စစ်တပ် အာဏာသိမ်းပြီး တနှစ်ခွဲကျော်အကြာတွင် ကျပ်ငွေ တန်ဖိုး ဆက်တိုက် ကျဆင်းလာခြင်းကြောင့် ရန်ကုန်မြို့ အိမ်ခြံမြေများကို ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံသူများရှိလာသဖြင့် ဈေးမှာ ယခင်ထက် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ ကြောင်း အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။
လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်တွင် ဝယ်/ ရောင်းနှင့် ရေတို ဝယ်သည့်သူများက ဈေးကွက်ရှိသည့် စီးပွားရေးလုပ်ရန် ကောင်းမွန်သည့် နေရာများကို ငွေပမာဏများများ (ကျပ်သိန်း ထောင်ချီ၊ သောင်းချီတန်နေရာ) နှင့် ဝယ်ယူကြပြီး၊ ရေရှည် နေထိုင်ရန်အတွက် နယ်မှ တက်လာသည့်သူများက ရန်ကုန်မြို့အစွန်ရှိ မြေကွက်များကို ဝယ်ယူမှုများ ရှိနေကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက ပြောသည်။
အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းရှင်တဦးက “အခု အနေအထားအရ ငွေရှိတဲ့သူတွေက လက်ထဲမှာ ငွေကျူံ့သွားမယ့် အတူတူ ခိုင်မာတဲ့ မြေတွေ ဝယ်လာကြတာ။ အခု နယ်တွေကနေ ရန်ကုန်မှာ ဝယ်ကြတာ များတယ်။ ကျပ်သိန်း ထောင်ဂဏန်း ပတ်ချာလည်နဲ့ နေရာလေး အဆင်ပြေတယ်။ အလုပ်လုပ်လို့လည်း ရမယ်ဆို ဝယ်ကြတာ ဆိုတော့ နယ်က လာဝယ်တဲ့သူရှိတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေက ဒေါ်လာဈေးတက်တော့ ငွေပြန်ပို့ပြီး ဝယ်တာ ရှိတယ်။ ဖြစ်သင့်တာထက် ဆုံသွားပြီးတော့ အဝယ်သမားတွေ ရှိလာတာ ဖြစ်တယ်။ အဲဒီတော့ ဈေးတက်သွား တာပေါ့” ဟု ပြောသည်။
ထို့ကြောင့် အိမ်ခြံမြေ ဈေးကွက်မှာ အဝယ်လိုက်လာ၍ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ဈေးတက်ပြီး တချို့ နေရာများတွင် ၃၀ ရာခိုင်နှုန်းအထိ ဈေးတင်ရောင်းခြင်းများ ရှိနေကြောင်းလည်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ငွေကြေးနဲ့ တွက်ပြီး နေရာအပေါ် မူတည်ပြီး ဝယ်ကြတယ်ဆိုတော့ မြို့ပြင်ဆိုရင်တောင်မှ လမ်းမတန်းကျတော့ သွက်တယ်လေ။ အဲဒီတော့ ဈေးက မြင့်တယ်၊ တမျိုးပေါ့။ အတွင်းကတော့ တမျိုးပေါ့။ ဝယ်သူမရှိတဲ့ အတွင်းအရမ်းကျတဲ့ နေရာတွေကတော့ ဈေးသိပ်မတက်ဘူး။ အရပ်စကားဆိုရင်တော့ ကြိုက်ရောင်း၊ ကြိုက်ဝယ် ဈေးကွက် ဖြစ်နေတာပေါ့” ဟု ရှင်းပြသည်။
တနေ့ထက်တနေ့ ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းကြောင့် လက်ထဲ၌ ရာဂဏန်း ဝန်းကျင်အထိ ငွေကိုင်ထားသူများက ရန်ကုန်မြို့စွန် နေရာများဖြစ်သော မြောက်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ အစရှိသည့်တို့တွင် မြေကွက်များကို ငွေချက်ချင်း ပေးချေ၍ ဝယ်ယူခြင်းများ ရှိလာကြောင်း သိရသည်။
အိမ်ခြံမြေ လုပ်ငန်းရှင် နောက်တဦးကလည်း “အခုက အိမ်ခြံမြေ ဝယ်ပြီးရင်လည်း အရင်လို စီးပွားရေးလုပ်ဖို့အတွက် အခြေအနေက လောလောဆယ် မရှိတဲ့ အနေအထား ဖြစ်တော့ တချို့က ဝယ်ထားတယ်၊ မရောင်းဘဲ စောင့်ကြည့်ကြတယ်။ တချို့ကျတော့လည်း ဒါကို ရောင်းလိုက်တယ်။ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ရှိတဲ့ အိမ်နီးချင်း ပြည်ပနိုင်ငံတွေကို ရွှေ့ကြတယ်။ အခုဆို ပြည်ပမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ထွက်ဝယ်နေတာလည်း ရှိတယ်” ဟု လက်ရှိ ရန်ကုန်မြို့ ၏ အခြေအနေကို ပြောပြသည်။
ပုံမှန်အားဖြင့် လက်ရှိအချိန်သည် အိမ်ခြံမြေဈေးကွက်အေးသည့် အချိန်ဖြစ်သော်လည်း နိုင်ငံရေးအခြေအနေနှင့် ငွေကြေးဈေးကွက်ဂယက်များကြောင့်သာ အိမ်ခြံမြေဈေးကွက် လှုပ်ခတ်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
အိမ်ခြံမြေဈေးကွက်တွင် ပွဲအသေးမှ ပွဲအကြီးထိ အရောင်းအဝယ် ဖြစ်နေသော်လည်း အငှားပိုင်းတွင် နိုင်ငံခြားသား ဝင်ရောက်မှု မရှိသောကြောင့် စက်ရုံအငှား၊ ဂိုဒေါင်အငှားမှ စ၍ တိုက်ခန်းအငှားများအထိ ငှားသူကျဆင်းနေသလို ဈေးနှုန်းမှာလည်း ယခင်က ဂိုဒေါင်တခုကို တလ ကျပ်သိန်း ၅၀ ရသည့် နေရာပင် ကျပ်သိန်း ၂၅ အထိ ကျဆင်းခြင်းများ ရှိနေသည်။
ရန်ကုန်မြို့တွင်း အိမ်ခြံမြေ ဝန်ဆောင်သူ တဦးက “အရောင်းမှာဆိုရင် ရွှေတောင်ကြား၊ တောင်ဥက္ကလာတွေ တက်တယ်။ ကျနော်တို့က တပေ ပတ်လည်ဈေးနဲ့ ရောင်းတာ။ အရင်က တပေ ပတ်လည် ကျပ် ၁ သိန်းကျော်ရှိရင် အခု ကျပ်၂ သိန်း၊ ၂ သိန်း စွန်းစွန်းအထိ ဖြစ်တယ်။ အမှန်တော့ လက်ထဲ ငွေမထားချင်တော့ ဈေးမေးတဲ့အခါ ခေါ်တဲ့သူ ဈေးကို မစုံစမ်းပေးလိုက်တော့ တက်ကုန်တာ။ ကျနော် ဈေးဆိုင်ထားတဲ့ မြေကွက် ပေ ၈၀x ၆၀ အကွက်တောင် ကျပ်သိန်း၂၀၀၀ နဲ့ ပြောထားပြီး တပတ်ကြာတော့ ပိုင်ရှင်က ကျပ်သိန်း ၃၅၀၀ ဖြစ်သွားတယ်” ဟု လက်ရှိ အခြေအနေ ကို ပြောပြသည်။
ထို့ပြင် ရန်ကုန်မြို့ပေါ်မှာပင် ခိုး ဆိုး လုယက်မှုဖြစ်စဉ်များ ထူထပ်လာသောကြောင့်လည်း တချို့သူများက လုံခြုံရေး ပေးနိုင်သော ကျပ်သိန်း ၄ ထောင် ဝန်းကျင်ဈေးရှိ ကွန်ဒိုများကို လိုက်လံဝယ်ယူ နေထိုင်သူများ ရှိကြောင်း သိရသည်။
ရန်ကုန်မြို့အပြင် နယ်မြို့များတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် မန္တလေးမြို့၊ နေပြည်တော် အစရှိသည့် မြို့ကြီး များသို့ တက်လာကာ အိမ်ခြံမြေ ဝယ်ယူမှုများလည်း ရှိလာကြောင်း အိမ်ခြံမြေအရောင်းဝယ် ဝန်ဆောင်မှု ပေးသူများ ထံမှ သိရသည်။
ထို့ပြင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများအရ အိမ်ခြံမြေ ဝယ်ယူရာတွင်လည်း တရားမဝင်ငွေ (Illegal money) စီးဆင်းမှုများ အနည်းနှင့်အများ ရှိနေပြီး မည်သည့် ပမာဏခန့် စီးဝင်းနေသည်ကို ပြောရခက်သည့် အခြေအနေ ဖြစ်နေကြောင်း အိမ်ခြံမြေ လုပ်ငန်းငန်းရှင်များက ပြောဆိုကြသည်။
You may also like these stories:
တန်းစီတိုးစားရတဲ့ သမဝါယမခေတ် ပြန်လာပြီ
စက်သုံးဆီ ဈေးကွက်ကို စစ်အုပ်စု လက်ဝါးကြီးအုပ်ပြီ
ကုန်စျေးနှုန်းများ ထိုးတက်၊ အခြေခံပြည်သူများဘဝ ပိုမိုကျပ်တည်းလာ
စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော