ပြည်ပမှ ဆေးနှင့် ဆေးပစ္စည်း တင်သွင်းသူများအနေဖြင့် မိမိအစီအစဉ်ဖြင့် အမေရိကန်ဒေါ်လာရယူကာ တဖက်မှရောင်း ချ သူအား ငွေချေနိုင်ပါက သွင်းကုန်လိုင်စင်ထုတ်ပေးမည်ဆိုသော စစ်ကောင်စီ၏ ကြေညာချက်ကြောင့် အမေရိကန် ဒေါ်လာ ဈေးထပ်မံမြင့်လာနိုင်ကြောင်း သိရသည်။
စစ်ကောင်စီ စီးပွား/ ကူးသန်း ဝန်ကြီးဌာနက ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းရန် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ တဆင့် ကျန်းမာရေး ဝန်ကြီးဌာနသို့ တင်ပြ စိစစ်ထားရှိပြီး ထိုမှတဆင့် နိုင်ငံခြားသုံးငွေ ကြီး ကြပ်မှု ကော်မတီသို့ တင်ပြထားသည့် သွင်းလိုင်စင်လျောက်ထားသည့် ကုမ္ပဏီများကို ခွင့်ပြုပေးမည်ဟု ယနေ့ ထုတ်ပြန်ခြင်းဖြစ်သည်။
ရန်ကုန်မြို့ရှိ အမေရိကန်ဒေါ်လာ ရောင်း/ ဝယ်ရေးသမား တဦးက “အခု ပြင်ပဒေါ်လာနဲ့ ရရင် လိုင်စင်ပေးမယ် ပြောလိုက် တော့ ဈေးကွက်မှာ ဒေါ်လာ လိုအပ်ချက်ကြောင့် ဈေးထပ်တက်လာနိုင်တယ်။ အမှန်ဆို မထုတ်ပြန်လည်း ဒီတိုင်းလုပ်နေ တာကို အခု ထုတ်ပြန်လိုက်တော့ ပိုပြီး ဈေးတက်သွားနိုင်တာပေါ့။ အဲ့ဒီလို ဆေးဈေးနှုန်း တွေကလည်း အခုထပ် ထပ်ပြီး မြင့်တက်သွားနိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီက အမေရိကန် ၁ဒေါ်လာ ၁၈၅၀ကျပ် သတ်မှတ်ထားသော်လည်း ပြန်လည်ရောင်းချပေးနိုင်ခြင်း မရှိသည့် အတွက် ယခုအခါ ဆေးဝါးနှင့် ဆေးပစ္စည်းသွင်းကုန်သမား၊ စက်သုံးဆီ၊ စားသုံးဆီ တင်သွင်း သည့် လုပ်ငန်းရှင်များမှာ ကုန်ပစ္စည်းတင်သွင်းရန် ပြင်ပဒေါ်လာ ဈေးကွက်အတွင်းမှ လှည့်လည်ကာ ဝယ်ယူနေသည့် အခြေအနေဖြစ်သည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင်လည်း သွင်းကုန်ပါမစ် အခက်အခဲကြောင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ အချိန်မီတင်သွင်းရန် ကြန့်ကြာမှု များ ရှိနေခြင်းနှင့် ပြင်ပတွင် ၁ ဒေါ်လာလျှင် ၂၄၀၀ ကျပ်ဝန်းကျင်အထိ ဈေး ရှိနေသဖြင့် ဆေးဝါးများမှာ ဈေးနှုန်းများ မြင့်တက် နေသလို အကန့်အသတ်နှင့်ဝယ်ယူရခြင်း၊ ယာယီအရောင်းပိတ်ထားခြင်းများ ဖြစ်နေသည်။
ဆေးရုံသုံးဆေးဝါးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသူ တဦးက “ဒီလို ထုတ်ပြန်တာက သူတို့ (စစ်ကောင်စီ) နဲ့ နီးစပ် တဲ့သူတွေ၊ လက်ကြီးသမားတွေက ဈေးကွက်ကို လက်ဝါးကြီး အုပ်သွားနိုင်တဲ့ အခြေအနေအတွေ ဖြစ်သွားနိုင်တယ်။ ပြင်ပဒေါ်ဈေးနဲ့သာ ဝယ်ယူတင်သွင်းရမယ်ဆိုရင် အခု ဈေးတွေက တက်လာမှာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ယခုကြေညာချက်မှာ သွင်းကုန်လိုင်စင် ရလိုသူများသည် မိမိအစီစဉ်ဖြင့် နိုင်ငံခြားသုံးငွေ (အမေရိကန်ဒေါ်လာ) ကို ရှာဖွေဝယ်ယူနိုင်ပါက ကုန်ပစ္စည်းရောက်ရှိကြောင်း အထောက်အထား DO တင်ပြစရာမလိုပဲ လိုင်စင် ရရှိမည် ဖြစ် သောကြောင့် ဆေးဝါးပြတ်လပ်မှုနည်းပါး နိုင်သော်လည်း ဈေးနှုန်းများ မြင့်တက်လာနိုင်သည့် အခြေအနေများ ရှိနေကြောင်း ၎င်းက သုံးသပ်ပြော ဆိုသည်။
ပြည်တွင်း စီးပွားရေး ပညာရှင် တဦးက “ဒီထုတ်ပြန်ချက်က သက်ဆိုင်ရာနဲ့ ပေါင်းပြီး လုပ်ခွင့်ပေးတာမျိုး ဖြစ်နိုင်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုပဲ လွှဲလွှဲ ဘဏ်ထဲကနေ သူတို့ စာရင်းထဲက တရားဝင် မသွားရင် ပြီးရောပေါ့။ အခု ဆေးမှ မဟုတ်ဘူး။ တခြားကဏ္ဍတွေရော ပြီးခဲ့တဲ့လကတည်းက အခုလိုဖြစ်နေတာရှိတယ်။ ပို့ကုန်သမားကတော့ ကြိုပြီး ငွေလွှဲမှ ရမယ်။ ပိုပြီးကြပ်တည်း လာကြတာပေါ့။ အရင်နှစ် ၂၀ ၃၀ လောက်ကလို မှောင်ခိုခေတ် ရောက်ချင်လည်း ရောက်သွားနိုင် တယ်”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ ပြန်ကြားရေး ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံခြားသုံးငွေ မလိုအပ်ပဲ ပြည်ပစီးထွက်ခြင်းကို တားဆီးနိုင်ရန်အတွက် စနစ်တကျ စိစစ်ကြပ်မတ်နေကြောင်း၊ အမှန်တကယ်လိုအပ်သော သွင်းကုန်များဖြစ်သည့် ဆေးဝါး၊ စက်သုံးဆီနှင့် စားသုံးဆီ အစရှိသည့် သွင်းကုန်လုပ်ငန်းများကို ဦးစားပေး ခွင့်ပြုလျက်ရှိကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
You may also like these stories:
ဆေးဝါးဈေး အဆမတန် တက်နေသဖြင့် ဆေးဆိုင်တချို့ ယာယီပိတ်