စီးပွားရေး

ကမ္ဘာ့ဘဏ္ဍာရေး ရာဇဝတ်မှု စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းနိုင်

စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာ အထောက်အကူများကို ပြင်းထန်စွာ ထိုးနှက်ချက်တခုအဖြစ် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ရန် ပျက်ကွက်သည့်အတွက် ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းသွင်းဖွယ်ရှိသည်။

နိုင်ငံတကာအစိုးရများ ပူးပေါင်းဆောင်ရွက်သည့် Financial Action Task Force-FATF မှ အဖွဲ့ဝင်များသည် အဆိုပါကိစ္စနှင့် ပတ်သက်၍ လာမည့်လတွင် ပါရီ၌ ဆွေးနွေးမှုများအတွင်း ဆုံးဖြတ်ချက်အား အတည်ပြုရန် မျှော်လင့်ထားကြောင်း အနောက်နိုင်ငံနှင့် အာရှအစိုးရ အရာရှိလေးဦးကိုးကားပြီး ဂျပန်သတင်းဌာန Nikkei Asia က ရေးသားဖော်ပြသည်။

ခေတ်မီစီးပွားရေး ခုနစ်နိုင်ငံအုပ်စု G-7 မှ တည်ထောင်ထားသည့် ပါရီအခြေစိုက် FATF ကို ငွေကြေးခဝါချမှု၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုနှင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ်၏ ခိုင်မာမှုအပေါ် အလားတူခြိမ်းခြောက်မှုများအား တိုက်ဖျက်ရန် ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အဖွဲ့အစည်း၏ အမည်ပျက်စာရင်းတွင် လက်ရှိ မြောက်ကိုရီးယားနှင့် အီရန်တို့ ၂ နိုင်ငံသာ ရှိသေးသည်။

ထိုသို့သတ်မှတ်ခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် သို့မဟုတ် ထိန်းသိမ်းရန် အာဏာသိမ်း ဗိုလ်ချုပ်များ၏ အကန့်အသတ်ရှိသော စွမ်းရည်ကို ပိုမိုထိခိုက်စေမည်ဖြစ်သည်။

“လုပ်ငန်းစဉ်ကို ကြီးကြပ်တဲ့ FATF ရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပြန်လည်သုံးသပ်ရေးအဖွဲ့က ကျေနပ်ရလောက်အောင် တိုးတက်မလာတဲ့အတွက် အောက်တိုဘာလ အစည်းအဝေးမှာ အမည်ပျက်စာရင်းသွင်းဖို့ အကြံပြုလိမ့်မယ်” ဟု FATF နှင့် အဆက်အဆံရှိသော အာရှသံတမန်တဦးက ပြောကြားခဲ့သည်။ “စစ်ကောင်စီ ပြသတဲ့ တိုးတက်မှု ကင်းမဲ့နေခြင်းက စုံညီအစည်းအဝေးမှာ မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းထဲ မရွှေ့ဖို့ အကြောင်းပြဖို့ ခက်လိမ့်မယ်။”

“မကြာသေးမီက အာဆီယံအပေါ် ပြသတဲ့ စစ်ကောင်စီရဲ့ သဘောထားကြောင့် FATF အဖွဲ့ဝင်တွေက မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းဖို့ ဘုံသဘောတူညီခဲ့မယ်ဆိုရင် လက်ရှိ FATF ဥက္ကဋ္ဌ စင်္ကာပူက ဒီလမ်းအတိုင်း ရပ်မယ်လို့ မထင်ပါဘူး” ဟုလည်း ၎င်းက ဆိုသည်။ အများအားဖြင့် ဘုံသဘောတူညီမှုတခုကို ပိတ်ပင်ရန် အနည်းဆုံး အဖွဲ့ဝင် သုံးဦးခန့် လိုအပ်သည်။

အမည်ပျက်စာရင်းသွင်းခံရခြင်းသည် စစ်ကောင်စီ၏ ယုံကြည်စိတ်ချရမှုနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဆွဲဆောင်ရန် ကြိုးပမ်းမှုများကို အကြီးအကျယ် အကြပ်ရိုက်စေမည်ဖြစ်သည်။ အဓိကအားဖြင့် အဆိုပါသတ်မှတ်ချက်သည် မြန်မာဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုများအတွက် ခေါင်းရှုပ်လောက်အောင် အစီရင်ခံမှုဆိုင်ရာ လိုအပ်ချက်များကို ဖြစ်လာစေမည်ဖြစ်သည်။

ပြည်တွင်းသုံး ကျပ်ငွေသည် ယခုနှစ်တွင် ဒေါ်လာနှင့်ယှဉ်လျှင် တန်ဖိုး ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး စံချိန်တင်အနိမ့်ဆုံးသို့ ဆက်တိုက်ရောက်ရှိကာ ထပ်မံကျဆင်းသွားနိုင်နေသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။

လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်းများကို စစ်ကောင်စီက ရန်လိုနေခြင်း၊ လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက်ခြင်း၊ နိုင်ငံခြားငွေများကို ကျပ်ငွေသို့ အတင်းအကျပ် လဲလှယ်ခိုင်းခြင်းတို့သည် နိုင်ငံစီးပွားတိုးတက်ရေးအတွက် အဓိကကျသော ရင်းနှီးမြှုပ်နှံမှုများကို မောင်းထုတ်ရာရောက်သည်။ မြန်မာ့စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း နီးပါး ကျုံ့သွားပြီးနောက် ယခုနှစ်တွင် တုံ့ဆိုင်းနေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ကလည်း လွန်ခဲ့သောနှစ်က မြန်မာတွင် အလုပ်အကိုင် ၁.၆ ရာခိုင်နှုန်း ဆုံးရှုံးကြောင်း ပြောသည်။

“FATF က မြန်မာကို အမည်ပျက်စာရင်းသွင်းလိုက်ရင် နိုင်ငံက အီရန်နဲ့ မြောက်ကိုရီးယားတို့လို ပြည်ပဘဏ္ဍာရေး အဖွဲ့အစည်းတွေအနေနဲ့ နယ်စပ်ဖြတ်ကျော် ငွေပေးငွေယူကိစ္စတွေမှာ ပိုမိုခက်ခဲစေမယ့်အပြင် အဲဒါကို ရှောင်ဖို့ အကုန်အကျ ပိုများတာမျိုးဖြစ်လာမယ်” ဟု စင်္ကာပူ အခြေစိုက် ISEAS-Yusof Ishak Institute မှ သုတေသီ Romain Caillaud ပြောသည်။

“အဲဒီကိစ္စက မြန်မာကို ပိုမို အထီးကျန်ပြီး ဒဏ်ခတ်တာမျိုးဖြစ်လာစေနိုင်တယ်။ စစ်ကောင်စီကိုထက် သာမန် မြန်မာပြည်သူတွေကို ဘယ်လောက်ထိခိုက်စေမယ်ဆိုတာနဲ့ နိုင်ငံရေးလမ်းပြမြေပုံက ဘယ်လို ပြင်ဆင်ထိန်းညှိမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်” ဟုလည်း သူပြောသည်။

အမည်ပျက်စာရင်းသွင်းခံရပါက ဘဏ်ငွေစာရင်းတခုဖွင့်ရန် သို့မဟုတ် ဆက်လက်ထိန်းသိမ်းထားရန် သို့မဟုတ် နိုင်ငံတကာဘဏ္ဍာရေးဝန်ဆောင်မှုများ ရယူရန် ခက်ခဲမည်ဖြစ်ကြောင်း ရန်ကုန်မှ ကော်ပိုရိတ်လုပ်ငန်း အမှုဆောင်များ ပြောသည်။ ဘဏ်များနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း အများစုသည် FATF အမည်ပျက်စာရင်းဝင် နိုင်ငံတနိုင်ငံအတွက် လိုအပ်သည့် စည်းကမ်းချက်များ လျှောက်ထားကာ အလုပ်လုပ်မည့်အစား မြန်မာနှင့်ပတ်သက်သည့် ဘဏ်စာရင်းများဖွင့်ရန် ရှောင်ရှားလာနိုင်ကြောင်း ၎င်းတို့ သတိပေးသည်။

“အမည်ပျက်စာရင်းသွင်းခံရမယ့် အလားအလာက အရမ်းမြင့်မားနေတယ်။ တကယ်လည်း ဖြစ်နိုင်ခြေရှိတယ်။ အခြေအနေဆိုးတယ်” ဟု မြန်မာနှင့်ပတ်သက်သည့် ဥရောပသံတမန်တဦးပြောသည်။ အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီက FATF သို့ ဇူလိုင်လတွင် အစီရင်ခံစာတင်သွင်းခဲ့ပြီး သြဂုတ်လတွင် FATF က စစ်ဆေးမှုတခုလုပ်ခဲ့ကြောင်း သူပြောသည်။

” မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ အဲဒီဘဏ်ကို စီမံဖို့ လွှတ်ထားတဲ့ လူတွေကို ကြည့်လိုက်လေ။ သူတို့က စစ်သားတွေ။ စည်းမျဉ်းတွေ လိုက်နာတဲ့အကြောင်း ဟန်ဆောင်ပန်ဆောင်တောင် လုပ်မပြနိုင်ဘူး။ အရင် စစ်အုပ်စုက လုပ်သလိုတောင် မလုပ်တတ်ဘူး။ ဘာတွေဖြစ်နေလဲဆိုတာတောင် မရိပ်မိဘူး” ဟု ထိုသံတမန်ပြောသည်။

ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံမှထွက်ခွာနေပြီးဖြစ်သောကြောင့် အမည်ပျက်စာရင်းသွင်းခြင်း၏ သက်ရောက်မှုသည် အကန့်အသတ်ရှိသော်လည်း နိုင်ငံခြားအရန်ငွေ လွန်စာနည်းပါးနေချိန်တွင် နောက်ထပ်အနည်းငယ်မျှသော ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံမှ ထွက်ခွာသွားခြင်းသည်ပင် စစ်ကောင်စီကို အကျပ်အတည်းဖြစ်စေနိုင်သည်။ တန်ဖိုးကျဆင်းနေသော ကျပ်ငွေသည် ဆိုးရွားသော ငွေကြေးဖေါင်းပွမှုကို ဖြစ်စေပြီး ဗိုလ်ချုပ်များအပေါ် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုကို ပိုမိုလျှော့ကျစေသည်။

” ငွေကြေးဖေါင်းပွမှု ၁၇.၇ ရာခိုင်နှုန်းနဲ့ အထက်ရောက်နေတာရယ်၊ ကျပ်ငွေက အာဏာမသိမ်းမီကထက် တန်ဖိုး ၆၀ ရာခိုင်နှုန်းကျော် ကျဆင်းနေတာရယ်ကြောင့် စစ်ကောင်စီက လျှပ်စစ်ဓာတ်အားတခုတည်းမှာတင် ခန့်မှန်းခြေ ကျပ် ၁၃၁ ဘီလီယံ သို့မဟုတ် ဒေါ်လာ ၆၂ သန်း လစဉ်ဆုံးရှုံးနေတယ်။ ဒါတောင် အဲဒီထဲမှာ ထုတ်လွှင့် ဖြန့်ချိ ရင်းနှီးရတဲ့ ကုန်ကျစရိတ်တွေမပါသေးဘူး” ဟု မြန်မာအစိုးရ အကြံပေးဟောင်း Guillaume de Langre ပြောသည်။ “စစ်ကောင်စီက တိတ်ဆိတ်စွာနဲ့ နိုင်ငံကို ဒေဝါလီခံရအောင် လုပ်နေတယ်” ဟုလည်း သူပြောသည်။

“ပြန်မရတဲ့ အကြွေးတွေအတွက် ဝန်ကြီးဌာနတွေက အပြန်အလှန်တရားစွဲဖို့ ခြိမ်းခြောက်နေကြပြီး အခြေခံ အဆောက်အအုံ စီမံကိန်းကြီးတွေအတွက် ကြီးမားတဲ့ ပြည်ပကြွေးမြီအတွက်လည်း စိုးရိမ်မှုတွေ ကြီးထွားနေတယ်။ သူတို့အနေနဲ့ ငွေကြေးနဲ့ စီးပွားရေးကို တည်ငြိမ်အောင်လုပ်ဖို့ အရေးပေါ် လိုအပ်နေတယ်။ အိမ်နီးချင်းတွေက သူတို့ငွေတွေကို စတင်ပြန်လည်တောင်းခံနေတယ်” ဟုလည်း သူပြောသည်။

အမည်ပျက်စာရင်းသွင်းခံရခြင်းသည် နိုင်ငံတကာဘဏ်များနှင့် ဆက်ဆံရေး ထူထောင်ခြင်း သို့မဟုတ် ဆက်လက် ထိန်းသိမ်းထားခြင်းကို ပိုမိုခက်ခဲစေမည်ကို စိုးရိမ်ကြောင်း မြန်မာမှ ဝါရင့် ဘဏ်လုပ်ငန်းသမား တဦးပြောသည်။

“တာဝန်မသိတဲ့ ကော်ပိုရိတ် လုပ်ငန်းတွေဟာ နိုင်ငံတကာ ဘဏ္ဍာရေးထောက်ပံ့မှုမှာ မပါဝင်ကြတော့ပါဘူး။ ဒါကြောင့် ဒီပြဿနာဟာ တာဝန်သိတဲ့ လုပ်ငန်းအားလုံးကို ပစ်မှတ်ထားလာသလို ဖြစ်ပြီး စီးပွားရေး အသိုက်အဝန်းကို နောက်ထပ်ပိုမို ကျပ်တည်းစေမှာဖြစ်တယ်” ဟုလည်း ထို ဘဏ်လုပ်ငန်းသမားကပြောသည်။

( Nikkei Asia တွင် Thompson Chau နှင့် Dominic Oo တို့ ရေးသားသော Myanmar faces blacklisting risk by global financial crime watchdog ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ

ဗဟိုဘဏ် ခေါင်းဆောင်မှုသစ် ဘဏ္ဍာရေးကဏ္ဍကို တိုးတက်စေမည့် အလားအလာ မရှိ

ရွှေနှင့် ဒေါ်လာဈေးကွက် စစ်ကောင်စီ ထိန်းနိုင်မလား

တန်းစီတိုးစားရတဲ့ သမဝါယမခေတ် ပြန်လာပြီ

Loading