ဂျပန်ကုမ္ပဏီအများအပြား ရင်းနှီးမြှုပ်နှံထားသော သီလဝါအထူးစီးပွားရေးဇုန်ရှိ နိုင်ငံခြားကုမ္ပဏီ အများစုသည် သွင်းကုန်တင်သွင်းလိုင်စင်များ ကန့်သတ်ထားခြင်းကြောင့် ကုန်ကြမ်းရရှိမှု အခက်အခဲ နှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ကြီးမြင့်နေခြင်းတို့ကြောင့် လုပ်ငန်းပုံမှန်လည်ပတ်နိုင်ခြင်း မရှိသည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်။
“ပုံမှန်လည်ပတ်လို့ရနေသေးတဲ့ ကုမ္ပဏီတွေကတော့ လည်ပတ်နေကြတယ်ပေါ့။ သွင်းကုန်ပါမစ်ရတဲ့ အပေါ်မှာ မူတည်ပြီးတော့ သူတို့မှာ ကုန်ကြမ်းရှိသလောက်တော့ လည်ပတ်နေဦးမှာပေါ့။ ကုန်ကြမ်း မရှိတော့ဘူးဆိုရင်တော့ လည်ပတ်ရတာ ခက်သွားမှာပေါ့ ” ဟု သီလဝါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီမှ ဒါရိုက်တာတဦးက ဧရာဝတီသို့ ပြောသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုထားသော နိုင်ငံခြားကုမ္ပဏီများသည် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်၍ ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာကို ကျပ်ငွေဖြင့် လဲလှယ်ခိုင်းသော ညွှန်ကြားချက်ကိုမူ ကင်းလွတ်ခွင့်ရရှိထားကြသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုထားသော နိုင်ငံခြားကုမ္ပဏီများသည် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်၍ ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာကို ကျပ်ငွေဖြင့် လဲလှယ်ခိုင်းသော ညွှန်ကြားချက်ကိုမူ ကင်းလွတ်ခွင့်ရရှိထားကြသည်။
သို့သော် ပြည်တွင်းဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးသော စက်ရုံများသည် ဈေးကွက်ဝယ်လိုအား ကျဆင်းခြင်း၊ ကုန်ကြမ်းရရှိမှု အခက်အခဲ၊ ဘဏ်လုပ်ငန်းအကျပ်အတည်းကြောင့် လုပ်ငန်းငွေကြေးစီးဆင်းနိုင်မှု မရှိခြင်း၊ နိုင်ငံရေး စီးပွားရေး ကျဆင်းမှုနှင့် အပြောင်းအလဲများနေသော မူဝါဒများကြောင့် သီလဝါအထူးစီးပွားရေးဇုန်ရှိ ကုမ္ပဏီ ထက်ဝက်ခန့်သည် လုပ်ငန်းလည်ပတ်မှုလျော့ချခြင်းနှင့် ယာယီရပ်ဆိုင်းခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။
လက်တလောတွင် သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီ ၁၁၃ ခု ထဲမှ စက်ရုံပေါင်း ၄၅ ရုံသာ လုပ်ငန်း အပြည့်အဝ လည်ပတ်နိုင်လျက်ရှိပြီး စက်ရုံ ၂၇ ရုံ နီးပါးက လုပ်ငန်း လည်ပတ်မှုကို ထက်ဝက်ခန့်လျော့ကျထားရှိသလို ကျန်စက်ရုံများသည် ၎င်းတို့၏ လုပ်ငန်းများ ယာယီရပ်ဆိုင်းထားလျက်ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီနှင့် နီးစပ်သည့် ဧရာဝတီ၏ သတင်းရင်းမြစ်ထံမှ သိရသည်။
စီးပွားရေးအရ လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိသေးဘဲ တည်ဆောက်ရေးလုပ်ငန်းများသာ လုပ်ကိုင်နေသော စက်ရုံတချို့သည်လည်း ၎င်းတို့၏ တည်ဆောက်ရေးလုပ်ငန်းများကို ရွှေ့ဆိုင်းခြင်းများလည်း ရှိကြောင်း သိရသည်။
“ အခုလိုနိုင်ငံရဲ့ အခြေအနေမှာက တည်ဆောက်ရေးလုပ်နေတဲ့ သူတွေကလည်း အချိန်ဆွဲနေတာပေါ့။ တချို့စက်ရုံတွေဆိုရင် ရုံးခန်းပဲဖွင့်ထားပြီး ဒီအတိုင်းထိုင်နေကြတာတောင်ရှိတယ်” ဟု သီလဝါအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် ဗဟိုဘဏ်၏ နောက်ဆုံးညွှန်ကြားထားသော အချက်များထဲမှ ပြည်ပချေးငွေများ၏ အတိုးနှင့် အရင်း ပြန်လည်ပေးဆပ်မှုကို အချိန်ကာလသတ်မှတ်ချက်ဖော်ပြထားခြင်းမရှိဘဲ ဆိုင်းငံ့ထားခိုင်းသည့် ကိစ္စရပ်သည်လည်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသော ကုမ္ပဏီများ အခက်အခဲ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
လုပ်ငန်းများ ယာယီရပ်ဆိုင်းထားသော ကုမ္ပဏီများထဲတွင် ဂျပန်ကုမ္ပဏီ ဆူဇူကီးကားကုမ္ပဏီအပြင် အသင့်စားခေါက်ဆွဲ ထုတ်လုပ်သော Acecook ကဲ့သို့ သော ကုမ္ပဏီများပါဝင်သလို ကုန်ကြမ်းရရှိမှု အခက်အခဲဖြစ်လာနေသော ကုမ္ပဏီများထဲတွင် ဂျပန်ကုမ္ပဏီ Ajinomoto နှင့် အမေရိကန်အခြေစိုက် သတ္တုသံဗူးခွံများ ထုတ်လုပ်သော Ball Metal Container ကုမ္ပဏီတို့လည်း ပါဝင်ကြောင်း သိရသည်။
လုပ်ငန်းများယာယီရပ်ဆိုင်းထားသော ကုမ္ပဏီများထဲတွင် ဂျပန်ကုမ္ပဏီ ဆူဇူကီးကားကုမ္ပဏီအပြင် အသင့်စားခေါက်ဆွဲ ထုတ်လုပ်သော Acecook ကဲ့သို့ သော ကုမ္ပဏီများပါဝင်သလို ကုန်ကြမ်းရရှိမှု အခက်အခဲဖြစ်လာနေသော ကုမ္ပဏီများထဲတွင် ဂျပန်ကုမ္ပဏီ Ajinomoto နှင့် အမေရိကန်အခြေစိုက် သတ္တုသံဗူးခွံများ ထုတ်လုပ်သော Ball Metal Container ကုမ္ပဏီတို့လည်း ပါဝင်ကြောင်း သိရသည်။
ထို့အထဲမှ ကုမ္ပဏီတချို့ကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း တချို့က ဖြေကြားပေးရန် ငြင်းဆိုသလို တချို့ကိုမူ အဆက်အသွယ် မရရှိခဲ့ပေ။
စီးပွားရေးမတည်ငြိမ်မှုများနှင့် ကုန်ကြမ်းရရှိမှု အခက်အခဲများကြောင့် စစ်အာဏာသိမ်းပြီး လပိုင်းအကြာမှာပင် လုပ်ငန်းများ ယာယီရပ်ဆိုင်းထားသော ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးကမူ လတ်တလောတွင် လုပ်ငန်းပြန်လည်စတင်ရန် အစီအစဉ်မရှိသေးကြောင်း ဆိုသည်။
စတီးကုမ္ပဏီ JFE Meranti မြန်မာနှင့် လယ်ယာသုံးစက်ယန္တရားများ ထုတ်လုပ်ရောင်းချသော Kubota မြန်မာကုမ္ပဏီတို့ကမူ ၎င်းတို့အနေဖြင့် လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိနေကြောင်း ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် လုပ်ငန်းယာယီရပ်နားထားသော စက်ရုံများ အများအပြား ရှိလာနေပြီဖြစ် သော်လည်း သီလဝါအထူးစီးပွားရေးဇုန်၌ လာရောက်ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများသည် နှစ်ရှည်စဉ်းစားချက်များဖြင့် ရင်းနှီးမြှုပ်နှံထားသောကြောင့် လုပ်ငန်းများ အပြီးပိတ်သိမ်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ရုပ်သိမ်းမည့် ကုမ္ပဏီများတော့ မရှိသေးကြောင်း သိရသည်။
လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် တင်းကျပ်သော မူဝါဒများ ချမှတ်ထားသည့် အခြေအနေများကြောင့် ကုမ္ပဏီအသစ်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်မှု အလားအလာ လွန်စွာ နည်းပါးလျက်ရှိသည်။
သို့သော်လည်း လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် တင်းကျပ်သော မူဝါဒများ ချမှတ်ထားသည့် အခြေအနေများကြောင့် ကုမ္ပဏီအသစ်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်မှု အလားအလာ လွန်စွာ နည်းပါးလျက်ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရင်းမြစ်က ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “သီလဝါက ကုမ္ပဏီတွေရဲ့ အလားအလာက ဒီက ပေါ်လစီတွေ ဘယ်လိုပြန်ဖြေလျှော့မလဲ ဆိုတဲ့အပေါ်မှာ အများကြီးမူတည်တယ်။ ဖြေလျှော့မယ်ဆိုရင် လုပ်ငန်းတွေ ပြန်လာနိုင်တယ်။ ပိုပြီး ကျပ်လာမယ်၊ ပိုပြီး ဆိုးလာမယ်ဆိုရင်တော့ ထွက်သွားမယ့်အခြေအနေတွေ ဖြစ်လာမှာပေါ့ ” ဟု ဆိုသည်။
သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲလုပ်ဆောင်ခဲ့သော ဦးသိန်းစိန်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အရပ်သားအစိုးရလက်ထက်တို့၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအတွက် အအောင်အမြင်ဆုံး ပြယုဒ်တခုဖြစ်ပြီး ဂျပန်- မြန်မာ နှစ်နိုင်ငံအစိုးရ၊ ဂျပန်- မြန်မာ ပုဂ္ဂလိက ဖက်စပ်ကုမ္ပဏီတို့က ပူးပေါင်းအကောင်အထည်ဖော်နေသော အထူးစီးပွားရေးဇုန်တခု ဖြစ်သည်။
ယခုအခါ သီလဝါအထူးစီးပွား ရေးဇုန်အပြင် ဂျပန်၏ အခြားရင်းနှီးမြှုပ်နှံမှုများလည်း စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာ သော နောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်းများ ကြုံလာနေပြီ ဖြစ်သည်။
ဂျပန်နိုင်ငံက ထိပ်တန်းရင်းနှီးမြှုပ်နှံသူများ ပါဝင်သော အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ တန်ကြေး ရှိသည့် အကြီးစား စီးပွားရေးအဆောက်အအုံစီမံကိန်း အနည်းဆုံး ၃ ခုသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ယာယီရပ်ဆိုင်းထားရသလို ရှေ့အနာဂတ်အတွက်လည်း မျှော်လင့်ချက်နည်းလျက်ရှိနေကြောင်း ဂျပန်သတင်းဌာန Nikkei က မကြာသေးမီရက်ပိုင်းက သတင်းရေးသားဖော်ပြထားသည်။ ထိုစီမံကိန်းများထဲတွင် ရန်ကုန်မြို့လယ်ရှိ Yoma Central နှင့် Y Complex စီမံကိန်းတို့လည်း ပါဝင်သည်။
You may also like these stories:
ဂျပန် ဆောက်လုပ်ရေးစီမံကိန်းများ ရပ်ဆိုင်းနေ
CNG ဂက်စ် မရသဖြင့် YBS ကားများ အစီးရေလျှော့ပြေးဆွဲနေရ
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါး ဖြစ်နေ
ဆေးဝါးဈေး အဆမတန် တက်နေသဖြင့် ဆေးဆိုင်တချို့ ယာယီပိတ်
မရေရာမှုများဖြင့် မြန်မာ့အထူးစီးပွားရေးဇုန်များ