ကာတာအခြေစိုက် အူရီဒူးက ၎င်းတို့၏ မြန်မာပြည်ရှိ လုပ်ငန်းခွဲဖြစ်သော အူရီဒူးမြန်မာကို အမေရိကန် ဒေါ်လာ သန်း ၅၇၆ သန်းဖြင့် စင်ကာပူအခြေစိုက် Nine Communications ကုမ္ပဏီကို ရောင်းချလိုက် ကြောင်း စက်တင်ဘာလ ၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အူရီဒူးမြန်မာကို ဝယ်ယူခွင့်ရရှိသွားသော Nine Communications ကုမ္ပဏီသည် Link Family Office နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) တွင် နှစ်ပေါင်း ၄၀ အတွေ့အကြုံရှိခဲ့သော ဦးဉာဏ်ဝင်း ဆိုသူ ပိုင်ဆိုင်ကြောင်း အူရီဒူးက ရိုးရိုးရှင်းရှင်းပင် ဖော်ပြထားသည်။
သို့သော် အူရီဒူးမြန်မာ၏ အရောင်းအဝယ်ကိစ္စသည် ထင်သလောက်ပင် မရိုရှင်းသလို ဝယ်ယူခွင့်ရရှိသော ကုမ္ပဏီတွင်လည်း ယခုအာဏာသိမ်းစစ်အုပ်စုနှင့် နီးစပ်သူများအပြင် ယခင်စစ်အစိုးရလက် ထက်ကတည်းက ကြီးပွားချမ်းသာခဲ့သူများလည်း ပါဝင်နေလျက်ရှိနေကြောင်း ဧရာဝတီက စုံစမ်းသိရှိရ သည်။
ယခု အူရီဒူးမြန်မာကို ဝယ်ယူခွင့်ရရှိခဲ့သော အမည်ခံကုမ္ပဏီသာသာ ဖြစ်သော စင်ကာပူကုမ္ပဏီ Nine Communications ကုမ္ပဏီသည်ပင် ယခုအရောင်းအဝယ်ကိစ္စ အမြန်လုပ်ဆောင်နိုင်ရန်အတွက် စင်ကာပူအစိုးရထံသို့ ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှ ကုမ္ပဏီမှတ်ပုံတင်စာရင်းသွင်းကာ အလျင်အမြန် ထူထောင်လိုက်သည့် ကုမ္ပဏီ ဖြစ်သည်။
ထိုကုမ္ပဏီ၏ အကြီးအကဲဖြစ်သော ဦးဉာဏ်ဝင်းဆိုသူသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဝင်းရှိန် ပိုင်ဆိုင်သော ဧရာဟင်္သာလုပ်ငန်းစု၏ ရှယ်ယာအများဆုံးဖြင့် ထူထောင်ထားသော Horizon Telecom အင်တာနေရှင်နယ်၏ ဒုဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြင့် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိတွင်လည်း ဒါရိုက်တာအဖွဲ့ဝင်တဦး ဖြစ်နေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA ၏ စာရင်းအရ သိရသည်။
အဆိုပါ Horizon Telecom ကုမ္ပဏီတွင် ဦးဉာဏ်ဝင်း အပြင် ကနေဒါနိုင်ငံသားများဖြစ်ကြသော ဒေါက်တာ မျိုးမြင့်အုန်း( Campana Group) နှင့် ဦးဝင်းမြင့်အုန်းတို့ကလည်း ဒါရိုက်တာအဖြစ် ပါဝင်ထားကြသလို ဒေါ်မယ်ရီညွန့်၊ ဦးနီနီလွှမ်းမိုး၊ ဦးကြည်သာထွန်း နှင့် ဦးတင့်လွင်အောင် တို့ကလည်း ကုမ္ပဏီ၏ ဒါရိုက်တာများအဖြစ် ပါဝင်နေသည်။
ထိုအထဲမှ ဦးနီနီလွှမ်းမိုးဆိုသူသည် ဧရာဟင်္သာလုပ်ငန်းစု၊ ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီ နှင့် ဧရာဟင်္သာဆောက်လုပ်ရေးကုမ္ပဏီတို့တွင် အမှုဆောင်အရာရှိချုပ် အပါအဝင် ထိပ်ပိုင်းရာထူးများဖြင့် တာဝန်ယူနေသူဖြစ်ပြီး ဦးဇော်ဝင်းရှိန်၏ စီးပွားရေးမိတ်ဖက်တဦး ပင်ဖြစ် ကြောင်း စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းရှိ ဧရာဝတီသတင်းရင်းမြစ်များက ပြောသည်။ ဦးကြည်သာထွန်းသည်လည်း ဧရာဟင်္သာလုပ်ငန်းစု၏ ဒါရိုက်တာတဦးလည်းဖြစ်သည်။
“ ဒီလူတွေ ပါလာကတည်းက နောက်ကွယ်မှာ ကိုဇော်ဝင်းရှိန်ရယ် ၈လုံးကြီး(သီဟသူရတင်အောင် မြင့်ဦး) တို့ အုပ်စုတွေ အကုန်ပါတယ်” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “နိုင်ငံခြားသားဖြစ်တဲ့ ဦးမျိုးမြင့်အုန်း Campana Group က နာမည်အရမ်းထွက်သွားတော့ ဆက်သွယ် ရေးလုပ်ငန်းအတွေ့ အကြုံရှိတဲ့ ဦးဉာဏ်ဝင်းကို ရှေ့ထုတ်ပြီး Nine Communications အနေ နဲ့ ပြောင်းဝယ်လိုက်တာ တကယ်တော့ နောက်ကွယ်က ဒီလူတွေပဲ” ဟု ပြောဆိုသည်။
အူရီဒူးမြန်မာကို ဦးမျိုးမြင့်အုန်း ပိုင်ဆိုင်သော Campana Group လက်အောက်ရှိ ကုမ္ပဏီခွဲတခု ဖြစ် သော စင်ကာပူအခြေစိုက် The One Matrix Ventures (TOMV) က ဝယ်ယူခွင့်ရရန် နီးစပ်နေပြီ ဖြစ် ကြောင်း နိုင်ငံတကာသတင်းဌာနတခုဖြစ်သည့် Reuters သတင်းဌာနက ဇူလိုင်လ နှင့် စက်တင်ဘာလ အစပိုင်းတို့တွင် သတင်းများ ဖော်ပြလာခဲ့သည်။
ထို့သို့ သတင်းများ ထွက်ပေါ်လာပြီး ရက်ပိုင်းအကြာတွင် ကာတာကုမ္ပဏီ အူရီဒူးက အူရီဒူးမြန်မာကို Nine Communications ကုမ္ပဏီထံသို့ ရောင်းချရန် သဘောတူညီစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
အူရီဒူးမြန်မာကို ဝယ်ယူခွင့်ရရှိသွားသော ကုမ္ပဏီ၏ နောင်ကွယ်တွင် ဧရာဟင်္သာစီးပွားရေးလုပ်ငန်းစုက ပါဝင်နေသည့် သတင်းများနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက အတည်ပြုမေးမြန်းနိုင်ရန်အတွက် ဧရာဟင်္သာလုပ်ငန်းစုမှ အကြီးအကဲတဦးဖြစ်သူ ဦးနီနီလွှမ်းမိုး နှင့် Campana Group မှ ဒေါက်တာ မျိုးမြင့်အုန်းတို့ထံ ဆက်သွယ်သော်လည်း တစုံတရာပြန်လည်ဖြေကြားခြင်းမရှိပေ။
စစ်ဗိုလ်ချုပ်များ၏ လက်စွဲတော် ဦးဇော်ဝင်းရှိန်
မြန်မာနိုင်ငံတွင် တခုတည်းသော ကျန်ရှိသည့် နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီကို ဝယ်ယူခွင့်ရရှိသော ကုမ္ပဏီ၏ နောက်ကွယ်တွင် ယခင်စစ်အစိုးရ လက်ထက်ကတည်းက စစ်ဗိုလ်ချုပ်များအပြင် ယခု အာဏာသိမ်းစစ်ကောင်စီနှင့်ပါ နီးကပ်သည့် ဆက်ဆံရေးရှိသော ဦးဇော်ဝင်းရှိန် ပါဝင်ပတ်သက်နေခြင်းမှာ အံ့အားသင့်စရာတော့ မဟုတ်ပေ။
ဦးဇော်ဝင်းရှိန် ဦးဆောင်တည်ထောင်ထားသော ဧရာဟင်္သာစီးပွားရေးလုပ်ငန်းစုကြီးသည် ဦးသန်းရွှေ စစ်အစိုးရလက်ထက်တွင် (နအဖ ) အတွင်းရေးမှူး ၁ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး (ငြိမ်း) သီဟသူရတင်အောင်မြင့်ဦး ရှယ်ယာအများအပြားပါဝင်ထားကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်း အဝိုင်းကြားတွင် လူသိများကြသည်။
ဗိုလ်ချုပ်ကြီး(ငြိမ်း) သီဟသူရတင်အောင်မြင့်ဦးသည် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဒုသမ္မတ အဖြစ် ၁ နှစ်ကျော် တာဝန်ယူခဲ့သူလည်း ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ရာထူးမှ အနားယူခဲ့ကာ စစ်အစိုးရလက်ထက်တွင် စစ်ထောက်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
“၈လုံးကြီး(သီဟသူရတင် အောင်မြင့်ဦး) နဲ့ ဦးဇော်ဇော်(Max) တို့ကြား အကွဲအပြဲဖြစ်တော့ ၈လုံးကြီး တို့က ဦးဇော်ဇော်ဆီမှာ ထည့်ထားတဲ့ ရှယ်ယာတွေကို ကိုဇော်ဝင်းရှိန်ရဲ့ ဧရာဟင်္သာဆီမှာ ပြောင်းပြီး ထည့်လိုက်ကတည်းက သူက အရမ်းထောင်တက်သွားတာ ” ဟု ဦးဇော်ဝင်းရှိန် နှင့် ရင်းနှီးသည့်စီးပွား ရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ဦးဇော်ဝင်းရှိန်သည် ဗိုလ်ချုပ်ကြီး(ငြိမ်း) သီဟသူရတင် အောင်မြင့်ဦး၏ သားဖြစ်သူ ဦးတေဇာစောဦး (ဗိုလ်ကြီးဟောင်း) နှင့်လည်း ယခင်ကတည်းက ရင်းနှီးသော ဆက်ဆံရေးရှိသူလည်း ဖြစ်သည်။
ထို့နောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိသားစုအတွက် အခါတော်ပေး ဗေဒင် ဆရာဟု အများကသိသော ဝစီပိတ်ဆရာတော် ဦကောဝိ၏ မိတ်ဆက်ပေးမှုကြောင့် စစ်ခေါင်းဆောင် မိသားစုနှင့် ရင်းနှီးကျွမ်းဝင်လာခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းရှိ သတင်းရင်းမြစ် ၂ ဦးက ဧရာဝတီသို့ ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် လပိုင်းအကြာတွင်ပြုလုပ်သော ဝစီပိတ်ဆရာတော် ဦကောဝိ၏ အခါတော် ပေးပွဲတခုသို့ပင် စစ်ခေါင်းဆောင်မိသားစုနှင့်အတူ ဦးဇော်ဝင်းရှိန်က တက်ရောက်ခဲ့သေးကြောင်း သိရ သည်။
ဦးဇော်ဝင်းရှိန်သည် ဆန်တင်ပို့ရောင်းချကို အဓိက လုပ်ကိုင်ခဲ့ပြီးနောက် ၎င်း၏ ဧရာဟင်္သာစီးပွား ရေးလုပ်ငန်းစုသည် ၂၀၁၀ ခုနှစ်နောက်ပိုင်း၌ ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေးလုပ်ငန်း၊ ဆေးရုံလုပ်ငန်း အစရှိသော စီးပွားရေး လုပ်ငန်းကဏ္ဍအသီးသီးကို အချိန်အတိုအတွင်းမှာပင် အလျင်အမြန်တိုးချဲ့ လုပ်ကိုင်လာခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ဝိတိုရိယဆေးရုံကို တည်ဆောက်ရင်းနှီးမြှုပ်နှံခဲ့သလို ၂၀၁၃ ခုနှစ်တွင် ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ မြေဧက ထောင်ချီတွင် ပုသိမ်စက်မှုမြို့တော်ကို အကောင်အထည်ဖော် ရင်းနှီးမြှုပ်နှံခဲ့သလို ထိုနှစ်မှာပင် ရန်ကုန်မြို့ရှိ ဒဂုံမြို့နယ်ရှိ တပ်မတော်စစ်သမိုင်းပြတိုက် ကို အထပ်မြင့် အဆောက်အအုံ စီမံကိန်းအဖြစ် ပြောင်းလဲတည်ဆောက်မည့် Y Complex စီမံကိန်းကို ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်း တည်ဆောက်ခွင့်ကို ဧရာဟင်္သာကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီခွဲ Yangon Technical and Trading (YTT) ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့သည်။
ထို့နောက် ၂၀၁၄ ခုနှစ်တွင် A Bank ဟု လူသိများသော ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် တည်ဆောက်လာခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍတွင် ရှေ့ရောက် လာသော ပုဂ္ဂလိကဘဏ်တခုလည်းဖြစ်သည်။
စစ်ကောင်စီက နိုင်ငံခြားငွေဒေါ်လာ အကျပ်အတည်းကိုဖြေရှင်းနိုင်ရန်အတွက် မြန်မာ့နယ်စပ်ကုန်သွယ် ရေး၌ ငွေပေးချေမှုတွင် တရုတ်ယွမ်ငွေ နှင့် ထိုင်းဘတ်ငွေ တို့ဖြင့် တိုက်ရိုက်လုပ်ဆောင်ခွင့်ပြုရာတွင် ဦးဇော်ဝင်းရှိန် ပိုင်ဆိုင်သော A Bank ကသာ ထိုင်းဘတ်ငွေ တရားဝင်ပေးချေခွင့်အတွက် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
“ ဧရာဟင်္သာက အရှေ့ပိုင်းကာလတွေမှာ ကုမ္ပဏီရုံးခန်းတောင် ကြည့်မြင်တိုင်က ကွန်ဒိုတခုမှာ အခန်း ၂ ခန်း တွဲဖွင့်ထားတဲ့ ကုမ္ပဏီအသေးသာသာပဲရှိတယ်။ ။ အစိုးရတင်ဒါတွေနဲ့ လုပ်ငန်းတွေကို ကန်ထရိုက် ပြန်ပေးတဲ့ ကြားပွဲစားကုမ္ပဏီ ပဲရှိသေးတယ်။ ငွေကြေးဘတ်ဂရောင်းအများကြီးပေးနိုင်တဲ့ ကုမ္ပဏီထဲမှာ မပါဘူး ” ဟု လွန်ခဲ့သည့် ၅ နှစ်အတွင်းက ဧရာဟင်္သာကုမ္ပဏီနှင့် လုပ်ငန်းတွဲဖက် လုပ်ကိုင်ဖူးသည့် စီးပွားရေး လုပ်ငန်းရှင်တဦး က ဧရာဝတီသို့ ပြောသည်။
ထို့သို့သော ကုမ္ပဏီက ၂၀၁၀ ခုနှစ်နောက်ပိုင်းကာလများတွင် ထင်မထားလောက်အောင်ပင် ကြီးပွား တိုးတက်လာခဲ့ပြီး ယခုတွင် ဆက်သွယ်ရေးအော်ပေရတာလုပ်ငန်းကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံလိုက်သည်ဟု ကြားသိရခြင်းကိုပင် အံ့ဩရကြောင်း ၎င်းက ဆိုသည်။
တယ်လီကွန်းကဏ္ဍကို စစ်အုပ်စုထိန်းချုပ်
စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် စီးပွားရေး ကျဆင်းမှုတို့ ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအများအပြား ပြန်လည်ဆုတ်ခွာသွား လျက်ရှိရာ ယခု နောက်ဆုံးတွင် သုံးစွဲသူပေါင်း ၁၅ သန်းနီးပါးဖြင့် မြန်မာပြည်ဈေးကွက်တွင် တတိယမြောက် ဈေး ကွက်ဝေစုရရှိထားသော ကာတာအခြေစိုက် ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးကလည်း ၎င်းတို့၏ မြန်မာ ပြည်မှ လုပ်ငန်းကို ရောင်းချကာ ပြန်လည်ထွက်ခွာပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာ လေးခုရှိပြီး စစ်အာဏာသိမ်းပြီးနောက် အူရီဒူးတခုသာ နိုင်ငံခြားကုမ္ပဏီအဖြစ် ရှိတော့ရာမှ ယခုတွင် ထိုကုမ္ပဏီကပါ ပြန်လည်ဆုတ်ခွာသွားဖြစ်၍ မြန်မာ့ တယ်လီကွန်းကဏ္ဍတွင် စစ်တပ်နှင့် နီးစပ်သူများကသာ ဆက်သွယ်ရေး အော်ပရေတာများကို ထိန်းချုပ်ခွင့်ရရှိသွားပြီဖြစ်သည်။
ယခုနှစ် မတ်လတွင် နော်ဝေအခြေစိုက် Telenor က ၎င်းတို့၏ မြန်မာပြည်လုပ်ငန်းခွဲကို လက်ဘနွန် အခြေစိုက် M1 Group နှင့် အာဏာသိမ်းစစ်အုပ်စုနှင့်ရင်းနှီးသော စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်း ဇော်ပိုင်ဆိုင်သော ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ပူးပေါင်းထားသော Investcom PTE Ltd သို့ အပြီးသတ်လက် လွဲရောင်းချခဲ့သည်။
Investcom ကုမ္ပဏီကို ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး အာဏာသိမ်း စစ် ခေါင်းဆောင်၏ သမီးဖြစ်သူ ဒေါ်ခင်သိရီသက်မွန်၏ ရှယ်ယာအများအပြားထည့်ဝင်ထား ကြောင်း ဧရာဝတီသတင်းဌာနက သတင်းရေးသားဖော်ပြပြီးလည်း ဖြစ်သည်။
ယခုတွင် တယ်လီနောမြန်မာကို Atom ဟူ၍ အမည်ပြောင်းလဲကာ ပြည်တွင်းဆက်သွယ်ရေးဝန်ဆောင် လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည်။
တယ်လီနောနှင့် အူရီဒူး ဆက်သွယ်ရေးအော်ပရေတာများသည် မြန်မာနိုင်ငံကို စစ်အစိုးရလက်ထက်မှ အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်းခဲ့သော ဦးသိန်းစိန်အစိုးရလက်ထက်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်လာမှုများထဲတွင် ထင်ရှားသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်။
ကျန်ရှိသော ဆက်သွယ်ရေးအော်ပရေတာ ၂ ခုဖြစ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် အစိုးရပိုင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် ဂျပန်ကုမ္ပဏီ များက ပူးပေါင်းလုပ်ဆောင်လျက်ရှိသလို MyTel သည်လည်း မြန်မာစစ်တပ်ပိုင်ကုမ္ပဏီများ နှင့် ဗီယက်နမ် စစ်တပ်ကုမ္ပဏီတို့က ပူးပေါင်းလုပ် ဆောင်နေသည့် ဆက်သွယ်ရေးအော်ပရေတာတခုဖြစ်သည်။
“အခု အူရီဒူးအရောင်းအဝယ်ကို ကြည့်ရင်ပဲ မြန်မာ့စီးပွားရေးမှာ အရေးပါတဲ့ လုပ်ငန်းတွေ အကုန်လုံးကို အခု စစ်အုပ်စုရယ်၊ သူတို့နဲ့ နီးစပ်တဲ့ ခရိုနီတွေကပဲ ပြန်ချုပ်ကိုင်လိုက်ပြီဆိုတာ မြင်သာပါတယ် ” ဟု စီးပွားရေးလုပ်ငန်းရှင် တဦးက မှတ်ချက်ပြုသည်။
You may also like these stories:
တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ
စစ်ခေါင်းဆောင် မိသားစု၏ ရှေ့ထွက်မင်းသား ဦးမောင်မောင်နိုင်
စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော
မရှင်းမလင်း တင်သွင်းလာနေတဲ့ ရုရှားက စက်သုံးဆီ