နိုင်ငံတကာ ဖက်ရှင်အမှတ်တံဆိပ်များသည် မြန်မာနိုင်ငံ၏ ထောက်ပံ့ရေးကွင်းဆက်များတွင် အထည်ချုပ်လုပ်သားများကို အကာအကွယ်ပေးရန် ပျက်ကွက်နေပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းတွင် အလုပ်သမားနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာသစ်တရပ်အရ သိရသည်။
ကုမ္ပဏီများ၏ လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို ခြေရာခံသည့် နိုင်ငံတကာ NGO ဖြစ်သည့် Business & Human Rights Resource Centre မှ “နိုင်ငံတကာ အမှတ်တံဆိပ်များ၏ ထောက်ပံ့မှုကွင်းဆက်များတွင် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ အလွဲသုံးစားလုပ်မှုများ” ကို ဖော်ပြသည့် လေ့လာမှုတခု အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းတွင် လုပ်အားခေါင်းပုံဖြတ်မှုများ၊ အလွဲသုံးစားလုပ်မှုနှုန်းများ၊ လုပ်ခမရသော အချိန်ပိုများနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပါဝင်သည်။
ထိုအဖွဲ့သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိ လူသိရှင်ကြား မှတ်တမ်းတင်ထားသော အချက်အလက်များအပေါ် အခြေခံ၍ အနည်းဆုံး အလုပ်သမား ၆၀,၈၀၀ ရှိသော မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍတွင် အခွင့်အရေး ချိုးဖောက်မှု ၁၀၄ မှုအား မိတ်ဖက်များနှင့်အတူ ပြုစုခဲ့သည်။
အစီရင်ခံစာအရ အဆိုပါအလုပ်သမားများသည် adidas၊ Inditex (Zara and Bershka)၊ Uniqlo၊ Hennes & Mauritz (H&M) နှင့် Primark အပါအဝင် ကမ္ဘာတဝှမ်းရှိ ဖက်ရှင်အမှတ်တံဆိပ်များနှင့် လက်လီအရောင်းဆိုင် ၃၂ ခုထက် မနည်းကို ပံ့ပိုးပေးသည့် စက်ရုံ ၇၀ တွင် အလုပ်ခန့်ထားသည်။
Business & Human Rights Resource Centre အဖွဲ့ခေါင်းဆောင်က Alysha Khambay က “အခု အခြေအနေဟာ လက်ခံနိုင်လောက်တဲ့ လုပ်ငန်းခွင် အခြေအနေကောင်း မဟုတ်လို့ မြန်မာပြည်ကနေ ထွက်ခွာကြဖို့အတွက်လည်း မကြန့် ကြာသင့်တော့ပါ။ လုပ်ငန်းတွေ ဆက်လက်လည်ပတ်ပြီး အလုပ်သမားနဲ့ အလုပ်အကိုင်တွေအတွက် အကာအကွယ် ပေးနိုင်မယ်လို့လည်း မမျှော်လင့်ပါနဲ့” ဟု တိုက်တွန်းပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် လက်ခ စားလုပ်ငန်းများ အပါအဝင် အထည်ချုပ် စက်ရုံပေါင်း ၅၂၀ နီးပါးရှိပြီး ယင်းအထဲတွင် စက်ရုံအသစ် ၃ ရုံလည်း ပါဝင်နေကြောင်း သိရသည်။ သို့သော် ထိုစက်ရုံများမှာ ယခင် အာဏာမသိမ်းခင်နှင့် ကိုဗစ်ကာလ မတိုင်မီက ဝင်ရောက်ထားသည့် နိုင်ငံခြားသား (တရုတ်နိုင်ငံသား) စက်ရုံ အသစ်များဖြစ်ပြီး လက်ရှိတွင် လုပ်ငန်း မစတင်သေးသော်လည်း ရုံးဝန်ထမ်းတချို့နှင့် စာရင်းပေး ဝင်ရောက်နေခြင်း ဖြစ်သည်။
တရုတ်နိုင်ငံက စက်ရုံပေါင်း ၂၃၀ ကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ရင်းနှီးမြှုပ်နှံ များထားသည့် စက်ရုံများလည်း ရှိသည်။
ကိုဗစ်ကာလ မတိုင်မီဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ့အထည်ချုပ် ကဏ္ဍ၏ ပြည်ပတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံနီးပါး အထိရရှိခဲ့သည်။ သို့ရာတွင် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှင့် စစ်အာဏာသိမ်းအပြီး မတည်ငြိမ်မှုများကြောင့် အထည်ချုပ်လုပ်ငန်း ကျဆင်းသွားခဲ့သည်။
စစ်ကောင်စီ စီမံဘဏ္ဍာဝန်ကြီးဌာန ကိန်းဂဏန်းများအရကိုပင် အထည်ချုပ်လုပ်ငန်းမှ နိုင်ငံခြားဝင်ငွေမှာ ၂၀၂၁ မတ်လတွင် အမေရိကန်ဒေါ်လာ ၂၆၈ သန်းထိ ကျဆင်းသွားပြီး ၂၀၂၂ ခုနှစ် မတ်လတွင် ၁၃၅ သန်းတိုးကာ ဒေါ်လာ ၄၀၄ သန်း ဝင်ကြောင်း သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးရရှိမှု နည်းပါးခြင်း၊ နိုင်ငံရေး မတည်ငြိမ်ခြင်း၊ စက်သုံးဆီ အလွယ်တကူ မရရှိဘဲ အပြင်ဈေးဖြင့် ရှာဝယ်နေရခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြန်ဆန်ကြီးမားလာခြင်း အစရှိသည့် အခက်အခဲများဖြင့် လုပ်ငန်းလည်ပတ်ရန် ရုန်းကန်နေခဲ့ရသည်။ ဗဟိုဘဏ်၏ ဧပြီလက ထုတ်ပြန်လာခဲ့သော ပြည်ပတင်ပို့၍ ရရှိလာသော ဒေါ်လာများကို စစ်ကောင်စီက သတ်မှတ်နှုန်းနှင့် ဖြတ်ယူခြင်း နေခြင်းကလည်း လုပ်ငန်းရှင်များအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာပြန်သည်။
ထိုအချိန်တွင် အပ်ထည် အော်ဒါ အမှာစာများ လျော့ကျနေကြောင်း ပြည်တွင်း လုပ်ငန်းရှင်များထံက သိရသည်။
ပြည်တွင်း အထည်ချုပ် လုပ်ငန်းရှင်တဦးက “ အော်ဒါအမှာကတော့ အနောက်နိုင်ငံတွေအပြင် အခုက အကုန်လုံး ကျတယ်။ ကမ္ဘာ့ အခြေအနေကြောင့်လည်း ပါသလို ဒီက အခြေအနေတွေလည်း ပါတာပေါ့။ ဘယ်လောက်ကျလဲဆိုတဲ့ ပမာဏတော့ ပြောလို့ မရသေးဘူး။ နွေဦး ရာသီဝတ်အထည်တွေ အမှာကျတာ” ဟု ဧရာဝတီသို့ ပြောသည်။
အဓိက မှာယူနေသည့် အနောက်နိုင်ငံများ၏ အမှာစာများ လျော့ကျလာသလို တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှုများကြောင့် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ အဓိက ထွက်ရှိရာ ရှန်ဟိုင်းမြို့ကို ပြီးခဲ့သည့်လအတွင်းက အသွားလာကန့်သတ်ခြင်း (Lockdown) ရက်ပေါင်း ၆၀ ချထားသဖြင့် ကုန်ကြမ်း တင်သွင်းရာတွင် အခက်အခဲ ဖြစ်ကာ ကုန်ချောတင်ပို့မှု နောက်ကျ ခဲ့သောကြောင့်လည်း ယခုရာသီတွင် နွေဦးရာသီဝတ်အော်ဒါ လျော့ခြင်းလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခု ရာသီသည် အမေရိကန်နှင့် ဥရောပမှ မှာယူသော နွေဦးရာသီဝတ် စတိုင်ပင်(ဘောင်းဘီ)၊ တီရှပ်၊ စပို့ရှပ်အပ်ထည် အမှာစာများကို လက်ခံရသည့် ကာလဖြစ်သည်။
လိူင်သာယာမြို့နယ်ရှိ အထည်ချုပ် လုပ်ငန်းရှင်တဦးက “အခု လျှပ်စစ်မီးက မမှန်တော့ တဆခွဲလောက် ကုန်ကျစရိတ်က ပိုကုန်တယ်။ ဥပမာ လျှပ်စစ်မီးက ၁ လ မှာ ကျပ်သိန်း ၁၀၀ ကုန်တယ် ဆိုရင် ကျနော်တို့ လျှပ်စစ်မီးမရလို့ အခု ဒီဇယ်နဲ့ လည်နေရတဲ့ အခြေအနေက ၁ လကို ကျပ်သိန်း ၁၅၀ နဲ့ ကျပ်သိန်း ၂၀၀ လောက်ကုန်တယ်။ ပြီးတော့ လျှပ်စစ်မီးဖိုးကို လည်း ပေးနေကျ ပိုက်ဆံက ထပ်ပေးရတော့ ကုန်ကျစရိတ်တွေ ပိုတယ်။ အခု ရာသီကတော့ ဆောင်းထည်တွေ ဖြတ်ပြီး သွားပြီ။ နွေဦးထည်တွေ ချုပ်ရမှာ။ ဒါပေမယ့် အော်ဒါအမှာက ကျနေတယ်။ အော်ဒါလေးတွေ မပြတ်အောင်ဘဲ ကျနော်တို့ ထိန်းလုပ်နေရတယ်” ဟု ဆိုသည်။
ထိုသို့ အတက်အကျများကြား ရုန်းကန်ရှင်သန်နေရသော မြန်မာ့အထည်ချုပ်လုပ်ငန်းအနေဖြင့် Business & Human Rights Resource Centre အဖွဲ့ဖိအားပေးသကဲ့သို့ နိုင်ငံတကာအမှတ်တံဆိပ်များကလည်း အပ်ထည်အော်ဒါ မမှာတော့ဘဲ မြန်မာပြည်မှာ စွန့်ခွာကြလျှင်ဆိုသည့် မြင်ကွင်းက အထည်ချုပ်လုပ်ငန်းရှင်များအတွက် ခြောက်အိပ်မက်လို ဖြစ်နေတော့သည်။
အထည်ချုပ်လုပ်ငန်းရှင်တဦးက “ကျနော်အနေနဲ့ကတော့ သိပ်တော့ မပြောလိုပါဘူး။ အခုလို ကုန်ဈေးနှုန်းတွေ အများကြီး တက်နေတဲ့အချိန်မှာ လုပ်သားအများစုကို အလုပ်ပေးထားနိုင်တဲ့ အထည်ချုပ်လိုကဏ္ဍ လေးတော့ ရှင်သန်နိုင်ဖို့ လိုတယ်။ ဒီလို နာမည်ကြီး တံဆိပ်ချုပ်တဲ့ လုပ်ငန်းတွေ ရပ်သွားရင် အလုပ်သမားတွေပဲ အလုပ်လက်မဲ့ဖြစ်မှာ” ဟု မှတ်ချက်ပြုပြောသည်။
ကိုးကား။ ။ South China Morning Post
You may also like these stories:
သီလဝါ အထူးစီးပွားရေးဇုန် တဝက်သာ အလုပ်လုပ်နိုင်တော့သည်
မြန်မာ့စီးပွားရေး ဆက် ဆိုးရွားနေဦးမည် ဟု ကမ္ဘာ့ဘဏ် ဆို
ပျောက်ဆုံးသွားသော အလုပ်သမား အခွင့်အရေး