စီးပွားရေး

စစ်ကောင်စီ ထိန်းချုပ်ဖြန့်ဖြူးမှုကြောင့် စားအုန်းဆီဈေး ဆက်လက်မြင့်တက်နေ

စားအုန်းဆီ ဖြန့်ဖြူးရောင်းချရန် လုပ်ငန်းရှင်များသို့ စစ်ကောင်စီက ထုတ်ပေးရာတွင် တရက်လျှင် ဆီတန်ချိန် ၁၂၀၀ ဝန်းကျင်သာ ထုတ်ပြီး ဈေးကွက်ကို ထိန်းချုပ်ထားသောကြောင့် ဝယ်လိုအားထက် ရောင်းပေးနိုင်သည့် ပမာဏနည်းကာ စားအုန်းဆီဈေးမှာ သတ်မှတ်ဈေးနှင့် ၂ ဆမြင့်နေသည်။

စစ်ကောင်စီက နိုင်ငံခြားသုံးငွေများကို လိုအပ်ချက်အတိုင်း အပြည့်အဝသုံးစွဲနိုင်ရေးအတွက် ကြပ်မတ် ဆောင်ရွက်သည်ဟု ဆိုကာ ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီအပါအဝင် သွင်းကုန်ပစ္စည်းများကို နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ တင်သွင်းခွင့်ပေးသလို တင်သွင်းရာတွင်လည်း ပမာဏ ကန့်သတ်ခြင်း၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာ တွင်လည်း ကန့်သတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ အခြေအနေများကြောင့် စားအုန်းဆီမှာ ပြည်တွင်းစားသုံးမှု၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဘဲ ကုန်ပစ္စည်းရှားကာ ဈေးနှုန်းများ ဆက်လက်မြင့်နေခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ပြည်တွင်း စားအုန်းဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူ တဦးက “အင်ဒိုနီးရှားကလည်း တင်သွင်းခွင့်ပေးလိုက်တော့ ပြည်ပသွင်းတာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က အရန်ဆီထားချင်တော့ တနေ့ကို တန်ချိန် ၁၂၀၀ ဆီကန်က ထုတ်ခွင့်ရတယ်။ အဲ့ဒီတော့ အင်ဒိုနီးရှားပိတ်လို့ ဝယ်မရလို့ ဈေးတက်တာမဟုတ်ဘူး။ ဆီက စားသုံးသူ လိုအပ်သလောက် ဈေးကွက်ကို မရောက်တော့ ဈေးက တက်နေတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

အဓိကအားဖြင့် စားအုန်းဆီကို ပြည်ပမှ တင်သွင်းရာတွင် ပုံမှန်းအားဖြင့် တနှစ်လျှင် တန်ချိန် ၁၂ သိန်း၊ တလလျှင် တန်ချိန် ၆ သောင်းခန့် လိုအပ်ချက်ရှိသော်လည်း စစ်ကောင်စီက တလလျှင် တန်ချိန် ၅ သောင်းသာ တင်သွင်းခွင့်ပေးသည့်အပြင် တရက် ထုတ်ယူခွင့် ပမာဏမှာလည်း ဈေးကွက်လိုအပ်ချက်အရ တန်ချိန် ၁၆၀၀ ခန့် လိုသော်လည်း တန်ချိန် ၁၂၀၀ သာ ထုတ်ယူခွင့်ရသဖြင့် စားသုံးမှု၏ လိုအပ်ချက်ကို မဖြည့်တင်းနိုင်ဘဲ ဈေးနှုန်းများမှာ ၁ ပိဿာလျှင် ကျပ် ၉၀၀၀ ကျော် ရောက်လာခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

“ဆီတန်ချိန် ၄၀၀ လောက်က နေ့စဉ်လိုအပ်နေတယ်။ အရင်လတွေကလည်း တင်သွင်းလို့ မရတော့ ပြတ်လပ်မှုတွေက ရှိခဲ့တယ်။ အခုက အင်ဒိုနီးရှားက ပြန်တင်သွင်းလို့ ရပေမယ့် ဈေးကတော့ ပြည်တွင်း ဂယက်ကြောင့် တက်နေဆဲပေါ့။ ဒီအချိန်မှာ စစ်ကောင်စီ သတ်မှတ်တာ ၁ ပိဿာ ၄၃၀၀ ကျပ်၊ ဖြစ်သင့်တဲ့ဈေးက ၅၀၀၀ ကျပ်ကနေ ၆၀၀၀ ကျပ်လောက်ပေါ့။ ဒါပေမယ့် အဲ့ဈေးကို ပြန်မကျနိုင်ဘူးဖြစ်နေတာ”ဟု တင်သွင်းဖြန့်ဖြူးရောင်းချသူ တဦးက ဆိုသည်။

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှု ကော်မတီက ရန်ကုန်အထိုင်ဈေးအဖြစ် စားအုန်းဆီ ၁ ပိဿာ ၄၆၅၀ ကျပ် သတ်မှတ်ထားသလို စားအုန်းဆီ သိုလှောင်ကန်များမှ ဆီထုတ်ယူခွင့်ကိုလည်း တရက်လျှင် တန်ချိန် ၁၂၀၀ သာခွင့်ပြုထားသည်။

ယင်းသတ်မှတ်ဈေးမှာ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့၏ ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူ ပို့ဆောင်ခ ကုန်ကျစရိတ်များ၊ အခွန်အခများကို တွက်ချက် ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

အဆိုပါ စစ်ကောင်စီ၏ သတ်မှတ်ဈေးနှုန်းဖြင့် ယခင်က မြန်မာနိုင်ငံ ဆီကုန်သည်နှင့် လုပ်ငန်းရှင်များ အသင်းက တိုင်းနှင့် ပြည်နယ်များတွင် ကားနှင့်လှည့်လည်၍ မြို့နယ်များတွင် လူ ၁ ဦးလျှင် ၁ ပိဿာနှုန်းနှင့် ရောင်းချပေးခြင်း ရှိခဲ့သော်လည်း မေလမှစ၍ လက်ရှိအချိန်ထိ လှည့်လည်ရောင်းချခြင်းကို ရပ်နားထားကြောင်း ယင်းအသင်းမှ သိရသည်။

ထို့ပြင် ဈေးကွက်အတွင်း ဈေးနှုန်း မြင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသော လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည် ဝန်ဆောင်မှု ဥပဒေနှင့် အရေးယူသွားမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။

စားအုန်းဆီ တင်သွင်းရာတွင်လည်း လက်ရှိ စစ်ကောင်စီ၏ ကန့်သတ်ထိန်းချုပ်မှုများကြောင့် ပြည်တွင်းရှိ တင်သွင်းသူများမှာ တင်သွင်းရာတွင် ရှုပ်ထွေးမှုများ ရှိနေသလို ယခုကာလသည် ဈေးအတက်အကျ ကြမ်းနိုင်သည့် အချိန်ဖြစ်သောကြောင့် စားအုန်းဆီ ဝယ်ယူရာတွင် သိုလှောင်ခြင်း မပြုဘဲ ချင့်ချိန် ဝယ်ယူမှုများသာ ပြုလုပ်ရမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။

ပြည်တွင်းမှ စားသောက်ကုန်များကို ချက်ပြုတ်ထုပ်ပိုး ရောင်းချနေသူ တဦးက “တနေ့ တနေ့ ကုန်ဈေးနှုန်းတွေကတော့ အတက်တွေချည်းပဲ ကျတာ မရှိပါဘူး။ အလုပ်ဖြစ်ရုံ လုပ်ငန်း လည်ပတ်နိုင်ရုံသာ ဆက်သွားနေရပေမယ့် တွက်ချေက သိပ်မကိုက်ဘူး။ အခုနောက်ပိုင်း စားသုံးသူတွေကလည်း ကုန်ဈေးနှုန်းတွေ မြင့်လာတော့ အရင်လို မစားနိုင်တော့ဘူး။ လုပ်ငန်း ရပ်မသွားအောင်တော့ မှေးပြီး လုပ်နေရတယ်”ဟု ပြောသည်။

You may also like these stories :

ပြည်တွင်း၌ ဆေးဝါးစျေးတက်၊ ကုန်ပစ္စည်း ပြတ်လပ်မှုပါဖြစ်နေ

စစ်နှင့် ကုန်ဈေးနှုန်းဒဏ် ပြည်သူများ ခါးစည်းခံနေရ

စစ်ကောင်စီ ဒေဝါလီခံရနိုင်သလား

အမိန့်ပေး ထိန်းချုပ်ရေးကြောင့် တိုင်းပြည် စီးပွားပျက်ရုံသာ

Loading