တရုတ်နယ်စပ်အပါအဝင် မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့နေသော ပြောင်း၊ ရော်ဘာ၊ ပဲနှင့် ဆီထွက်သီးနှံများကို အမေရိကန်ဒေါ်လာ တမျိုးတည်းနှင့်သာ ယခုလမှစတင်ပြီး ဈေးနှုန်းသတ်မှတ် ဆောင်ရွက်သွားရန် စစ်ကောင်စီ၏ နိုင်ငံခြား သုံးငွေ ကြီးကြပ်မှုကော်မတီက ပြန်လည် သတ်မှတ်လိုက်ကြောင်း ကုန်သည်များထံမှ သိရသည်။
ယခင်က တရုတ်-မြန်မာနှင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် တရုတ်ငွေ ယွမ်နှင့် ထိုင်းငွေ ဘတ် တို့ဖြင့် တိုက်ရိုက်ပေးချေရန် ခွင့်ပြုထားသော်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် တပြေးညီ သတ်မှတ်ရန်ဟုဆိုကာ ပြည်ပတင်ပို့နေသည့် ပဲမျိုးစုံ (တင်ပို့ခွင့် ပိတ်ထားသည့် မြေပဲမပါ)၊ ပြောင်း၊ ရာဘာ စသည်တို့ကို ဒေါ်လာငွေ တမျိုးတည်းနှင့်သာ တင်ပို့ရောင်းချရန် ပြန်လည် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
မူဆယ်နယ်စပ် ဒေသခံ ကုန်သည်ကြီးတဦးက “ယမန်နေ့ (ဇူလိုင် ၄ ရက်) က စပြီးတော့ မူဆယ်နယ်စပ်မှာ စလုပ်နေ ပြီ။ ပဲတို့၊ ကြက်သွန်တို့၊ ရာဘာတို့၊ ပြောင်းတို့ အားလုံး ဒေါ်လာ သတ်မှတ်ဈေးနှုန်းနဲပဲ သွားတယ်။ ဆန်နဲ့ ဆန်ကွဲကို တော့ ယခင်အတိုင်း ယွမ်နဲ့ ခွင့်ပြုထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပို့ကုန်တင်ပို့မှုများကို ဒေါ်လာနှင့် သတ်မှတ်ရောင်းချရန် စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ဇူလိုင် ၃ ရက်စွဲဖြင့် မူဆယ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များသို့ အကြောင်းကြားခဲ့ပြီးနောက် ဇူလိုင် ၄ ရက်တွင် သတ်မှတ်ချက်နှင့်အညီ စတင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “နယ်စပ်မှာက တရုတ်ကိုတင်ပို့တာ ဆန်က အမျိုးအစား ၅ မျိုးလောက် ရှိတယ်။ ၉၅ မှတ်၊ ၉၀ မှတ်တို့၊ ၈၀ မှတ်တို့ပေါ့။ ပုံမှန်တင်ပို့နေတဲ့ ဧည့်မထ ၂၅ မှတ်တန် (အများဆုံးတင်ပို့တဲ့ ဆန်) ကိုတော့ ၁ တန် ဒေါ်လာ ၃၄၀ နဲ့ သတ်မှတ်ထားတယ်။ ဒါပေမဲ့ ပို့ကုန်ရငွေကို ယွမ်နဲ့ပေးချေလို့ ရတယ်။ အခု သတ်မှတ်တာက ဆီထွက်သီးနှံမှာ မြေပဲကို စားသုံးဆီအတွက် ကန့်သတ်ထားတော့ မပါဘူး။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲထောပတ် စတဲ့ သီးနှံတွေ ပို့ကုန်ရငွေကို ဒေါ်လာနဲ့ပဲ ပေးရမှာ ဖြစ်တယ်” ဟု ဆိုသည်။
ပထမပိုင်းတွင် ဆန်နှင့် ဆန်ကွဲကိုပါ နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်ရငွေအား ဒေါ်လာနှင့် သတ်မှတ်မည် ဆိုသောကြောင့် ဈေးတွက်ခြေ မကိုက်သောကြောင့် ရက်ပိုင်းခန့် တရုတ်တင်ပို့မှု ရပ်တန့်သွားမှ ယခုအခါ ဆန်နှင့်ဆန်ကွဲ မပါသဖြင့် ဇူလိုင် ၄ ရက်မှ စ၍ ပြန်လည် တင်ပို့မှုများရှိလာပြီး ၁ ရက်လျှင် တရုတ်ဘက်သို့ ပျမ်းမျှ အိတ်ရေ ၁ သောင်း ဝန်းကျင် တင်ပို့နေကြောင်း သိရသည်။
စစ်ကောင်စီ၏ လယ်ယာထွက်ကုန်များ တင်ပို့မှုအပေါ် ယွမ်၊ ဘတ်တို့အစား ဒေါ်လာနှင့် ပြောင်းလဲ သတ်မှတ်လိုက်သောကြောင့် ပဲမျိုးစုံဈေးကွက်တွင် ဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်၍ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း ၁ အိတ် (၅၆ ပိဿာနှင့် ၂၅ ကျပ်သားပါ) လျှင် ကျပ် ၁၄၀,၀၀၀ မှ ၁၅၀,၀၀၀ ကြားရှိကာ ကျပ် ၁၀,၀၀၀ ဝန်းကျင်တွင် ဈေးအတက် အကျဖြစ်ပြီး ဈေးမငြိမ် ဖြစ်နေကြောင်း မန္တလေးမြို့ ပဲကုန်သည်ကြီးတဦးက ပြောသည်။
“သူတို့ (စစ်ကောင်စီ) သတ်မှတ်လို့ ဈေးကျသွားတယ်။ ပြီးတော့ ငွေဈေး ဒေါ်လာက အပြင်မှာ ပြန်တက်လာတော့ ပြန် တက်သွားပြန်တယ်။ အဲဒီတော့ တော်ကြာတက်လိုက်၊ တော်ကြာကျလိုက် ဈေးကမမှန်ဘူး ဖြစ်တယ်” ဟု လက်ရှိ အခြေအနေကို ၎င်းက ရှင်းပြသည်။
ထို့ပြင် ဒေါ်လာ သတ်မှတ်ဈေးနှင့် အရောင်းအဝယ် ပြုလုပ်ရမည့် ကုန်စည်ဖြစ်သော ပြောင်းဈေးကွက်အပေါ် ထိခိုက်မှုများရှိနေပြီး ယခင်က ရန်ကုန်ပေါက်ဈေးမှာ ပြောင်း ၁ ပိဿာ ကျပ် ၁၀၀၀ ကျော် ရှိနေရာမှ ယခုအခါ ကျပ် ၉၀၀ ကျော်သာ ရှိတော့ကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။
ယခု စစ်ကောင်စီ သတ်မှတ်လိုက်သော ပို့ကုန်ရငွေ ဒေါ်လာနှင့် ပေးသွင်းရခြင်းတွင် သတ်မှတ်ချက်အတိုင်း ဒေါ်လာနှင့် ပေးသွင်းပြီးပါကလည်း ဘဏ်စလစ်ပြနိုင်မှသာ နောက်တကြိမ် တင်ပို့ခွင့်လိုင်စင်ကို ထုတ်ပေးမည် ဖြစ်သည့်အပြင် ပို့ ကုန်ပစ္စည်းများနှင့် ပတ်သက်ပါက အာရှနိုင်ငံများသို့ တင်ပို့ကုန်များအတွက် ပို့ကုန်ရငွေကို ၄၅ ရက်အတွင်း မဖြစ်မနေ ဝင်ရောက်ရမည်ဖြစ်ပြီး အာရှနိုင်ငံများ၊ ပြင်ပတခြားနိုင်ငံများသို့ တင်ပို့သည့် ကုန်စည်ဖြစ်ပါက ရက်ပေါင်း ၉၀ အတွင်း ဒေါ်လာငွေ ဝင်ရောက်ရမည် ဖြစ်သည်။
မြဝတီနယ်စပ် ကုန်သည်ကြီးတဦးက “အခုကတော့ ပို့ကုန်ရငွေတွေကို ဒေါ်လာနဲ့ သတ်မှတ်တာဆိုတော့ ရာဘာလည်း ပါသွားတယ်။ ထိုင်းကတော့ တဆင့်ခံတွေ များတယ်။ ကျနော်တို့ကျတော့ ထိုင်းကတဆင့် မလေးရှားကို ပို့တာ။ ဒေါ်လာနဲ့ပို့တာ များတယ်။ ဘတ်နဲ့ လုပ်တာကတော့ ပို့ကုန်တွေကို ဘတ်၊ ကျပ်၊ ဒေါ်လာ ကြိုက်တာနဲ့ လုပ်ခွင့် ရှိတယ်။ အခုက ဒေါ်လာနဲ့ ပြန်ဖြစ်သွားတာပေါ့။ ကျနော်တို့ဘက်မှာက ဆန်နဲ့ ဆန်ကွဲပါ အခု သတ်မှတ်တဲ့အထဲ ပါတယ်” ဟု ပြောသည်။
လက်ရှိ ပို့ကုန်ရငွေများကို ဒေါ်လာနှင့်သာ သတ်မှတ်လိုက်သဖြင့် ကုန်သည်များအတွက် အခက်အခဲ ဖြစ်သွားသည်မှာ စစ်ကောင်စီက ၁ ဒေါ်လာလျှင် ပေါက်ဈေးအတိုင်း မဟုတ်ဘဲ မြန်မာကျပ်ငွေ ၁၈၅၀ ကျပ်နှင့်သာ ကုန်သည်များသို့ ပြန်လည် ပေးချေမည် ဖြစ်သောကြောင့် အရှုံးနှင့်ရင်ဆိုင်ရမည့် အခြေအနေ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
“ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက ဒေါ်လာ လိုသလောက် ပြန်မရောင်းပေးနိုင်ဘူး။ ကျနော်တို့ ရောင်းလိုက်တဲ့ ပစ္စည်းက ဒေါ်လာနဲ့သတ်မှတ်လို့ သူ့ဆီ ဒေါ်လာရောက်သွားပေမယ့် ကျနော်တို့ ဒေါ်လာလိုလို့ ပြန်ဝယ်ရင် မရတော့ အပြင်ကဈေးနဲ့ ဝယ်ရတယ်။ အပြင်မှာက ၁ ဒေါ်လာ ၂၁၉၀ ကျပ် ဖြစ်နေတယ်။ အဲဒီတော့ တင်ပို့တဲ့သူက လုပ်တိုင်း ရှုံး ဖြစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ယခုလို ပို့ကုန်ရငွေများကို ဒေါ်လာနှင့် သတ်မှတ်လိုက်ပြီးနောက် ဝင်လာသည့် ရောင်းရငွေ ဒေါ်လာမှ အခွန် ၅ ရာခိုင်နှုန်း (ကုန်သွယ်ခွန်) နှင့် ၂ ရာခိုင်နှုန်း (ဝင်ငွေခွန်) တို့ကို ဒေါ်လာနှင့် ဖြတ်ထားပြီး ကျန်ငွေကို ကုန်သည်ထံ ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းဖြင့်သာ ကျပ်ငွေ ထုတ်ပေးမည် ဖြစ်သည်။
လက်ရှိ စစ်ကောင်စီ၏ မီနီဘတ်ဂျက် (၂၀၂၁-၂၀၂၂) ဖြစ်သည့် ဧပြီ ၁ ရက်မှ ဇွန် ၂၆ ရက်ထိ ထိုင်း-မြန်မာနယ်စပ်မှ ကန်ဒေါ်လာ သန်းပေါင်း ၁၁၉၆ ဒသမ ၇၈၉ နှင့် တရုတ်-မြန်မာနယ်စပ်မှ ဒေါ်လာသန်းပေါင်း ၅၀၂ ဒသမ ၈၀၆ ပို့ကုန် တင်ပို့ထားကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဖော်ပြထားသည်။
You may also like these stories:
ထိုင်း-မြန်မာ နယ်စပ်မှ လယ်ယာထွက်ကုန် တင်ပို့မှုအပေါ် လိုင်စင်ကြေး တိုးမြှင့်
ပို့ကုန်ရငွေ စာရင်းရှင်းရန် ကျန်ရှိကုမ္ပဏီများကို စစ်ကောင်စီ ပြန်တောင်းနေ
ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ကျပ်နှင့် ဘတ် တိုက်ရိုက် ငွေပေးချေမှု စစ်ကောင်စီ ခွင့်ပြု
ဆီထွက်သီးနှံ ပြည်ပတင်ပို့မှု ပိတ်သဖြင့် စားသုံးဆီဈေးကွက် မတည်ငြိမ်ဖြစ်နေ