ရန်ကုန်၊ မန္တလေးကဲ့သို့ နိုင်ငံ၏ အဓိကမြို့ကြီးများ အပါအဝင် တနိုင်ငံလုံး အတိုင်းအတာဖြင့် စက်သုံး ဆီပြတ်လပ်ခြင်းနှင့် ဈေးနှုန်းများ အဆမတန် ကြီးမြင့်နေချိန်တွင် အာဏာသိမ်းစစ်အုပ်စုက ရုရှားနိုင်ငံမှ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးသွားရန် စီစဉ်လာသည်။
ယခု ဩဂုတ်လ အစပိုင်းတွင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစု တခုဖြစ်သော မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC)၏ ဥက္ကဋ္ဌ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော ဦးဆောင်သော ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူ သိုလှောင် ဖြန့်ဖြူးရေး ဦး ဆောင် ကော်မတီကို လူပုဂ္ဂိုလ် ၁၀ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။
ယင်းကော်မတီတွင် စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတခု၏ အကြီးအကဲတယောက်က တာဝန်ယူမည့်အပြင် စစ်တပ်ပိုင် Star High ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးလှဝင်း၊ Yetagon Energy ကုမ္ပဏီ ၏ အမှုဆောင် အရာရှိချုပ် ဦး မောင်မောင်နိုင်၊ ကမ္ဘောဇလုပ်ငန်းစု (KBZ) လုပ်ငန်းခွဲတခုဖြစ်သည့် Brighter Energy မှ ဒါရိုက်တာ ဦးဆန်းနောင် နှင့် Best Oil ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းဆွေ ကဲ့သိုသော ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည်။
ဦးမောင်မောင်နိုင်သည် စစ်ခေါင်းဆောင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံအတွက် စီးပွားရေးလုပ်ငန်းများကို ရှေ့ထွက်ပြီး နာမည်ခံ လုပ်ဆောင်ပေးရသူ ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းကြားတွင် သိရှိထားသူ ဖြစ်သည်။
အဆိုပါ ကော်မတီသည် နိုင်ငံ၏ လိုအပ်ချက်အပေါ် မူတည်ပြီး ပြည်ပမှ စက်သုံးဆီများကို မှာယူတင်သွင်းခြင်းနှင့် ပြည်တွင်းဈေးကွက်သို့ သိုလှောင်ဖြန့်ဖြူးခြင်းကို တာဝန်ယူလုပ်ဆောင်မည်ဖြစ်သည်။ ထို့အပြင် ပြည်ပမှ စက်သုံးဆီတင်သွင်းရန် လိုအပ်သော နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာကိုလည်း တင်ပြတောင်းခံပိုင်ခွင့်ရှိမည် ဖြစ်သည်။
ထို့ကြောင့် လက်ရှိ စင်ကာပူမှ စက်သုံးဆီ လက်ကားဝယ်ယူတင်သွင်းနေသော စနစ်က ချောင်ထိုးခံရမည့် ပုံပေါ်လာသည်။ စက်သုံးဆီဝယ်ယူခွင့်ရကုမ္ပဏီများသည် ဝယ်ယူရန်ပမာဏနှင့် ပေးချေရန် အမေရိကန်ဒေါ်လာကို စစ်ကောင်စီထံ တင်ပြရသည်။
ကုမ္ပဏီများသည် ဗဟိုဘဏ်ထံမှ အမေရိကန်ဒေါ်လာကို အချိုးကျ စနစ်ဖြင့် ခွဲဝေရရှိနေရသည့်တိုင် လိုအပ်သော ငွေပမာဏ၏ ၄၀ ရာခိုင်နှုန်းကိုသာ ၁ ဒေါ်လာကို ကျပ် ၂၁၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာကို ကျပ် ၂၈၀၀ ဝန်း ကျင်ဖြင့် ဝယ်ယူကာ ငွေပေးချေနေရသည်။
ဆီထုတ်ယူဖြန့်ဖြူးခွင့်ကိုလည်း စစ်ကောင်စီက ရက်ကန့်သတ်ထားပြီး အရောင်းအဝယ်ဖြစ်မှုနှင့် ဆီလက်ကျန် ပမာဏလည်း နေ့စဉ်တင်ပြနေရသည်ဟု စက်သုံးဆီ တင်သွင်းရောင်းချနေသည့် ကုမ္ပဏီတခုမှ သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။
“အခုကလည်း သူတို့ပြောသလို ဆီသင်္ဘောရောက်နေတာရော ဝင်လာဖို့ ရှိနေတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒေါ်လာနဲ့ ငွေမချေနိုင်လို့ ဒီအတိုင်း ရပ်နေကြရတာ။ အခု ဆီပြတ်ရတဲ့ ကိစ္စကလည်း ဒီဇယ်သွင်းပေးတဲ့ ကုမ္ပဏီတွေကိုပဲ ဒေါ်လာ ထုတ်ရောင်းပေးလိုက်လို့ 92 ၊ 95 သွင်းတဲ့သူတွေက ငုတ်တုတ်မေ့ကုန်တာ”ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ပြည်ပမှ တင်သွင်းလာသော စက်သုံးဆီများကို ပြည်တွင်း စက်သုံးဆီ လက်လီ၊ လက်ကား ကုမ္ပဏီများကြား ပြန်လည်ခွဲဝေမှုတွင်လည်း စစ်အုပ်စုနှင့်နီးစပ်သော ရွှေဗျိုင်းဖြူ၊ မြတ်မေတ္တာမွန် ကဲ့သို့ ကုမ္ပဏီများကသာ ဝေစု အများအပြား ရရှိနေသည်ဟု စက်သုံးဆီ လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ ဦး အောင်ပြည့်စုံသည် ရွှေဗျိုင်းဖြူ ကုမ္ပဏီ အုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် ဦးအောင်မြင့် (ခ) ဦးရုံးဖူ (Lucky Star)တို့ အပါအဝင် လုပ်ငန်းရှင်တချို့ ပူးပေါင်းပြီး ကုမ္ပဏီထောင်ကာ ရုရှားနိုင်ငံမှ စက်သုံးဆီများကို တင်သွင်းရောင်းချရန် စီစဉ်နေကြောင်း လွန်ခဲ့သော လပိုင်းများအတွင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းကြား ပြောဆိုနေခဲ့ကြသည်။
သို့သော် ယင်းအစီအစဉ်အစား တနိုင်ငံလုံးအတွက် လိုအပ်သော စက်သုံးဆီကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်း၌ သို လှောင် ဖြန့်ဖြူးခြင်းများကိုပါ ကိုင်တွယ်လုပ်ဆောင်မည့် စစ်အုပ်စုမှ ဦးဆောင်သော ကော်မတီပေါ် ပေါက်လာခြင်းကြောင့် စက်သုံးဆီ ဈေးကွက်တခုလုံးသည် ၎င်းတို့လုပ်ပိုင်ခွင့်အတွင်းသို့ ရောက်ရှိပြီး ဈေးကွက်လက်ဝါးကြီးအုပ်မှုဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
စက်သုံးဆီလုပ်ငန်းရှင်တဦးကလည်း “စစချင်တုန်းကတော့ သူတို့က ကုမ္ပဏီကြီးတခု ထောင်မယ်။ မြန်မာပြည် ဈေးကွက်ကို သူတို့ပဲ အုပ်ထားမယ်။ သူတို့ပဲ လုပ်မယ်ပေါ့။ အခုက နိုင်ငံတော်အဆင့်ကော်မတီဆိုတော့ ပိုပြီးတော့ အာဏာပိုကြီး ပိုလုပ်ပိုင်ခွင့်ရသွားမှာပေါ့”ဟု ပြောဆိုသည်။
ရုရှားနိုင်ငံမှ စက်သုံးဆီတင်သွင်းမည့် ဦးဆောင်ကော်မတီဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက် ပေါ်ထွက်လာပြီးနောက် စစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ ယခုလကုန်ပိုင်းတွင် ဝင်ရောက်မည်ဖြစ်ပြီး စက်သုံးဆီနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ရန် မလိုအပ်ကြောင်း ဩဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ယင်းမတိုင်မီ မိန့်ခွန်းတခုတွင်လည်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝယ်သွင်းနေရသော စက်သုံးဆီများ လျှော့ချရမည်ဟု ပြောခဲ့သည်။
စစ်ကောင်စီသည် နိုင်ငံခြားအရန်ငွေခမ်းခြောက်လာမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး သွင်းကုန်အမြောက်အမြားကို ကန့်သတ်ထားခဲ့ပြီး သွင်းကုန်လုပ်ငန်းရှင်များအားလည်း ဒေါ်လာထုတ်မရောင်းပေးတော့ပေ။
ဩဂုတ်လ ၁၇ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ရုရှားမှ စက်သုံးဆီ လိုသလောက် တင်သွင်းခွင့်ရမည် အခြေအနေရှိကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံ ပြောဆိုခဲ့ပြန်သည်။
သို့သော် စစ်အုပ်စုက ရုရှားနိုင်ငံမှ စက်သုံးဆီများကို မည်သို့မည်ပုံ တင်သွင်းမည်၊ ဆီပမာဏ မည်မျှတင်သွင်းမည်ကို လက်ရှိစက်သုံးဆီတင်သွင်း ဖြန့်ဖြူးနေသော ကုမ္ပဏီများပင် ရှင်းလင်းတိကျသော သတင်းများ မသိရသေးပေ။
ထို့ပြင် ရုရှားနိုင်ငံမှ ရေနံစိမ်းနှင့် လောင်စာဆီဈေးသည် သက်သာနိုင်သော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်မှာ စင်ကာပူနိုင်ငံမှ တင်သွင်းရသည့် စရိတ်ထက် ပိုမိုကုန်ကျနိုင်သည့်အပြင် တန်ချိန် ၁ သိန်းကျော် တင်ဆောင်လာမည့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်းနှင့် သိုလှောင်ကန် အစရှိသည့် အခြေခံအဆောက်အအုံများ မြန်မာဘက်တွင် ရှိမနေ သေးကြောင်း စက်သုံးဆီလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။
လက်ရှိဈေးကွက်ပေါက်ဈေးများအရ စင်ကာပူနိုင်ငံမှ စက်သုံးဆီ ၁ ဂါလံဈေးနှုန်းသည် အမေရိကန် ဒေါ်လာ ၇ ဒေါ်လာ ကျော်ရှိပြီး ရုရှားနိုင်ငံမှ စက်သုံးဆီ ၁ ဂါလံ ဈေးနှုန်းသည် ၃ ဒေါ်လာကျော်သာ ရှိကြောင်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ ဖော်ပြပေးနေသော GlobalPetrolPrice.com ဝက်ဆိုက်ဘ်တွင် ဖော်ပြထားသည်။
“ဖြစ်နိုင်ချေတခုရှိတာက ရုရှားကနေ ဈေးသက်သက်တဲ့ ရေနံစိမ်းတွေတင်သွင်းပြီး ပြည်တွင်းလောင်စာဆီ ဈေးနှုန်းလျှော့ချဖို့ လုပ်နေတဲ့ အိန္ဒိယကို တဆင့်ခံပြီး စက်သုံးဆီတွေ တင်သွင်းလာနိုင်တယ်”ဟု စက်သုံးဆီလုပ်ငန်းရှင်တဦးက ခန့်မှန်းပြောဆိုသည်။
You may also like these stories:
စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော
ဈေးကွက်အတွင်း စက်သုံးဆီ ပြတ်နေ
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိုးကျနေ
ဇောက်ထိုးဆင်းနေဦးမည့် မြန်မာ့စီးပွားရေး