စီးပွားရေး

တဒေါ်လာ ကျပ် ၃၀၀၀ ကျော်ပြီ

စားသုံးဆီ၊ စက်သုံးဆီ တင်သွင်းသည့် သွင်းကုန် လုပ်ငန်းရှင်များ၏ ပြင်ပ ပုဂ္ဂလိကဘဏ်များတွင် ဒေါ်လာဝယ်ယူသည့်စာရင်းကို ဗဟိုဘဏ်သို့ ပေးပို့ရန် ထုတ်ပြန်လိုက်ခြင်းအား ပေါက်ဈေး တဒေါ်လာ ကျပ် ၃၁၀၀ ကျော်အထိ ပြင်ပငွေဈေးကွက်က တုံ့ပြန်လိုက်သည်။

ဗဟိုဘဏ်က ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို တဒေါ်လာလျှင် ၂၁၀၀ ကျပ်နှင့် မြန်မာငွေလဲလှယ်ရန်နှင့် ၃၅ ရာခိုင်နှုန်းကို ပြင်ပတွင် ရောင်းချနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခု ဩဂုတ် ၂၅ ရက်တွင် ယင်းရောင်းချလိုက်သည့် ၃၅ ရာခိုင်နှုန်းကို ဝယ်ယူသွားသော စက်သုံးဆီ၊ စားသုံးဆီ ကုမ္ပဏီများ၏ စာရင်းကို ဗဟိုဘဏ်သို့ တင်ပြရန် ထပ်မံ ညွှန်ကြားလာခြင်း ဖြစ်သည်။

ယခုတပတ် ဈေးစဖွင့်သည့် ဩဂုတ်လ ၂၂ ရက်တွင် အမေရိကန် ၁ ဒေါ်လာ ၂၉၀၀ ကျပ်ကျော်၊ တရုတ်ငွေ ၁ ယွမ် ကျပ် ၃၀၀ ကျော်နှင့် ထိုင်းငွေ ၁ ဘတ် ကျပ် ၇၀ ကျော် ဝန်းကျင်မှ ယနေ့ (ဩဂုတ် ၂၆) ရက်တွင် ၁ ဒေါ်လာ ၃၁၀၀ ကျပ်ကျော်၊ တရုတ်ငွေ ၁ ယွမ် ကျပ် ၄၀၀ ကျော် နှင့် ထိုင်းငွေ ၁ ဘတ် ကျပ် ၈၀ ကျော်အထိ ဈေးနှုန်းများ မြင့်လာသည်။

ရန်ကုန်မြို့မှ ဒေါ်လာ ရောင်းဝယ်ရေးသမား တဦးက “စစ်ကောင်စီက ဒေါ်လာငွေကြေးကို ၁ ဒေါ်လာ ၁၈၅၀ ကျပ်ကနေ အခု ၂၁၀၀ ကျပ်အထိ ဈေးသတ်မှတ်ပေမယ့် သွင်းကုန်သမားတွေကိုကျတော့ လုံလောက်အောင် မရောင်းပေးနိုင်ဘူး။ အဲ့ဒီတော့ ပြင်ပက ဝယ်ရတယ်။ အဲ့ဒါ အရင်ကလည်း သွင်းကုန်သမားတွေ ဝယ်ရင် စာရင်းပို့ရတာပဲ။ အခု ထပ်ထုတ်တော့ ကျပ်ငွေကို မယုံကြည်မှုတွေ တိုးတာနဲ့၊ ဈေးကွက်မှာ ဒေါ်လာ လိုအပ်ချက်တွေနဲ့၊ ကျပ်ငွေကို မယုံတော့ ဝင် ကစားတာတွေနဲ့၊ နောက် တည်ငြိမ်မှုမရှိတော့ ကုန်သည်တွေက ငွေကြေးတွက်ချက်မှုတွေကြောင့် နိုင်ငံခြားငွေ ဈေးကွက်ကို အာရုံစိုက်တဲ့အခါ ဈေးကွက်က မကျတော့ဘူး။ အခု တဒေါ်လာ ကျပ် ၃၁၄၀ ကျပ် ဖြစ်နေပြီ။ တက်ဖို့ပဲ ဦးတည်နေတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများမှာပင် စစ်ကောင်စီ၏ ဒေါ်လာသတ်မှတ်ဈေးမှာ မကိုက်သဖြင့် ဆိုင်ဖွင့်ထား သော်လည်း ပြင်ပဈေးနှင့်သာ တိုးတိုးတိတ်တိတ် အရောင်းအဝယ်လုပ်ခြင်း၊ တချို့က ဆိုင်ပိတ်ထားခြင်းများအထိ ရှိကြောင်း ဈေးကွက်တွင်းရှိ ဒေါ်လာရောင်း/ဝယ်ရေး သမားများက ပြောသည်။

ထိုသို့ ကျပ်ငွေတန်ဘိုးကျဆင်းနေမှုသည် အဓိကအားဖြင့် သွင်းကုန်ဈေးနှုန်းများပေါ်သို့ အမြဲလိုဖိဆီးနေသည်။

မူဆယ်ဒေသခံ ကုန်သည်ကြီး တဦးက “စစ်ကောင်စီက ထုတ်တိုင်း ကုန်ဈေးနှုန်းကလည်း နေ့တိုင်းတက်နေတာ။ အခု ယွမ်ဈေးက တပတ် ကျပ် ၁၀၀ လောက် တက်တက်သွားပြီ။ အခု ဆန်ပို့တယ်ဆိုရင် ၁ ယွမ် ၄၃၈ ကျပ်နဲ့ တွက်ပို့လိုက်တာ တရုတ်ပြည်ရောက် ငွေဈေးက ၁ ယွမ် ၄၄၈ ကျပ် ဖြစ်နေပြီ ကိုက်တာပေါ့။ သွင်းကုန်သမားကတော့ ခံရတာ ပေါ့။ သွင်းတိုင်းဈေးတက်။ အဲ့ဒီတော့ ပြည်တွင်းမှာလည်း နေ့တိုင်းတက်တွေ ဖြစ်တာပေါ့”ဟု ပြောသည်။

တရုတ်နိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်၊ သွင်းအားစု (မြေဆီ၊ ပိုးသတ်ဆေး၊ အားဆေး စသဖြင့်)၊ ဆေးဝါးပစ္စည်း၊ စက္ကူ၊ စက်ပစ္စည်း အစရှိသည်တို့မှာ ယွမ်ဈေးမြင့်လာသောကြောင့် ဈေးနှုန်းမှာလည်း နေ့စဉ်နှင့် အမျှ မြင့်တက်နေပြီး မြေဆီ တအိတ်လျှင် ယခင်က ကျပ် ၇ သောင်းကျော် ရှိရာမှ ယခု ကျပ် ၁ သိန်းကျော်ထိ ရှိနေပြီဖြစ်သည်။

အလားတူ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင်လည်း ထိုင်းငွေဈေးမှာလည်း ဩဂုတ်လ ၂၂ ရက်တွင် ၁ ဘတ်လျှင် မြန်မာငွေ ကျပ် ၇၀ ကျော် ရှိရာမှ ယနေ့ (ဩဂုတ်လ ၂၆)တွင် ၁ ဘတ်လျှင် ကျပ် ၈၀ ကျော် အထိ ဈေးတက်လာကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ တင်သွင်းနေသော စားသောက်ကုန်များလည်း ဈေးတက်ကုန်သည်။ ဟင်းသီးဟင်းရွက်ဆီ (ပုဇွန်နှစ်ကောင် တံဆိပ်) ၁ လီတာဗူး ၁ ဗူးလျှင် ယခင်က တပတ်က ၆၆၀၀ ကျပ်ရှိရာမှ ယခုအချိန်တွင် ၇၆၀၀ ကျပ်မှ ၈၁၀၀ ကျပ် အထိ ဈေးမြင့်လာကြောင်း ဆီတင်သွင်းသည့် လုပ်ငန်းရှင် တဦးထံမှ သိရသည်။

မြန်မာနိုင်ငံသည် စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများ စသည်တို့ကို ပြည်ပနိုင်ငံအသီးသီးမှ တင်သွင်းနေရသည့်၊ သွင်းကုန်ကို အဓိက အားထားနေရ သောကြောင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများမြင့်တက်လာသည်နှင့် အမျှ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။

You may also like these stories:

တန်းစီတိုးစားရတဲ့ သမဝါယမခေတ် ပြန်လာပြီ

စစ်ခေါင်းဆောင် မိသားစု၏ ရှေ့ထွက်မင်းသား ဦးမောင်မောင်နိုင်

စက်သုံးဆီ ဈေးကွက်ကို စစ်အုပ်စု လက်ဝါးကြီးအုပ်ပြီ

စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော

ကုန်စျေးနှုန်းများ ထိုးတက်၊ အခြေခံပြည်သူများဘဝ ပိုမိုကျပ်တည်းလာ

Loading