ပြည်တွင်း စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် မလုံလောက်မှုပြဿနာကို ဖြေရှင်းနိုင်ရန် စစ်ကောင်စီက ရုရှားနိုင်ငံမှ စက်သုံးဆီများတင်သွင်းနေပြီဖြစ်ကြောင်း ပြောဆိုနေသော်လည်း ယခုအချိန်ထိ တိကျသေချာသည့် သတင်းအချက်အလက်များကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
ရုရှားနိုင်ငံသို့ ရောက်ရှိနေသော စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုရက်ပိုင်းအတွင်း တန်ချိန် ၁၅၀၀၀ ပါ ဆီသင်္ဘော ၂ စီးသည် ရန်ကုန် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာမည်ဖြစ်ပြီး လက်ရှိပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူ ရရှိထားကြောင်း ဆိုသည်။
အလားတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံ အနေဖြင့် ရုရှားရေနံထွက်ကုန်များကို စတင်ဝယ်ယူနေပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်းတွင် ရုရှားနိုင်ငံမှ ပထမဆုံးအကြိမ် တင်ပို့လာသော ဒီဇယ်လောင်စာဆီများကို လက်ခံရရှိတော့မည်ဖြစ်ကြောင်း ရုရှား အစိုးရပိုင် သတင်းဌာန RIA Novosti နှင့် စက်တင်ဘာ ၇ ရက် တွေ့ဆုံမေးမြန်းခန်း တခုတွင် ပြောခဲ့သည်။
အနောက်နိုင်ငံများ၏ စီးပွားရေးအရ အရေးယူပိတ်ဆို့များမှု ခံနေရသော ရုရှားနိုင်ငံမှ လောင်စာဆီတင်သွင်းမှုများအတွက် ရုရှားငွေကြေး ရူဘယ်ဖြင့် ပေးချေသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသေးသည်။
သို့သော် ထိုဆီများသည် မည်သည့် ဈေးနှုန်းဖြင့် မည်သည့်နေရာက သယ်ယူ ဝယ်ယူခဲ့ခြင်းနှင့် ပြည်တွင်းဈေးကွက်သို့ မည့်သို့ဖြန့်ဖြူးသွားမည်ဆိုသည့် အစရှိသော အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်အထိ ထုတ်ပြန် ပြောဆိုနိုင်ခြင်း မရှိသေးပေ။
ထိုကြောင့်ပင် မှန်းဆ ခန့်မှန်း ပြောဆိုချက်များ ဖြစ်ပေါ်လာစေခဲ့သည်။
ဇော်မင်းထွန်းပြောဆိုခဲ့သလို ရန်ကုန်ဆိပ်ကမ်းသို့ ဝင်မည့် တန်ချိန် ၁ သောင်းခွဲတင် သင်္ဘောများသည် ရုရှားမှ တိုက်ရိုက်လာခြင်းမဟုတ်ဘဲ ပိုပြီးအရွယ်အစား ကြီးမားသော ပင်လယ်ကူး ရေနံတင်သင်္ဘောတစီးပေါ်က ကဲ့ယူခြင်း ဖြစ်မည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။
ဥရောပတွင်လည်း ရုရှားဆီများကို ယင်းသို့ ပင်လယ်တွင်း သင်္ဘောချင်း လဲလှယ်ကဲ့ယူ ရောင်းချခြင်းမျိုး ရှိသည်ကို ထောက်ပြပြီး မြန်မာ့ပင်လယ်ပြင်တွင် အလားတူ ကဲ့ယူပြီး သီလဝါရှိ သိုလှောင်ကန်များသို့ ပို့ဆောင်မည်ဟု ယုံကြည်နေကြသည်။
ထိုသို့ သင်္ဘောချင်း ကဲ့ယူသောနည်းဖြင့်သာ သယ်ဆောင်ယူလာရပါက “ဆင်ဖိုးထက် ချွန်းဖိုးက ပိုကြီး” သကဲ့သို့ ရုရှားဆီများက ဈေးပေါသော်လည်း သင်္ဘောများ ငှားရမ်းသုံးစွဲရမည် ဖြစ်သဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်ပါ ထည့်သွင်းတွက်ချက်လျှင် ဈေးမသက်သာနိုင်ဟု သုံးသပ်မှုများ ရှိနေသည်။
“သီလဝါနဲ့ ရန်ကုန်ဆိပ်ကမ်းက ရေစူး ၁၀ မီတာအောက်မှာရှိလို့ တန်ချိန် ၂၀,၀၀၀ (နှစ်သောင်း)ထက် ပိုတဲ့သင်္ဘောတွေ မကပ်နိုင်ဘူး။ ဆိပ်ကမ်းရဲ့ လက်ခံနိုင်တဲ့အခြေအနေအရ ရေနံ သိုလှောင်ကန်တွေကို တည်ဆောက်ထားတာဖြစ်လို့ တန်ချိန် သိန်းချီပြီး မလှောင်နိုင်တဲ့ အခက်အခဲတွေ ရှိမယ်။ ပုံမှန်သင်္ဘောအကြီး (တန်ချိန် ၄ သိန်း) နဲ့ သယ်လာရင် ပင်လယ်ဝမှာရပ်ပြီး သင်္ဘောအသေးနဲ့ ရန်ကုန်ကို ကဲ့ယူရမှာပေါ့။ ဒီစရိတ်တွေကလည်း မနည်းဘူး” အမေရိကန်အခြေစိုက် စွမ်းအင်လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတဦးက ဟု ပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီအနေဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမြင့်တက်မှု နှင့် မလုံလောက်မှုပြဿနာကို ဖြေရှင်းနိုင်ရန် လောင်စာဆီတင်သွင်းမှုကို မည်သည့်ပြည်ပနိုင်ငံတခုခုမှ တင်သွင်းသည် ဖြစ်စေ နိုင်ငံခြားငွေဖြင့်သာ ဝယ်ယူရမည်ဖြစ်သည့်အတွက် အဓိကအကျပ်အတည်းဖြစ်သော နိုင်ငံခြားငွေခန်းခြောက်မှုကို အရင်ဖြေရှင်းနိုင်မှာသာ လောင်စာဆီ အကျပ်အတည်းက ပြေလည်နိုင်မည်ဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းကျဆင်းရေး ဩဂုတ်လ အစပိုင်းတွင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစု တခုဖြစ်သော မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC)၏ ဥက္ကဋ္ဌ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော ဦးဆောင်သော ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူ သိုလှောင် ဖြန့်ဖြူးရေး ဦး ဆောင် ကော်မတီကို ဖွဲ့စည်းခဲ့သလို ဗဟိုဘဏ်ကလည်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို နိုင်ငံခြားငွေကြေးဈေးကွက်မှ တဆင့်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ထို့ကြောင့် အဆိုပါ ဒေါ်လာသန်း ၂၀၀ သည် ယခု ရုရှားနိုင်ငံမှ စက်သုံးဆီများ ဝယ်ယူရာတွင် အသုံးပြုခဲ့သလောဟု မေးစရာလည်း ဖြစ်နေပြန်သည်။
မည်သို့ပင်ဖြစ်စေ စစ်ကောင်စီ၏ မူလရည်ရွယ်ရင်းဖြစ်သည့် စက်သုံးဆီများ ဈေးကျရေး ဖြစ်နိုင်ဖွယ် မမြင်သေးပေ။ အကြောင်းမှာ ယခု တင်သွင်းလာသော တန်ချိန် ၃ သောင်းသည် ဒီဇယ်ဆီများသာ ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသွားရာ အများပြည်သူ သုံးစွဲနေသော ကားများနှင့် ဆိုင်ကယ်များအတွက် 92 နှင့် 95 Octane ဓာတ်ဆီအမျိုးအစားများမှာ လက်ရှိအတိုင်း စင်ကာပူမှ ဆက်လက်တင်သွင်းနေရဦးမည်ဖြစ်ပြီး ဝယ်ယူတင်သွင်းမှုကိုလည်း တင်းကြပ်ထားဆဲ ဖြစ်သည်။
“အခုကလည်း စစ်တပ်နဲ့ ဝန်ကြီးဌာနတွေ အသုံးပြုဖို့ ဒီဇယ်တွေပဲ တင်သွင်းလာတဲ့ အခြေအနေရှိတယ်” ဟု စီးပွားရေးလုပ်ငန်းရှင် တဦးက သုံးသပ်သည်။
စက်သုံးဆီဈေးနှုန်းများသည် အောက်တိန်း 92 တလီတာလျှင် ကျပ် ၂၄၀၀ ဝန်းကျင်၊ 95 တလီတာ လျှင် ကျပ် ၂၅၀၀ ဝန်းပျင် နှင့် ဒီဇယ် တလီတာလျှင် ကျပ် ၃၀၄၀ ဝန်းကျင် နှင့် ပရီမီယံဒီဇယ် တလီတာလျှင် ကျပ် ၃၁၂၅ ဝန်းကျင်အထိ ပေါက်ဈေးရှိနေခဲ့သလို ပြီးခဲ့သည့် ဧပြီလ နှင့် ဩဂုတ်လအတွင်းတွင် စက်သုံးဆီပြတ်လပ်ခြင်းနှင့် အကန့်အသတ်ဖြင့် ဝယ်ယူရခြင်းများ ကြုံတွေ့ခဲ့ရသည်။
“ဒီဇယ်တွေ ဝင်လာမယ်။ 92၊ 95 သွင်းတဲ့ သူတွေကို ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်း ပေး မယ် ဆိုရင်တော့ ဒီရက်ပိုင်းမှာ စက်သုံးဆီဈေးနှုန်းကတော့ နည်းနည်းပြန်ကျနိုင်တဲ့ အခြေအနေရှိတယ်။ ဒါပေမယ့် ဗဟိုဘဏ်က ထုတ်ရောင်းပေးမယ့် ဒေါ်လာကိစ္စက အခုအထိ ဘာမှ မသိရသေးဘူး ” ဟု စက်သုံးဆီတင်သွင်းရောင်းချနေသူတဦးက မှတ်ချက်ပြုသည်။
You may also like these stories:
စက်သုံးဆီ ဈေးကွက်ကို စစ်အုပ်စု လက်ဝါးကြီးအုပ်ပြီ
ကမ္ဘာ့ဘဏ္ဍာရေး ရာဇဝတ်မှု စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းနိုင်
အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ
ဗဟိုဘဏ် ခေါင်းဆောင်မှုသစ် ဘဏ္ဍာရေးကဏ္ဍကို တိုးတက်စေမည့် အလားအလာ မရှိ