နိုင်ငံခြားငွေလဲလှယ်နှုန်းများ ဆက်တိုက် မြင့်လာမှုနှင့်အတူ နယ်စပ်ကုန်သွယ်ရေးတွင် အဓိက ငွေပေးချေရသော တရုတ် ယွမ်နှင့် ထိုင်းဘတ် ဈေးများလည်း အတက်ကြမ်းလာပြီး ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့် လျက်ရှိကြောင်း နယ်စပ်ကုန်သည်များက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ပင် အမေရိကန်ဒေါ်လာ ပေါက်ဈေးမှာ ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာလျှင် ကျပ် ၄၅၀၀ ဝန်း ကျင်ထိ ဈေးတက်ခဲ့သလို ထိုင်းဘတ် ၁ ဘတ်လျှင် ကျပ် ၉၀ ကျော်ထိရှိပြီး တရုတ်ယွမ်ဈေးသည်လည်း ၁ ယွမ်လျှင် ကျပ် ၅၀၀ ထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီ၏ နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာဖြင့် အရောင်းဝယ် ပြုလုပ်ခိုင်းခြင်း၊ ကုန်သွယ်ရေး လုပ်ဆောင်ရာတွင် မိမိတင်ပို့မည့်ကုန်ဖိုးကို ကြိုတင်သွင်းခိုင်းခြင်းနှင့် ပို့ကုန်လိုင်စင် လျှောက်ထားမှုများကို ကန့်သတ်လိုက် ခြင်းတို့ကြောင့်လည်း ကုန်သည်များ အနေဖြင့် လုပ်သာကိုင်မရှိဘဲ ပို့ကုန်တင်ပို့မှုများ လျော့ကျလျက် ရှိနေကြောင်းလည်း နယ်စပ်ကုန်သည်များက ဆိုသည်။
မြဝတီမြို့မှ ကုန်သည်တဦးက “ကိုယ့်ကုန်က မသွားရသေးဘူး။ အစိုးရကို ကုန်ရောင်းတဲ့ပိုက်ဆံက အရင်သွင်းထားနေရတာ။ ဘယ်သူမှ လွယ်လွယ်ကူကူ သွားမရတော့ အဲဒီမှာ ကုန်သွယ်မှုက ဘယ်သူမှ မလုပ်ကြတော့ဘူး။ မလုပ်တော့ ဘတ်လည်း မရဘူး၊ ဒေါ်လာလည်း မရတော့ဘူး” ဟု ပြောသည်။
ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲများကြောင့် ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လများတွင် ထိုင်းနိုင်ငံသို့ မြန်မာဘက်က အဓိ က တင်ပို့နေသော ပို့ကုန်များ ဖြစ်သည့် ပြောင်း၊ နှမ်း၊ ပဲ တင်ပို့မှုများ လျော့ကျခဲ့ပြီး ထိုင်းဘက်က သွင်းကုန်တင်သွင်းမှုသာ အများအပြားရှိခဲ့၍ ထိုင်းဘတ်ငွေ လိုအပ်ချက်များကာ ဘတ်ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခု ၂၀၂၂ ဧပြီမှ ဩဂုတ်လကုန်ပိုင်းထိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃၆၃ သန်းကျော်ရှိပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၅၅၃ သန်းကျော်ရှိကာ ပြီးခဲ့သည့် ၂၀၂၁ ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ ကုန် တင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ကျဆင်းသွားခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
အထက်ပါ ကုန်သည်က “ပို့ကုန်လုပ်ငန်းတွေကို ဘယ်လက်ထက်ကမှ အခုလို တင်းကျပ်တာ မရှိဘူး။ ပို့ကုန်ဆိုရင် ဘယ်လို ပို့ပေးရမလဲဆိုပြီး အစိုးရက ပံ့ပိုးပေးခဲ့ကြတာချည်းပဲ။ အခုကျမှ မျိုးစုံကန့်သတ်ခံနေရတာ” ဟု ပြောဆိုသည်။
လတ်တလော မြဝတီနယ်စပ်ကုန်သွယ်ရေး အခြေအနေသည် ထိုင်းနိုင်ငံက မြန်မာ့ပြောင်းများကို အခွန်ကင်းလွတ်ခွင့် ပေးထားသောကာလ (ဖေဖော်ဝါရီမှ ဩဂုတ်ထိ) ကျော်လွန်သွားခြင်းနှင့် အခြားသော ပဲ၊ နှမ်းများကို ပို့ကုန်လိုင်စင်များ တင်းကျပ်ထားခြင်းကြောင့် ဆန်နှင့် ဆန်ကွဲသာ အနည်းငယ် တင်ပို့နိုင်သည့် အခြေအနေ ရှိတော့ပြီး ထိုင်းနိုင်ငံဘက်မှ စား သောက်ကုန်၊ လူသုံးကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများကိုမူ အများအပြား တင်သွင်းနေရလျက် ရှိသည်။
လက်ရှိ အခြေအနေအရ ထိုင်းဘတ်ငွေ ဈေးနှုန်းသည် အနည်းငယ် ပြန်ကျလာလျက် ရှိသော်လည်း ထိုင်းနိုင်ငံသို့ မြန်မာက အဓိက တင်ပို့နေသော ပြောင်းတင်ပို့ရာသီချိန် ကုန်လွန်သွားပြီဖြစ်၍ ဘတ်ဈေးမှာ အမြင့်ဈေးနှုန်းတွင်သာ ရှိနေနိုင်ဦးမည် ဖြစ်ကြောင်း ပြောင်းကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “အဓိကက ပို့ကုန်မူဝါဒ အပြောင်းအလဲကြောင့် ကုန်သွယ်ရေးမှာ အခက်အခဲတွေ ဖြစ်လာတာကြောင့် အခု ထိုင်း ဘတ်ငွေဈေးတွေပါ ကမောက်ကမ ဖြစ်လာနေတာ။ ငွေဈေး အတက်အကျများလည်း ပုံမှန်က ကုန်သွယ်ရေး လုပ်နေကြတာပဲလေ” ဟု ဆိုသည်။
တရုတ်နယ်စပ်ကုန်သွယ်ရေးဘက်တွင်လည်း တရုတ်ယွမ်ငွေနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ အတက်အကျ ကြမ်းနေ၍ ကုန်စည်ဈေးနှုန်း သတ်မှတ်ချက်နှင့် အရောင်းအဝယ်များ မကြာခဏ အပြောင်းအလဲ များနေခြင်းကြောင့် ကုန်သွယ်ရေးကို အခြေအနေ စောင့်ကြည့်နေရလျက် ရှိကြောင်း မူဆယ်နယ်စပ်ကုန်သည်များက ဧရာဝတီသို့ ပြောသည်။
ဆန်ကုန်သည်တဦးက “ငွေဈေး မငြိမ်တော့ ဈေးနှုန်းသတ်မှတ်ရတာ တော်တော်လေး ခက်ခဲတာပေ့ါ။ ကုန်ပစ္စည်းကို ဈေးဖြတ်ပေးပြီး ငွေလွှဲတော့မယ်၊ လွှဲခါနီးလေးမှာမှ ငွေအပြောင်းအလဲတွေ ဖြစ်တော့ ဝယ်မယ့်သူက အဝယ်ဖျက်ပြီး ပြန်ဆုတ် တာမျိုး ဖြစ်လာတော့ အရောင်းအဝယ်ကို ရပ်ထားကြတဲ့ သဘောမျိုး ဖြစ်နေတာ” ဟု ရှင်းပြသည်။
တရုတ်ယွမ်ဈေးနှုန်းသည် ယခင်က ၁ ယွမ်လျှင် ကျပ် ၂၀၀ ကျော် ၃၀၀ ဝန်းကျင် ရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ၁ ယွမ် လျှင် ကျပ် ၅၀၀ ဝန်းကျင်ထိ မြင့်တက်လာနေသလို ဈေးနှုန်းလည်း တည်ငြိမ်မှု မရှိကြောင်း ကုန်သည်များထံမှ သိရသည်။
အထက်ပါ ဆန်ကုန်သည်က “တရုတ်က မြဝတီဘက်လောက်တော့ အပြောင်းအလဲကြီး အရမ်းမများဘူး။ အလုပ်ဖြစ်တယ် လို့တော့ ပြောလို့ရတယ်။ ငွေဈေးက တက်တာဆိုတော့ ဒီတရုတ်ဘက်မှာ ပို့ကုန်ပို့တာက ပိုများတာလေ” ဟု ဆိုသည်။
တရုတ်နိုင်ငံဘက်ကလည်း ၎င်းတို့၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ကိုဗစ်-၁၉ ကာလ ၂ နှစ်ကျော်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအပေါ် တင်းကျပ်ထားသော ကျန်းမာရေးဆိုင်ရာများအား ပြန်လည် ဖြေလျှော့ပေးလာမှုများကြောင့် ယခုနှစ် ကုန်သွယ်ရေး ပိုမိုအဆင်ပြေလာနိုင်ရန် ကုန်သည်များက မျှော်လင့်နေကြသည်။
ထို့သို့ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေခြင်းနှင့်အတူ မြန်မာကျပ်ငွေတန်ဖိုးသည်လည်း ဆက်တိုက် ကျဆင်းလာခြင်း ကြောင့် ထိုင်းနှင့်တရုတ် – မြန်မာ ကုန်သွယ်ရေးများတွင် မြန်မာကျပ်ငွေကို လက်ခံကိုင်ဆောင်ထားလိုသူများ နည်းပါးလျက် ရှိလာနေကြောင်း သိရသည်။
You may also like these stories:
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါး ဖြစ်နေ
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိုးကျနေ
မြန်မာ့စီးပွားရေး ထိုးရပ်တော့မည်
နယ်စပ်ကုန်သွယ်ရေး ဒေါ်လာ သတ်မှတ်ချက် နေရာထပ်ချဲ့