ကိုဗစ် ကပ်ရောဂါနှင့် အာဏာသိမ်း ကာလ ၁ နှစ်ခွဲကျော်ကာလထိရှိလာသောကြောင့် ရပ်ဆိုင်းထားသည့် မြန်မာ့ ခရီး သွားလုပ်ငန်းများကို ယခုနှစ် ပွင့်လင်းရာသီတွင် ပြန်လည် စတင်နိုင်ရန်အတွက် လုပ်ငန်းရှင်များနှင့် ဒေသခံများက မျှော်လင့်နေကြသည်။
လက်ရှိအခြေအနေတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် တိုက်ပွဲ များဖြစ်နေကာ ရွာလုံးကျွတ် မီးရှိူ့ခံရမှုများ၊ ထွက်ပြေးတိမ်းရှောင်နေရမှုများ ရှိနေသလို ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတချို့တွင် ရံဖန်ရံခါ ပစ်ခတ်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်နေသည်။
သို့သော် ခရီးသွားနေရာများဖြစ်သော ရှမ်းပြည်နယ် ကလော၊ ပင်း တယ၊ အင်းလေး၊ တောင်ကြီးနှင့် ဧရာဝတီတိုင်းရှိ ချောင်းသာ၊ ငွေဆောင် ကမ်းခြေများ၊ ပုဂံ- ညောင်ဦး၊ မွန်ပြည်နယ် ကျိုက်ထီးရိုး အပါအဝင် တည်ငြိမ်မှု ရှိသည် ဟု ယူဆသည့် နေရာတချို့ ဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ရန် ပြင်နေကြကြောင်း လုပ်ငန်းရှင်တချို့ က ဆို သည်။
လက်ရှိတွင် ခရီးသွားရန် ကြိုတင်၍ ခရီးစဉ် ဝယ်ယူမှုမျိုး မရှိသေးသော်လည်း ပွင့်လင်းရာသီတွင် ခရီးသွားမည့်သူတချို့ ရှိလာနိုင်သည်ဟု မျှော်လင့်ရကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “အခု ပြည်ပကို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကြောင့် ထွက်တာ အရမ်းများတယ်။ ပြည်ပ လေ ယာဉ် လက်မှတ်ရောင်းတဲ့ကုမ္ပဏီတွေ ရောင်းရတယ်။ လေယာဉ်တွေလည်း လူအပြည့် နီးပါးလောက် သွားကြတယ်။ အဲဒီတော့ ပြည်တွင်း ခရီးသွားက သိပ်ပြီး မျှော်လင့်လို့တော့ မရပေမယ့် အခုက ကပ်ရောဂါကြောင့် ခရီး မထွက်ရတာ၊ အာဏာသိမ်းပြီးနောက် လုံခြုံရေးအရ မသွားရတာနဲ့ဆိုတော့ လူတွေက မွန်းကြပ်လာတဲ့အတွက် အောက်တိုဘာလ ကုန်လောက်မှာတော့ ပြည်တွင်းတချို့နေရာလေးတွေ သွားမယ့်သူ ရှိမယ်လို့ မျှော်လင့်ထားတယ်” ဟု ၎င်းက ဆို သည်။
လာမည့် အောက်တိုဘာတွင် မြန်မာ့ခရီးသွားရာသီ စတင်မည်ဖြစ်သောကြောင့် အထင်ကရ ခရီးစဉ်ဒေသတခု ဖြစ် သည့် ပုဂံမြို့ရှိ ဟိုတယ်လုပ်ငန်းများမှာ ပြင်ဆင်နေကြလျက်ရှိသလို ကားလက်မှတ်၊ ဟိုတယ် စသည့် အစဆုံး စီစဉ် ပေးသည့် ခရီးစဉ် (Package) များကို ဈေးလျော့၍ ရောင်းချလာကြသည်ကိုလည်း တွေ့ရသည်။
“ကိုဗစ်မတိုင်ခင်ကာလတွေမှာဆိုရင် ပုဂံက အောက်တိုဘာလတွေကစပြီး ဟိုတယ်ခတွေက ဈေးတက်နေတာ။ အရင် က Package တခုကို တသိန်းကျော်အနည်းဆုံးရှိတာကနေ အခုဆို ၈ သောင်းထိ လျော့ရောင်းနေကြတာတွေ့ရ တယ်။ ပရိုမိုးရှင်းလုပ်တဲ့သဘောနေမယ်။ ပုဂံကတော့ အခုလည်း ကိုယ်ပိုင်ကားတွေနဲ့ဖြစ်ဖြစ် ရန်ကုန်-ပုဂံ Express တွေလည်း သွားလာနေကြတာတွေရှိတာပဲ။ နောက်လဆို ပိတ်ရက်တွေရှိတော့ သွားမယ့်သူဦးရေ များမယ်လို့ ထင်ပါ တယ်” ဟု ပုဂံသို့ နှစ်စဉ်ခရီးသွားနေသည့် ရန်ကုန်မြို့တွင် နေထိုင်သူ တဦးက ဆိုသည်။
ပြည်တွင်း ပြည်ပ ခရီးသွား အများဆုံးသွားလာကြသည့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလော- ပင်းတယ ဘက်သို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားများနိုင်ကြောင်းကြောင်း ကလောမြို့ရှိ ခရီးသွား လုပ်ငန်းများ ဝန်ဆောင်မှု ပေးနေသည့် ကိုမျိုး က ဧရာဝတီကို ပြောသည်။
“အခုက ကလော- အင်းလေး၊ ပင်းတယဘက်ကတော့ နယ်မြေလုံခြုံရေးက အဆင်ပြေတယ်။ နောက်လက သီတင်း ကျွတ်ပိတ်ရက်ဆိုတော့ ကျနော့်ဆီမှာတော့ ဘွတ်ကင်တင်တဲ့သူ ပြည့်နေပြီ။ ဒီနှစ်ကတော့ ကိုဗစ်မတိုင်ခင် ခရီးသွား ကာလတွေလောက် လာတဲ့သူ မများတော့ပေမယ့် လုံးဝ မရှိတော့တာ မဟုတ်ဘူး။ လေးပုံ တပုံလောက်တော့ ကျန်နေ သေးတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ သင်္ကြန်တုန်းကလည်း ကလောမှာ လူပြည့်နေတာပဲ။ အောက်တိုဘာလည်း လူပြန်များ လေ့ရှိတယ်။ ကလောဟိုတယ်တွေတောင် နောက်လ ဈေးတက်မယ်လို့ ကြားတယ်” ဟု ၎င်း က ဆို သည်။
ကလောအပြင် အင်းလေး၊ တောင်ကြီး၊ ညောင်ရွှေ ခရီးစဉ်များကိုလည်း သွားလာသူများရှိကြောင်း ကိုမျိုးက ပြောဆို သည်။
ကလောမြို့ခံ ဧည့်လမ်းညွှန်တဦးကမူ “ခရီးသွားတချို့က အခုလည်း လာနေတယ်၊ ဒါပေမယ့် ကိုယ့်ကားနဲ့ ကိုယ်လာ တယ်၊ လှတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်တယ်၊ ပြီးတော့ ပြန်တယ် ဒီလိုလူမျိုးတွေများတယ်၊ ဈေးရောင်းတဲ့သူတွေနဲ့ ဓာတ်ပုံလုပ်ငန်း လုပ်တဲ့သူတွေတော့ အလုပ်ဖြစ်တယ်၊ ကျနော်တို့လို တောထဲတောင်ထဲ ရွာတွေစတာတွေကို လိုက်ပို့ တဲ့ ဒေသဧည့်လမ်းညွှန်တွေတော့ အခုအချိန်တိုင် ငုတ်တုတ်ပဲ၊ ပြောရရင် Tourism လုပ်ငန်းက ဇီးရိုး အနေအထားပဲ မျှော်လင့်မထားဘူး”ဟု ဆိုသည်။
လတ်တလော ကလောမြို့ အခြေအနေမှာ တနိုင်ငံလုံးတွင် အလုံခြုံဆုံးသဘောမျိုး ဖြစ်နေရာ ဧည်သည်မပြတ်ကြောင်း Home Stay နေလိုသူများသည့်အတွက် ယခုနှစ်ကုန်အထိ ကြိုတင်အမှာများနှင့် ပြည့်နေကြောင်း သိရသည်။
ရန်ကုန်မြို့ အခြေစိုက်သည့် ခရီးသွား ကုမ္ပဏီပိုင်ရှင် တဦးက “လုံခြုံရေးအခြေအနေနဲ့ဆိုရင် ငပလီ၊ ငွေဆောင်၊ ချောင်း သာနဲ့ ပုဂံတို့လို နေရာတွေပဲ အဆင်ပြေတယ်။ တခြား နေရာတွေကတော့ မရှိလောက်ဘူး။ နိုင်ငံခြားထွက်တဲ့ အသိုင်း အဝိုင်းက ရှိသွားတော့ အရင်ကလို လူတွေက သိပ်မသုံးနိုင်တော့တာလဲ ပါတယ်။ အဲဒီတော့ အလယ်အလတ်တန်း စား ပုံမှန် သွားလာနေကျသူတွေ အားလုံးက ပြုတ်သွားတာရှိတယ်။ ဒါပေမယ့် မွန်းကြပ်မှုတွေလည်း ရှိတော့ လာမယ့် ရာသီမှာတော့ တချို့ကတော့ ကမ်းခြေနဲ့ ပုဂံဘက်လောက်တော့ သွားမယ်လို့ မျှော်လင့်ရတယ်” ဟု လက်ရှိ ခရီးသွား အခြေအနေနှင့် ပတ်သက်၍ ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ဘုရားဖူးနေရာတချို့နှင့် မြိတ်ကျွန်းစုဘက်သို့ သွားလာမည့်သူများ ရှိလာမည်ဟု ခန့်မှန်းကြောင်း ၎င်းက ဆို သည်။
ဆက်လက်၍ ၎င်းက “အရင်တုန်းကဆိုရင် ဒီလိုအချိန်မှာ ဘုရားဖူး ကားတွေ ဘာတွေ မှန်းလို့ ရတယ်။ အယောက် ၃၀ ရှိမလား၊ ၅၀ ရှိမလားပေါ့။ ဟိုတယ်တွေဆိုလည်း အခန်းတွေ ကြိုတင် မှာထားတယ်။ ဥပမာ အခန်း ၂၀ လောက်ကို Booking လုပ်ထားတယ်။ အခု အရင်လောက် မများပေမယ့် ကမ်းခြေလို၊ ပုဂံလို နေရာမျိုးတွေမှာ သွားမယ့် ဧည့်သည် ရှိလာရင် အဆင်ပြေအောင် ကျမ အသိကုမ္ပဏီတွေထဲမှာဆိုရင် အခန်း ၅ ခန်းလောက် ၃ ခန်းလောက် ကြိုပြင်ထား တာတော့ ရှိတယ်။ လုံခြုံမှု မရှိနိုင်တဲ့နေရာမျိုးတွေဆို မယူရဲဘူး။ ဒီလို ပြင်နေတာလည်း ခရီးသွား လုပ်ငန်းအကြီးတွေ ပါပဲ” ဟု ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် အရှိန်ရလာသည့် မြန်မာ့ခရီးသွားလုပ်ငန်းမှာ ကိုဗစ်- ၁၉ ကပ်ရောဂါဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ရပြီး ကိုဗစ်ကူးစက်မှု လျော့ကျ လာသည့် ၂၀၂၁ ခုနှစ်တွင်မူ စစ်တပ် အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် ပို၍ ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီကမူ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းသည့် အသွင်ဆောင်နိုင်ရန်အတွက် ခရီးသွားလုပ်ငန်း လည်ပတ်နိုင်ရေးကို ပြင်ဆင်လုပ်ဆောင်လာသည်များ ရှိသလို လာမည့် ၂၀၂၃ ခုနှစ်တွင်လည်း မြန်မာ့ခရီးသွား လုပ် ငန်း တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်မှုများ လုပ်ဆောင်နေကြောင်း ၎င်း၏ ဝါဒဖြန့် သတင်းစာများမှတဆင့် ထုတ်ပြန်လျက် ရှိသည်။
ထို့ပြင် ယခုနှစ် မတ်လတွင် ခရီးသွားလုပ်ငန်းကို စစ်ကောင်စီက ပြန်ဖွင့်ပေးခဲ့ပြီး နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်မှ ဩဂုတ်လ ၁၄ ရက်အထိ ၄ လအတွင်း ၂ သောင်းကျော် ဝင်ရောက်မှု ရှိသည်ဟု ထုတ်ပြန်ထားသည်။
စစ်တပ် အာဏာမသိမ်းခင် ၂၀၁၈ ခုနှစ်၊၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုမှာ ၄ ဒသမ ၈ သန်းကျော်အထိ ရှိခဲ့သည်။
ယင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းရှင်တဦးက “နိုင်ငံခြားသားတွေကို ရန်ကုန်မြို့ရဲ့ တချို့နေရာတွေ မှာ တွေ့နေရတာတော့ရှိပါတယ်။ ဒါက ကျမမြင်တာတော့ လည်ပတ်ဖို့ အခုအခြေအနေနဲ့ မဖြစ်နိုင်လောက်ဘူး။ သူတို့မှာ စီးပွားရေး လုပ်ငန်းတွေ ရှိမယ်။ ဒါတွေကို ဖျက်သိမ်းဖို့၊ ဒါမှမဟုတ် ဆိုင်းငံ့ဖို့ လားတော့ မပြောတတ်ဘူး။ ကျမတို့ ခရီးသွား အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး လာတော့မရှိဘူး။ လာလည်တာထက် စီးပွားရေးကိစ္စအတွက်ပဲ ဖြစ်ဖို့ များတယ်” ဟု မှတ်ချက်ပြုသည်။
ကမ္ဘာလှည့်ခရီးသွားများမှာ နယ်မြေလုံခြုံရေးအရ လာရောက် လည်ပတ်ရန် မဖြစ်နိုင်သည့် အခြေအနေကို သိနေကြောင်း၊ ခရီးသွား အေဂျင်စီများအနေနှင့်လည်း နိုင်ငံခြားသားတယောက်လာမည်ဆိုပါက တည်းမည့်ဟိုတယ်၊ လည်ပတ်မည့်ရက် အစရှိသည်တို့ကို စစ်ကောင်စီကို အသေးစိတ် တင်ပြရခြင်းများကြောင့် အလည်အပတ် လာခြင်းမှာ မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ခရီးသွားကဏ္ဍ ကျဆင်းနေသဖြင့် လုပ်ငန်းရှင်တချို့က ဟိုတယ်များကို ပြန်လည် ရောင်းချခြင်းများ ရှိနေသလို တချို့ လုပ်ငန်းရှင်များက လုပ်ငန်းများကို ရပ်တန့်ထားကြဆဲလည်း ဖြစ်သည်။
ထိုသို့ ခရီးသွားလုပ်ငန်းရပ်ဆိုင်းနေမှုကြောင့် ယင်းကဏ္ဍအပေါ် မှီခိုနေကြသည့် သူများအတွက် အလုပ်အကိုင်ရှားပါးမှု အခက်အခဲများ ရင်ဆိုင်နေကြရကြောင်း သိရသည်။
ပုဂံမြို့ဒေသခံတဦးက “ကျနော်တို့က အရင် ချေးငွေလေး ချေးပြီး တုပ်တုပ်ထောင်ပြီး လုပ်စားတာ အခုတော့ အဆင်မပြေတော့ဘူး။ ကိုဗစ်ကာလမှာတော့ ခရီးသွား လာတာလေး ဘာလေး ရှိသေးတယ်။ စစ်အာဏာ သိမ်းလိုက် တဲ့ အချိန်ကစပြီး အခုကတော့ အစစ်အဆေးတွေကလည်း အရမ်းများ ဆိုတော့ သိပ်တော့ မမျှော်လင့်ရဲဘူးဗျ။ အခု ကျနော်တောင် ရှမ်းပြည်ဘက် ကားလိုက်မောင်းနေတာ။ ဧည့်သည် မလာတော့လို့ အလုပ်ပြောင်းရတာ” ဟု ဧရာဝတီ သို့ ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အထင်ကရ ခရီးသွားနေရာများ ဖြစ်သည့် ရန်ကုန်၊ မန္တလေးမြို့များတွင် စစ်ကောင်စီတပ်၏ လုံခြုံရေး တင်းကျပ်ထားသလို မကြာခဏ ဗုံးပေါက်ကွဲခြင်းများဖြစ်ပွားလျက်ရှိပြီး၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်၊ ကယား၊ ရှမ်းနှင့် ရခိုင် အစရှိသည့် ဒသများတွင်လည်း စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကာ တချို့ လမ်းပိုင်းများတွင်လည်း ဖြတ်သန်းသွားလာခြင်း မပြုကြရန်လည်း သတိပေး မှုများ ရှိနေသည်။
ထို့ပြင် အာဏာသိမ်းစစ်တပ်အား ခုခံတော်လှန်နေရသည့် ယခုကာလများတွင် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း များကို ရှာင်ကြဉ်ကြရန် သတိပေးထားမှုများရှိသလို ပြည်သူများအနေဖြင့်လည်း တော်လှန်ရေး ကာလအတွင်း၌ ခရီး သွားခြင်းကို မပြုလုပ်ကြရန် အချင်းချင်း တိုက်တွန်း ပြောဆိုမှုများလည်း ရှိနေသည်။
You may also like this story:
မြန်မာ့ခရီးသွားလုပ်ငန်း အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်း
မြန်မာ့ခရီးသွားကဏ္ဍ ဆိတ်သုဉ်းသွားခြင်း