်အာဏာသိမ်းမှုက ထိုဒီမိုကရေစီကြားကာလကို နောက်ပြန်လှည့်သွားစေသည်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရေနံလုပ်ငန်းကြီးမားဖြစ်သည့် TotalEnergies နှင့် Chevron နှင့် နော်ဝေး ဆက်သွယ်ရေးလုပ်ငန်း Telenor အပါအဝင် နိုင်ငံခြားကုမ္ပဏီအများအပြားသည် မြန်မာ ဈေးကွက်မှ ထွက်ခွာသွားကြပြီးဖြစ်သည်။

ကီရင်၏ မြန်မာမှ စီးပွားရေးသည် ၂၀၁၉-၂၀၂၀ ခုနှစ်က ဝင်ငွေ ယန်း ၃၂.၆ ဘီလီယံရှိပြီး လုပ်ငန်းတခုလုံး၏ နှစ်စဉ်ဝင်ငွေ၏ ၂ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်။

You may also like these stories:

စစ်အုပ်စုနှင့် ပတ်သက်သော မြန်မာဘီယာ ရောင်းအား ပြိုလဲ

ကားတင်သွင်းခွင့်ပိတ်လိုက်လို့ ကားဈေးကွက် ကမောက်ကမ ဖြစ်လာနေ

စစ်ခေါင်းဆောင်သားနှင့် ခရိုနီတချို့ပေါင်းပြီး ရုရှားဆီ တင်သွင်းရန် ကြံစည်နေ

ပို့ကုန်ရငွေ စာရင်းရှင်းရန် ကျန်ရှိကုမ္ပဏီများကို စစ်ကောင်စီ ပြန်တောင်းနေ

စက်သုံးဆီဈေးကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ရပ်ဆိုင်း

သီရိလင်္ကာတွင် လောင်စာဆီ ခွဲတမ်းချ

Loading