စီးပွားရေး

ပြင်ပဒေါ်လာပေါက်ဈေးက ကုန်ဈေးနှုန်းများကို တွန်းတင်နေ

စစ်ကောင်စီ၏ ပိုမိုတင်းကျပ်စွာ ဒေါ်လာငွေ ထိန်းချုပ်မှုများကြောင့် ပြည်တွင်းပြင်ပဈေးကွက်ရှိ ရွှေနှင့် ဒေါ်လာဈေး အရှိန်ပြင်းပြင်း ထိုးတက်နေသလို ပြည်ပမှ တင်သွင်းရသည် သွင်းကုန်ပစ္စည်းများ အပါအဝင် ကုန်ဈေးနှုန်းများ မြင့်တက်လာနေပြီး စားသုံးသူများ အခက်တွေ့နေကြသည်။

ပြည်တွင်းအခြေစိုက် ကုမ္ပဏီများအနေဖြင့် ပြည်ပက ရယူထားသည့် ချေးငွေများကို အတိုးနှင့်အရင်း ပြန်ဆပ်ရန် ဆိုင်းငံ့ခိုင်းခြင်း၊ အစုရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်သော မြန်မာကုမ္ပဏီများကို နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေ လဲလှယ်ခိုင်းခြင်း၊ ပို့ကုန်ရငွေများကို ဒေါ်လာနှင့်သာ သတ်မှတ်ပြီး ပို့ကုန် လိုင်စင်ထုတ်ပေးရာတွင်လည်း ရငွေဝင်ရောက်ကြောင်း ဘဏ်စလစ် အရင် ပြနိုင်မှသာ လိုင်စင်ထုတ်ပေးမည်ဖြစ်ခြင်း အစရှိသည့် ဒေါ်လာငွေ ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်လိုက်ခြင်းကြောင့် ဈေးကွက်အတွင်း ရွှေဈေးနှင့် ဒေါ်လာ လဲလှယ်ဈေးများ ခုန်တက်သွားသည်။

ပြင်ပ ဒေါ်လာဈေးကွက်တွင် ဇူလိုင်လ ၂၀ ရက်တွင် အမေရိကန် ၁ ဒေါ်လာဈေးမှာ၂၅၀၀ ကျော်ဖြစ်သွားကာ နှစ်ရက် သုံးရက်အတွင်း ကျပ် ၄၀၀ ဝန်းကျင်အထိ ခုန်တက်ခဲ့သလို ရွှေဈေးကွက်တွင်လည်း မြန်မာ့အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ကျပ် ၂၁ သိန်းကျော်အထိ၊ ကျပ် ၅ သောင်းကျော် နီးပါး မြင့်တက်နေသည်။

ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စ ၁၇၁၂ ဒေါ်လာနှင့် အကျဘက်တွင် ရှိနေသော်လည်း မြန်မာ့ရွှေဈေးမှာ စစ်ကောင်စီ၏ ဒေါ်လာ ထိန်းချုပ်မှုများကြောင့် မြင့်တက်နေဆဲ ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ရွှေဈေးကွက်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း၌ စစ်ကောင်စီ၏ သတ်မှတ်ဒေါ်လာဈေး ၁၈၅၀ ကျပ်နှင့် ချိန်ဆ ဖွင့်သောကြောင့် အခေါက်ရွှေ ၁ ကျပ်သား ကျပ်သိန်း ၂၀ နှင့် ၆ သောင်းနှင့်သာ ဈေးဖွင့်ထားသော်လည်း ပြင်ပဈေးဖြစ်နေ သည်မှာ ကျပ် ၂၁ သိန်းကျော် (ကြိုက်ရောင်း/ ကြိုက်ဝယ်) ဖြစ်နေသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင် တဦးက “စကစရဲ့ ဒေါ်လာမကိုင်ခိုင်းတဲ့ ဂယက်ကြောင့် ဈေနှုန်းတွေ ထိုးတက်သွားတာပေါ့။ လက်ကြီးသမားတွေ လုပ်နေတာပေါ့။ စီးပွားရေးသမား ကုမ္ပဏီ လုပ်ငန်းရှင်တွေ ဝယ်၊ ရောင်းလက်ကြီးသမားတွေပေါ့။ ဈေးကွက်ထဲတော့ မလာဘူး။ ဖုန်းနဲ့ ပဲ ဝယ်/ ရောင်း လုပ်ကြတယ်။ စကစက ဒေါ်လာတွေ အကုန် သိမ်းလိုက်တဲ့ သဘောမျိုး ဖြစ်သွားတော့ ဈေးကွက်က တော်တော်ပြောင်းသွားတဲ့ သဘောဖြစ်တာ” ဟု ဧရာဝတီသို့ ပြော သည်။

စစ်ကောင်စီက နိုင်ငံခြားသုံးငွေများကို လိုအပ်ချက်အတိုင်း အပြည့်အဝသုံးစွဲနိုင်ရေးအတွက် ကြပ်မတ် ဆောင်ရွက်သည်ဟု ဆိုကာ ပြည်ပမှ တင်သွင်းသည့် သွင်းကုန်ပစ္စည်းများကို နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ တင်သွင်းခွင့်ပေးသလို တင်သွင်းရာတွင်လည်း ပမာဏ ကန့်သတ်ခြင်း၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာ တွင်လည်း ကန့်သတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် မရှိမဖြစ် လိုအပ်သော စားအုန်းဆီမှာ ပြည်တွင်းစားသုံးမှု၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဘဲ ကုန်ပစ္စည်းရှားကာ ဈေးနှုန်းများ မြင့်နေသည်။ လက်ရှိတွင် သတ်မှတ်ဈေးနှုန်းများနှင့် စားအုန်းဆီများကို မြို့နယ် အလိုက်တန်းစီစနစ်နှင့် ၁ ပိဿာ ၄၆၅၀ ကျပ်ဖြင့် ပြန်လည် ရောင်းချပေးနေသော်လည်း ပြင်ပတွင် ၁ ပိဿာကျပ် ၉၀၀၀ နီးပါး အထိ ရှိနေသည်။

ပြည်တွင်း စားသောက်ဆိုင် လုပ်ငန်းရှင် တဦးက “အခုချိန်ကတော့ ဒေါ်လာဈေးတွေကလည်း ခေါင်ခိုက်၊ ပစ္စည်းဈေးတွေ ကလည်း အကုန်တက်၊ အဲဒီတော့ အစားအသောက်ဈေးတွေ တက်တဲ့သူလည်း တက်ကုန်ပြီ။ စားသုံးနိုင်တဲ့သူကလည်း ဒီအချိန်မှာ နည်းသွားပြီ။ ကုန်ဈေးနှုန်းက တရိပ်ရိပ်နဲ့ တက်နေတာ။ ဟင်းပွဲဈေးတွေကို ပြင်လို့ကို မဆုံးနိုင်ဘူး ဖြစ်နေ တယ်။ သေချာတယ် အရင်က ဟင်းပွဲ ကျပ် ၅၀၀၀ တန်က အခု ကျပ် ၇၀၀၀ ပဲ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီ၏ ဒေါ်လာထိန်းချုပ်ရေး အစီစဉ်များက ဈေးကွက်အကျပ်အတည်းကိုသာ ဖြစ်စေပြီး ဒေါ်လာနှင့် ဝယ်ယူရသော ဆေးဝါး၊ ကုန်ကြမ်းပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်လာသလို နောက်ဆက်တွဲ ကုန်ပစ္စည်းများပါ ဈေး တက်လာမည့် အခြေအနေများ ဖြစ်ပေါ်နေသည်။

နိုင်ငံခြား ငွေကြေးကို စစ်ကောင်စီက ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းနှင့် မည်သို့ပင် ထိန်းချုပ်ထားသော်လည်း ဈေးကွက် လိုအပ်သော ဒေါ်လာငွေကို ပြန်လည်ရောင်းချပေးနိုင်ခြင်း မရှိသဖြင့် စီးပွားရေး လုပ်ငန်းရှင်များက ပြင်ပ ဈေးကွက်ကိုသာ အားထားနေရကာ ပြင်ပ ဈေးကွက်တွင် မြင့်လာခြင်းက ယင်းကို မှီခိုနေသော ကုန်ပစ္စည်းဈေးများ မြင့်တက်လာခြင်းကို ဖြစ်စေကြောင်း လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။

စီးပွားရေးလုပ်ငန်းရှင် တဦးက “အခုချိန်မှာ ငွေများများ ရှိတဲ့သူက ငွေများများနဲ့ ကစားရင် ငွေပေါ်နိုင်ပေမယ့်၊ မရှိတဲ့သူက လုံးဝ မရှိသလို ဖြစ်သွားနိုင်တယ်။ အခြေခံ စားသုံးသူတွေကတော့ ဈေးတွေ တက်လာနေပေမယ့် အရင်လို ဆန် ၁ အိတ် အပြင် အပို ထပ်ပြီး မဝယ်နိုင်လောက်အောင် ငွေကြေးက ကျပ်တည်းသွားတယ်။ ကျပ်ငွေတန်ဖိုး ကျသွားတယ်” ဟု ပြောဆို သည်။

You may also like these stories :

မြန်မာ့စီးပွားရေး ထိုးရပ်တော့မည်

ပြည်ပချေးငွေ ပေးဆပ်မှုများ ဆိုင်းငံ့ထားရန် ဗဟိုဘဏ် ညွှန်ကြား

စစ်ကောင်စီ ထိန်းချုပ်ဖြန့်ဖြူးမှုကြောင့် စားအုန်းဆီဈေး ဆက်လက်မြင့်တက်နေ

Loading