စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ကော့သောင်း၊ မြိတ်နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးများတွင်လည်း ပို့ကုန်တင်ပို့မှုများကို ဒေါ်လာနှင့် သတ်မှတ်ရောင်းချရန် ယခုရက်ပိုင်းအတွင်း စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဖြစ်သည့် မြဝတီ-မဲဆောက်နယ်စပ်ကုန်သွယ်ရေးတွ ဇူလိုင် ၁ ရက်က စတင်လုပ်ဆောင်ပြီး တရုတ်-မြန်မာ မူဆယ်နယ်စပ် ကုန်သွယ်ရေးတွင် ဇူလိုင်လ ၄ ရက်က စတင်လုပ်ဆောင်လျက် ရှိသည်။
နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့မှုများကို အမေရိကန်ဒေါ်လာဖြင့် တင်ပို့ရန် သတ်မှတ်ထားချက်ကြောင့် နယ်စပ် ဒေသရှိ ကုန်သည်များနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အခက်တွေ့နေကြောင်း ကုန်သည်များထံက သိရသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် တပြေးညီသတ်မှတ်ခြင်းဟု ဆိုကာ ပို့ကုန် တင်ပို့မှုများကို ဒေါ်လာနှင့် ပြန်လည် သတ်မှတ်လိုက်ပြီးနောက် စစ်ကောင်စီ၏ ၁ ဒေါ်လာ ၁၈၅၀ ကျပ် သတ်မှတ်နှုန်းထားကြောင့် ပြင်ပ ပေါက်ဈေးနှင့် ကွာဟကာ တင်ပို့ရာတွင် အခက်အခဲများ ဖြစ်နေသည်ဟု နယ်စပ်ကုန်သည်များထံက သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သည်ကြီး တဦးက “ကျနော်တို့ ဘက်က စလုပ်ထဲက မြန်မာကျပ်ငွေနဲ့ ဒေါ်လာပဲသုံးတာဖြစ်တယ်ဆိုပေမယ့် ၁ ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ သတ်မှတ်တော့ အခက်အခဲ ရှိတယ်။ ဒါ့အပြင် ပို့ကုန်ရငွေကို ရက်သတ်မှတ် ထားတော့ ငွေမသွင်းရင် လုပ်လို့ မရတဲ့ ကုန်တွေရှိလာတော့ အခက်တွေ့တယ်။ တချို့ပစ္စည်းတွေက အရင်ပို့ပြီးမှ ငွေက နောက်မှရတယ်။ အဲ့တော့ အခုသတ်မှတ်ချက်က အခက်အခဲတော့ဖြစ်သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခု စစ်ကောင်စီ သတ်မှတ်လိုက်သော ပို့ကုန်ရငွေ ဒေါ်လာနှင့် ပေးသွင်းရခြင်းတွင် သတ်မှတ်ချက်အတိုင်း ဒေါ်လာနှင့် ပေးသွင်းပြီးပါကလည်း ဘဏ်စလစ်ပြနိုင်မှသာ နောက်တကြိမ် တင်ပို့ခွင့်လိုင်စင်ကို ထုတ်ပေးမည် ဖြစ်သည့်အပြင် ပို့ ကုန်ပစ္စည်းများနှင့် ပတ်သက်ပါက အာရှနိုင်ငံများသို့ တင်ပို့ကုန်များအတွက် ပို့ကုန်ရငွေကို ၄၅ ရက်အတွင်း မဖြစ်မနေ ဝင်ရောက်ရမည်ဖြစ်ပြီး အာရှနိုင်ငံများ၊ ပြင်ပတခြားနိုင်ငံများသို့ တင်ပို့သည့် ကုန်စည်ဖြစ်ပါက ရက်ပေါင်း ၉၀ အတွင်း ဒေါ်လာငွေ ဝင်ရောက်ရမည် ဖြစ်သည်။
တချို့ ကုန်စည်များမှာ ငွေဝင်ရောက်ရာတွင် ရက်ကြာသဖြင့် ရောင်းချရာတွင် အခက်ခဲဖြစ်သွားသည့်အပြင် ပို့ကုန်ရငွေကို မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေ ပြန်လည် ထုတ်ပေးရာတွင်လည်း ငွေသား ပမာဏ (ရောင်းရသည့် ပမာဏတန်ဖိုး) အပြည့်မရသဖြင့် တောင်သူထံမှ ကုန်ပြန်ဝယ်ရာတွင် ခက်ခဲသွားကြောင်း အထက်ပါကုန်သည်ကြီးက ရှင်းပြသည်။
ယခုကဲ့သို့ ပို့ကုန်တင်ပို့မှုများကို စစ်ကောင်စီက မူဝါဒပြောင်းလဲ သတ်မှတ်လိုက်ခြင်းသည် ကုန်သည်များ အတွက် ခက်ခဲသွား သည့် အခြေအနေများ ဖြစ်လာသည့် အပြင် တရားဝင် ကုန်သွယ်ရေးလမ်းကြောင်းထက် တရားမဝင်ကုန်သွယ်ရေး လမ်းကြောင်းက နယ်စပ်တွင် ယခင်ထက် ပို၍ ပေါ်လာနိုင်သည့် အခြေအနေဖြစ်သွားကြောင်း သိရသည်။
အလားတူ ကျန်ရှိနေသည့် တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဖြစ်သော ကော့သောင်း၊ မြိတ်နယ်စပ် ကုန်သွယ်ရေး ဂိတ်များ တွင်လည်း ယခုရက်ပိုင်းအတွင်း ဒေါ်လာနှင့် သတ်မှတ်လုပ်ဆောင်ရန်အတွက် ဘဏ်အကောင့်များ ဇူလိုင် ၁၁ ရက်တွင် စတင်လုပ်ဆောင်ပေးနေပြီ ဖြစ်ကြောင်း ဒေသခံကုန်သည်များထံက သိရသည်။
တနင်္သာရီတိုင်း နယ်စပ်ကုန်သည်ကြီးတဦးက “ကျနော်တို့ ဆီမှာတော့ ကုန်သွယ်မှုများတဲ့ ကော့သောင်းနဲ့ မြိတ်ကို လုပ်ဖို့ စီစဉ်နေတယ်။ ကျန်တဲ့ မောတောင်၊ ထီးခီးတို့တော့ မပါသေးဘူး။ လယ်ယာထွက်ကုန်နဲ့ ဆီထွက်သီးနှံက ဒေါ်လာနဲ့ ကျန်တဲ့ ရေထွက်ကုန်တို့ ဘာတို့ကတော့ ဘတ်နဲ့ လုပ်ရမယ်။ လုပ်ငန်းဆောင်ရွက်ဖို့ကို ကျနော်တို့ ဆွေးနွေးထားတယ်။ ဒီနေ့တော့ ဘဏ်အကောင့်တွေ စလုပ်ပေးနေပြီ”ဟု ပြောသည်။
ပို့ကုန်ရငွေများကို ဒေါ်လာနှင့်သာ သတ်မှတ်လိုက်သဖြင့် ကုန်သည်များအတွက် အခက်အခဲ ဖြစ်သွားသည်မှာ စစ်ကောင်စီက ၁ ဒေါ်လာလျှင် ပေါက်ဈေးအတိုင်း မဟုတ်ဘဲ မြန်မာကျပ်ငွေ ၁၈၅၀ ကျပ်နှင့်သာ ကုန်သည်များသို့ ပြန်လည် ပေးချေမည် ဖြစ်သောကြောင့် အရှုံးနှင့်ရင်ဆိုင်ရမည့် အခြေအနေဖြစ်ပြီး သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများမှာလည်း ဈေးနှုန်း ကျဆင်းသည့် အခြေအနေနှင့် ရင်ဆိုင်လာရမည် ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
ယခင်က ရှမ်းပြည်နယ် အောင်ပန်း ဒေသထွက် ဂျင်း ၁ ပိဿာကို မြန်မာကျပ်ငွေ ၁၇၀၀၊ ၁၈၀၀ ကျပ်အထိ ရခိုင်ကုန်သည်များက ပေးဝယ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့သော်လည်း ယခုအချိန်တွင် ဂျင်း ၁ ပိဿာ ၃၀၀၊ ၄၀၀ ကျပ်သာ ရှိသည့် အခြေနေ ဖြစ်သွားသည်။
လက်ရှိ စစ်ကောင်စီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ် ဧပြီလ တလအတွင်း နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၄၃၃ ဒသမ ၁၃၃ သန်း တင်ပို့ထားကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။
You may also like these stories:
စစ်နှင့် ကုန်ဈေးနှုန်းဒဏ် ပြည်သူများ ခါးစည်းခံနေရ
တရုတ်နယ်စပ်လည်း ဒေါ်လာနှင့် ကုန်သွယ်ရန် စစ်ကောင်စီ ပြန်သတ်မှတ်
ထိုင်း-မြန်မာ နယ်စပ်မှ လယ်ယာထွက်ကုန် တင်ပို့မှုအပေါ် လိုင်စင်ကြေး တိုးမြှင့်