စစ်အာဏာသိမ်းဆန့်ကျင်ရေး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က အမေရိကန် ဗဟိုဘဏ်တွင် ထိန်းသိမ်းထားသည့် အမေရိကန် ဒေါ်လာ တဘီလီယံဖြင့် ကျားကန်ထားသည့် ဒစ်ဂျစ်တယ် ငွေကြေးတခုနှင့် မြန်မာ့ ဗဟိုဘဏ်သစ်တခု ထူထောင်ရေးကို အမေရိကန် ဗဟိုဘဏ်က ထောက်ခံရန် တိုက်တွန်းနေသည်။
ထိုကိစ္စသည် ယခင်နှစ်က အာဏာသိမ်းပြီးနောက် စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းဆိုးရွားနေသော မြန်မာတွင် ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည်၏ မဟာမိတ်များ ဦးဆောင်သော စင်ပြိုင်အစိုးရကို အထောက်အကူပြုစေမည့် ထိရောက်သော အစီအမံဖြစ်သည်။
“ထိန်းသိမ်းထားတဲ့ ငွေကို အမည်ခံသုံးစွဲခွင့်ပေးဖို့ အမေရိကန်က ခွင့်ပြုချက်ပဲ လိုတယ်” ဟု NUG အစိုးရ စီမံကိန်း၊ ဘာဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က Bloomberg သတင်းဌာနနှင့် ဗီဒီယိုဖြင့် တွေ့ဆုံမေးမြန်းမှုတခုတွင် ပြောသည်။
စင်ပြိုင်အစိုးရက တောင်းခံနေသည့် ငွေမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှ စတင်ပြီး နယူးယောက်ရှိ အမေရိကန် ဗဟိုဘဏ်တွင် ထိန်းသိမ်းထားသည့် မြန်မာ၏ နိုင်ငံခြား အရန်ငွေများဖြစ်သည်။
စင်ပြိုင်အစိုးရသည် အမေရိကန်ပြည်ထောင်စု၏ ထောက်ခံမှု ရရှိပါက အတိုက်အခံတို့၏ တော်လှန်ရေးအားထုတ်မှုများကို ထောက်ပံ့ရန် ဒစ်ဂျစ်တယ် ငွေကြေး ထုတ်ဝေနိုင်မည့် ဗဟိုဘဏ်တခုကို ထူထောင်နိုင်မည်ဖြစ်သည်ဟု ဦးတင်ထွန်းနိုင်ပြောသည်။ ထိုစီမံကိန်းသည် အမေရိကန် ဗဟိုဘဏ်တွင် ထိန်းသိမ်းထားသည့် ဒေါ်လာ တဘီလီယံကို ထုတ်မပေးဘဲ အသုံးပြုခွင့်ပေးကာ ကျားကန်ပေးထားသည့် ငွေကြေး ထုတ်ဝေသည့် စီမံကိန်းဖြစ်ကြောင်း သူပြောသည်။
“ဒီငွေတွေကို ကြိုတင်တွက်ဆနိုင်တဲ့ အနာဂတ်အတွင်း အမေရိကန်ပြည်ထောင်စုက ထုတ်ပေးမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့သိတယ်။ ဒါပေမယ့် ကျနော်တို့က အဲဒီငွေတွေကို အမည်ခံသုံးစွဲခွင့်တောင်းနေတာ” ဟု သူပြောသည်။ “ဆိုလိုတာကတော့ ကျနော်တို့ NUG က ဗဟိုဘဏ် ထူထောင်တဲ့အခါ ဒီငွေကို ကျနော်တို့ရဲ့ နိုင်ငံခြားသုံးအရန်ငွေအဖြစ် အသုံးချမယ်ပေါ့ဗျာ” ဟုလည်း သူပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရသော လွှွတ်တော်ကိုယ်စားလှယ်များနှင့် အရာရှိများဖြင့် ဖွဲ့စည်းထားသည့် NUG အစိုးရသည် မြန်မာနိုင်ငံပြင်ပမှ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တီထွင်ဆန်းသစ်စွာ ရန်ပုံငွေရှာနိုင်ကြောင်း ပြသနေသည်။ NUG သည် နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်များကို ရောင်းချသလို စစ်ကောင်စီခေါင်းဆောင်နှင့် မိသားစုပိုင် အိမ်ကြီးများကိုလည်း သဘောတရားအရ လေလံတင်ရောင်းချပြီး အမေရိကန်ဒေါ်လာ ၅၃ သန်း ရန်ပုံငွေရှာနိုင်ခဲ့သည်။
အရေးယူပိတ်ဆို့မှုများကို အကောင်အထည်ဖေါ်ရသော အမေရိကန်ဘဏ္ဍာရေးဌာနက ထိုမေးခွန်းများကို နယူးယောက်ရှိ အမေရိကန် ဗဟိုဘဏ်သို့ ဆက်လက်ပေးပို့ခဲ့သည်။ စစ်ကောင်စီပြောခွင့်ရသူတဦးဖြစ်သည့် ဇော်မင်းထွန်းထံဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။
ဒေါ်လာဘီလီယံအနည်းငယ်သာ ရှိတော့သည့် စစ်ကောင်စီ နိုင်ငံခြားအရန်ငွေကြေး များကို စင်္ကာပူ၊ ထိုင်းနှင့် ဂျပန်တွင် ထားကြောင်း ဦးတင်ထွန်းနိုင်ပြောသည်။ ထိုသုံးနိုင်ငံ ဗဟိုဘဏ်များကလည် စစ်ကောင်စီ အရန်ငွေကြေးများအကြောင်း ပြောဆိုရန် ငြင်းဆန်ကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်းဆိုမှုမျိုးကို အမေရိကန်ပြည်ထောင်စုက လိုက်လျောခဲ့ဖူးသည်။ သမ္မတ ထရမ့်ခေတ်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို အစိုးရကို ဖိအားပေးသည့် အနေဖြင့် အတိုက်အခံခေါင်းဆောင် နိုင်ငံတကာ အသိအမှတ်ပြု ကြားဖြတ်အစိုးရသမ္မတ ဂျူယန် ဂူအိုင်ဒိုကို အမေရိကန် ပြည်ထောင်စုရှိ ဗင်နီဇွဲလားအစိုးရ ပိုင်ဆိုင်မှုများအား အသုံးပြုခွင့် ပေးခဲ့သည်။
အမေရိကန်အစိုးရက ထိုသို့ ပြုလုပ်ရခြင်း ရည်မှန်းချက်မှ ာဗင်နီဇွဲလားပြည်သူများအကျိုးအတွက် ထိုပိုင်ဆိုင်မှုများကို ဗင်နီဇွဲလား တရားဝင် အစိုးရက ကာကွယ်စောင့်ရှောက်ခွင့်ပေးရန် ဖြစ်ကြောင်း ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုပြောခွင့်ရသူ ရောဘတ် ပယ်လာဒီနိုပြောသည်။ သို့သော် အမေရိကန် အစိုးရကပေးခဲ့သည့် ထိုငွေစာရင်းတွင် ငွေမည်မျှ ရှိသည်ကို ရှင်းလင်းစွာ မသိရပေ။ မာဒူရိုကို ဖြုတ်ချရန် အားထုတ်မှုငလည်း မကြာမီ ရပ်ဆိုင်းသွားသည်။
မြန်မာစင်ပြိုင်အစိုးရသည် အမေရိကန် ထောက်ခံမှုရနိုင်လျှင်ပင် ထိုအစီအစဉ်အတွက် ကြီးမားသော အခက်အခဲများ ရှိနေသေးသည်။ နိုင်ငံတကာ အသိအမှတ်ပြုမခံရဘဲ စီးပွားရေး ချည့်နဲ့နေပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် လည်းတိုက်ခိုက်နေရသော စစ်ကောင်စီသည် အလျှော့ပေးသည့် လက္ခဏာ မပြပေ။
စစ်ကောင်စီသည် အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ထောင်နှစ် ၂၀ ချထားပြီး ယခုနှစ်နှောင်းပိုင်းတွင် နောက်ထပ်စွပ်စွဲချက်များကို စီရင်ချက်ချမည်ဟု မျှော်လင့်ရသည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုစွပ်စွဲချက်အားလုံးကို ငြင်းဆန်ပြီး ထိုစွဲချက်များသည် နိုင်ငံရေပယောဂမကင်းသည့် စွဲချက်များဖြစ်ကြောင်း သူ့ကို ထောက်ခံသူများပြောသည်။ စီးပွားရေးအရ စစ်ကောင်စီအခြေအနေ လွန်စွာဆိုးနေသည်။
TotalEnergies နှင့် Chevron အပါအဝင် နိုင်ငံစုံလုပ်ငန်းများသည် အမေရိကန်နှင့် မဟာမိတ်များ ဦးဆောင်သည့် အရေးယူပိတ်ဆို့မှု ဖိအားများကြောင့် ဆယ်စုနှစ်ရှည်ကြာသည့် မြန်မာမှ ရင်းနှီးမြှုပ်နှံမှုများကို ယခုနှစ်အတွင်း ပြန်လည် ရုတ်သိမ်းခဲ့ကြသည်။ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် တန်ဖိုး ၃၇ ရာခိုင်နှုန်း ကျဆင်းပြီး ကမ္ဘာတွင် တန်ဖိုးအကျဆင်းဆုံးငွေကြေးများအနက် တခုဖြစ်သည်။
မြန်မာဗဟိုဘဏ်က ကျပ်ငွေတန်ဖိုးကို ကျားကန်ရန် ခြောက်လအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ဒေါ်လာများကို ဈေးကွက်အတွင်းသို့ ရောင်းချပေးမည်ဖြစ်ကြောင်း ယခုလအစောပိုင်းကကြေညာသည်။ ဗဟိုဘဏ် သည် ကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေချိန်တွင် တရားဝင်ငွေလဲနှုန်းကို တဒေါ်လာ ၁၈၅၀ ကျပ်မှ ၂၁၀၀ ကျပ်သို့ လွန်ခဲ့သောလက တိုးမြှင့်သတ်မှတ်သည်။ သို့သော်တရားဝင်ငွေလဲနှုန်းနှင့် ပြင်ပငွေလဲနှုန်းအကြား ကွာဟချက်ကြီးမားနေဆဲဖြစ်သည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ၎င်းတို့တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား အရန်ငွေများဆိုင်ရာ နောက်ဆုံးပေါ် အချက်အလက် မရှိကြောင်း သိရသည်။
Bloomberg သတင်းဌာန၏ မေးမြန်းမှုအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးက ဖြေကြားရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား အရန်ငွေမှာ ပြီးခဲ့သည့် အောက်တိုဘာလက မှတ်တမ်းတင်ခဲ့သည့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၄ ဘီလီယံနှင့် နှိုင်းယှဉ်ပါက အနည်းငယ် တိုးတက်လာကြောင်း သိရသည်။
စီးပွားရေးသည် ယမန်နှစ် ၁၈ ရာခိုင်နှုန်း ကျဆင်းမှုမှ ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ထားသော်လည်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆယ်စုနှစ်အတွင်း တိုးတက်မှုက ဆုတ်ယုတ်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဇူလိုင်လတွင် ပြောကြားခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လမှစတင်ကာ ဆင်းရဲနွမ်းပါးမှု နှစ်ဆတိုးလာခဲ့ကြောင်း သိရသည်။
“ဒီအကျပ်အတည်းထဲက ထွက်ဖို့ ရှင်းရှင်းလင်းလင်း လမ်းကြောင်း မရှိသေးပါဘူး” ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်ဟေဇာက စက်တင်ဘာ ၅ ရက်က စင်ကာပူတွင် ကျင်းပသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ “လွယ်လွယ်ဖြေရှင်းနည်းတွေလည်း ရှိမှာမဟုတ်ဘူး။”
(Bloomberg ၏ Myanmar exiles seek virtual currency backed by $1.4 billion at US Federal reserve ကို ဘာသာပြန်သည်။)
You may also like these stories:
ဈေးကွက်ထိန်းရန် ရွှေဒင်္ဂါးပြားရောင်းချမှု အလုပ်မဖြစ်ဟုဆို
ဗဟိုဘဏ် ခေါင်းဆောင်မှုသစ် ဘဏ္ဍာရေးကဏ္ဍကို တိုးတက်စေမည့် အလားအလာ မရှိ
ငွေဈေး အတက်အကျ များ၍ နယ်စပ်ကုန်သွယ်ရေးများ တန့်နေ
ရွှေနှင့် ဒေါ်လာဈေးကွက် စစ်ကောင်စီ ထိန်းနိုင်မလား