နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ စီးဆင်းမှုကို ထပ်မံတင်းကြပ်သည့် အနေဖြင့် ပြည်ပမှ ချေးငွေများ ပြန်လည်ပေးဆပ် ခြင်းကို ဆိုင်းငံ့ထားရန် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်မှ ဇူလိုင်လ ၁၃ ရက်နေ့က ပြည်တွင်းဘဏ်များကို ညွှန်ကြား လိုက်သည်။
အဆိုပါညွှန်ကြားချက်တွင် ပြည်တွင်း၌ နေထိုင်သူများဖြစ်သည့် ကုမ္ပဏီများနှင့် တစ်ဦးချင်း၏ ပြည်ပမှ ရယူထားသော ချေးငွေအသီးသီး၏ အတိုးအရင်း ပြန်လည်ပေးဆပ်ခြင်းကို ဆိုင်းငံ့ထားပြီး ပြည်တွင်းဘဏ်များအနေဖြင့် မိမိတို့၏ Customers များကို ချေးငွေ အတိုး/အရင်း ပြန်လည် ပေးဆပ် ရမည့် အစီအစဉ် (Repayment Schedule)ကို ပြည်ပက ငွေချေးငှားသူ (Lender) များနှင့် ညှိနှိုင်းပြီး လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန်လည်း ဆိုထားသည်။
ထိုညွှန်ကြားချက်ကြောင့် မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသော ပြည်ပကုမ္ပဏီများ၊ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် နိုင်ငံခြားဘဏ်များထံမှ ချေးငွေ ရယူ ထားသော ပြည်တွင်းကုမ္ပဏီများအပေါ် သက်ရောက်မှု ကြီးမား လာနိုင်သလို နိုင်ငံခြားအရန်ငွေ ခန်းခြောက်လာနေသော စစ်ကောင်စီအနေဖြင့် ယခုနောက်ဆုံးနည်းလမ်းဖြင့် နိုင်ငံခြား သုံးငွေအပေါ် ကန့်သတ်လာခြင်းလည်းဖြစ်သည်။
ယခု ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ ချေးငွေများယူကာ လုပ်ငန်းလည်ပတ်နေသော အသေးစားငွေရေးကြေးရေး လုပ်ငန်းများအတွက် အခက်အခဲဖြစ် လာနိုင်ကြောင်း ယင်းလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
“ကိုဗစ်ကာလ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID)၊ အီးယူနဲ့ ယူကေ အစိုးရတို့က ပြည်သူတွေ အခက် အခဲ မဖြစ်ဖို့ဆိုပြီး အသေးစားငွေချေး လုပ်ငန်းတွေကို အတိုးနှုန်း သက်သာတဲ့ ချေးငွေထုတ်ပေးတယ်။ ဒီလုပ်ငန်းတွေက တဆင့် ချေးငွေထောက်ပံ့မှု အစီအစဉ်တွေကို ပြည်သူတွေဆီ ပေးခဲ့တာပေါ့။ အခုညွှန်ကြားချက်အရဆိုရင် အဲဒီချေးငွေယူ ထားတဲ့ လုပ်ငန်းတွေအတွက် အခက်အခဲဖြစ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ဖွံ့ဖြိုးစ မြန်မာ့ အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍတွင် ကိုယ်ပိုင်မတည်ငွေဖြင့် လုပ်ငန်းလည်ပတ်သူများ ရှိသလို အများစုသည် ပြည်တွင်းပြည်ပဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့ အစည်းများမှ အတိုးနှုန်းသက်သာသော ချေးငွေများ ရယူကာ ပြည်သူများသို့ တဆင့်ပြန်လည်ချေးယူပြီး အကျိုးအမြတ်ရယူကြခြင်းဖြစ်သည်။
အမေရိကန် အခြေစိုက် Bloomberg သတင်းဌာန၏ အဆိုအရ မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပကုမ္ပဏီများ ပြည်ပမှ ချေးယူ ထားသည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၆၈ ဘီလီယံအထိ ရှိပြီး ထိုအထဲတွင် ဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar Ltd၊ City Square Commercial ကုမ္ပဏီ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ ၊ Apollo Towers Myanmar Ltd နှင့် Irrawaddy Green Towers Ltd အစရှိသည့် ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
“ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ဆိုတာက ဝန်ဆောင်ခကို ကျပ်ငွေနဲ့ပဲရတာ လုပ်ငန်းအတွက် လိုတဲ့ပစ္စည်းတွေ တင်သွင်းတာတို့ တခြား ပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဒေါ်လာနဲ့ပေးရတာလေ။ အခုတောင် ဈေးကွက်ထဲမှာ ဒေါ်လာ လုံလုံလောက်လောက် မရလို့ အခက်ကြုံနေရတာ၊ ဒီညွှန်ကြားချက်ကြောင့် လုပ်ငန်းတွေ ဆက်လည်ဖို့ အကျပ် အတည်းတွေ ဖြစ်လာလိမ့်မယ်” ဟု ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတဦးက ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ ပြည်ပချေးငွေများ ပြန်ဆပ်မှုကို ဆိုင်းငံ့ခိုင်းသော ညွှန်ကြားချက် ထွက်မလာမီ ရက်ပိုင်းအလိုကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ကင်းလွတ်ခွင့် ပေးထားသော အမေရိကန်ဒေါ်လာ ကန့်သတ်ချက်များကိုလည်း ဗဟိုဘဏ် က ပြန်လည်ရုတ်သိမ်းထားခဲ့သေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံ နှေးကွေးသွားခြင်း၊ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများ ရပ်ဆိုင်းလိုက်ခြင်း၊ မြန်မာအစိုးရ၏ နိုင်ငံခြားအရန်ငွေ ၁ ဘီလီယံကို အမေရိကန်အစိုးရက ထိန်းချုပ်လိုက်ခြင်း စသည့် အခြေအနေများကြောင့် စစ်ကောင်စီသည် နိုင်ငံအရန်ငွေခန်းခြောက်မှု အကျပ်အတည်းကို ရင်ဆိုင်လာနေရလျက်ရှိသည်။
စစ်ကောင်စီသည် ဧပြီလအတွင်းကလည်း ပြည်တွင်းဘဏ်များသို့ ဝင်ရောက်လာသော အမေရိကန်ဒေါ်လာများကို ပြည်ပ ဈေးနှုန်းထက် နည်းသော ၁ ဒေါ်လာ ကျပ် ၁၈၅၀ ဖြင့် ၁ ရက်အတွင်း ပြန်လည်ရောင်းချရန် ညွှန်ကြားခဲ့သလို စက်သုံးဆီ၊ စားအုန်း ဆီ၊ ဆေးဝါး နှင့် မော်တော်ယာဉ်အစရှိသော ပြည်ပမှ ဒေါ်လာဖြင့် ပေးချေဝယ်ယူရသည့် သွင်းကုန်များ တင်သွင်း မှုကိုလည်း ကန့်သတ်ထိန်းချုပ်ထားသည်။
ပြည်တွင်း ပြည်ပကြွေးမြီများအတွက်လည်း နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ပြန်လည်ပေးဆပ်နေရလျက် ရှိကြောင်း စစ်ကောင်စီက မကြာသေးမီက ထုတ်ဖော်ပြောဆိုထားရာ နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ ပြည်ပသို့ ပြန်လည်ထွက်ခွာမည့် အခြေအနေများအားလုံးကို အတင်းကျပ်ထိန်းချုပ် လာနေခြင်းဖြစ်သည်
စစ်ကောင်စီပြောခွင့်ရသူ ရည်ညွှန်းသည့် ပြည်ပကြွေးမြီများတွင် စစ်တပ်က ဝယ်ယူထားသည့် ရေငုပ်သင်္ဘော၊ ရုရှားလုပ် SU- 30 ခေတ်မီတိုက်လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်း ဝယ်ယူမှုများ ပါဝင်ပြီး၊ ထိုကာကွယ်ရေးအသုံးစရိတ်မှာ နှစ်စဉ် နိုင်ငံ၏ အသုံးစရိတ် စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းရှိပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်သည် ကျပ်သန်း ၁ သိန်း ၈ သောင်းကျော်အထိရှိသည်။
You may also like these stories:
မြန်မာ့ဘဏ္ဍာရေးကဏ္ဍ နောက်ကြောင်း ပြန်လှည့်နေ ဟု ကမ္ဘာ့ဘဏ်ဆို
ရုရှားငွေပေးချေမှုစနစ်သို့ ဝင်ရန် မြန်မာညှိနှိုင်းနေ
နယ်စပ်ကုန်သွယ်ရေး ဒေါ်လာ သတ်မှတ်ချက် နေရာထပ်ချဲ့
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် နိုင်ငံခြားကားကုမ္ပဏီများ ရပ်ဆိုင်းလာ
စစ်ကောင်စီ ထိန်းချုပ်ဖြန့်ဖြူးမှုကြောင့် စားအုန်းဆီဈေး ဆက်လက်မြင့်တက်နေ
ပြည်တွင်း၌ ဆေးဝါးစျေးတက်၊ ကုန်ပစ္စည်း ပြတ်လပ်မှုပါဖြစ်နေ
တရုတ်နယ်စပ်လည်း ဒေါ်လာနှင့် ကုန်သွယ်ရန် စစ်ကောင်စီ ပြန်သတ်မှတ်