အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများ၏ စီးပွာရေးပိတ်ဆို့ဒဏ်ခတ်မှုများ လုပ်ဆောင်ခံထားရသော ရုရှားနိုင်ငံ ငွေကြေး ရူဘယ်နှင့် မြန်မာကျပ်ငွေတို့ကို တိုက်ရိုက်ငွေပေးချေနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုလာသည်။
လာမည့် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးမတိုင်မီ ရုရှားနိုင်ငံ ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဗဟိုဘဏ်ကြား သဘောတူလက်မှတ်ရေးသွားကာ ရုရှားငွေကြေးဆိုင်ရာ စာတိုပို့စနစ် SPFS နှင့် MIR ကတ် သုံးစွဲနိုင်ရေး အမြန်ဆုံး ချိတ်ဆက် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သူက ပြော ပြောသည်။
စက်တင်ဘာလဆန်းပိုင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမ္မတ ပူတင်နှင့် တွေ့ဆုံခွင့်ရခဲ့သော ရုရှားနိုင်ငံခရီးစဉ်အပြီးတွင် ရူဘယ်နှင့် ကျပ်ငွေ တိုက်ရိုက်လဲလှယ်နိုင်ရန် စစ်ကောင်စီဘက်က လုပ်ဆောင်လာသည်။
နိုင်ငံ ၂ နိုင်ငံကြား သက်ဆိုင်ရာ ငွေကြေးများ တိုက်ရိုက်ဖလှယ်လဲလှယ်ကာ သုံးစွဲနိုင်ရေး ဗဟိုဘဏ်များကြား သဘောတူညီမှုရယူပြီး လုပ်ဆောင်ခွင့်ပြုမည့် ပုဂ္ဂလိကဘဏ်များကို ရွေးချယ်ကာ ထိုဘဏ်များကြား ဘဏ်အကောင့်စာရင်းများ ဖွင့်လှစ်ပြီးပါက စတင်ဆောင်ရွက်လာနိုင်သော်လည်း မြန်မာ့စီးပွားရေးအတွက် အကျိုးမများနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ပြောသည်။
“ ရုရှားရူဘယ်ငွေက ကမ္ဘာ့သုံးငွေကြေးမဟုတ်ဘူး။ အဲဒီတော့ သူတို့ဆီက ကုန်ပစ္စည်းဝယ်ရင် ရူဘယ်ကို သုံးလို့ရမယ်။ မြန်မာနိုင်ငံက ကုန်ပစ္စည်းကို တင်သွင်းရင်လည်းပဲ ရူဘယ်နဲ့ပဲ ပေးချေမယ်။ ဒီလောက်ပဲ ဖြစ်နိုင်တာဆိုတော့ လုပ်ကိုင်နိုင်မှုအခြေအနေက တော်တော်လေးကျဉ်းပါတယ် ” ဟု စီးပွားရေး ပညာရှင်တဦးက ပြောသည်။
ရုရှားငွေကြေး ရူဘယ်သည် ကမ္ဘာ့ငွေကြေး အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၇ နေရာတွင်သာ ရှိပြီး ရူဘယ် နှင့် ကျပ်ငွေ လဲလှယ်နှုန်းမှာ ၁ ရူဘယ်ကို ၃၅ ကျပ်ကျော် ပေါက်ဈေးရှိသည်။
စစ်ကောင်စီက ယခုလို စီစဉ်လုပ်ဆောင်လာခြင်းသည် အမေရိကန်ဒေါ်လာအကျပ်အတည်းကြောင့် ဖြစ်ပေါ်နေသော စက်သုံးဆီအကျပ်အတည်းကို ဖြေရှင်းရန်နှင့် စစ်လက်နက်ပစ္စည်းဝယ်ယူရေးအတွက်သာ ဖြစ်နိုင်ကြောင်း အထက်ပါ စီးပွားရေး ပညာရှင်က သုံးသပ်သည်။
“ မြန်မာဘက်ကလည်း ရူဘယ်ပြန်ရဖို့အတွက်ဆိုရင် ကုန်ပစ္စည်းတွေ ပို့နိုင်ရောင်းနိုင်မှ ရူဘယ်ရမှာကို အဲဒီကရတဲ့ ရူဘယ်နဲ့မှ ကိုယ်ဝယ်မယ့် ကုန်ပစ္စည်းကို ပြန်သွင်းရမှာပေါ့။ သူတို့က လက်နက်ဝယ်ဖို့ အဓိက ထားတာဆိုတော့ သူတို့အတွက်တော့ အကျိုးရှိကောင်းရှိမယ်၊ နိုင်ငံအတွက်ကတော့ အကျိုးသိပ်မရှိနိုင်ဘူး ” ဟု ပြောဆိုသည်။
မြန်မာ နှင့် ရုရှားနိုင်ငံကြား နှစ်စဉ်ကုန်သွယ်မှုပမာဏသည် ပျှမ်းမျှအနေဖြင့် တနှစ် အမေရိကန်ဒေါ်လာ သန်း ၅၀ မှ ၆၀ ကျော်အထိဖြစ်ပြီး ထိုပမာဏ၏ ထက်ဝက်ကျော်မှာ မြန်မာနိုင်ငံဘက်က ပို့ကုန်တင်ပို့မှုဖြစ်ကာ ဆန် နှင့် ဆန်ကွဲ၊ ချုပ်ပြီး အဝတ်အထည် နှင့် ပဲအမျိုးမျိုးကို တင်ပို့ရောင်းချသည်။
မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည်အမေရိကန်ဒေါ်လာ ၉၄ သန်း ကျော်ရှိပြီး ထိုရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၀-၁၁ ဘဏ္ဍာနှစ်များတွင်သာ ရင်းနှီး မြှုပ်နှံထားခြင်းဖြစ်ကာ ယင်း ဘဏ္ဍာနှစ် နောက်ပိုင်းမှ ယခုအချိန်အထိ ရင်းနှီးမြှုပ်နှံမှု မရှိပေ။
ထိုငွေပေးချေမှုစနစ်သည် အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင်ကို ပြောရန်စောသေးသော်လည်း လိုအပ်သော စက်သုံးဆီကို ရုရှားမှ ဝယ်ယူတင်သွင်းရေး အလုပ်မဖြစ်နိုင်သေးပါ။
စစ်ကောင်စီက စက်တင်ဘာလဆန်းကတည်းက ရက်ပိုင်းအတွင်း ရောက်မည်ဟု ပြောနေသည့် ရုရှားနိုင်ငံမှ တင်သွင်းသော စက်သုံးဆီသင်္ဘောများ ရောက်ရှိမည့်ရက်ကို ယခုအခါ အတိအကျ မပြောနိုင်သေးကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲ၌ ဆိုသည်။
တန်ချိန် ၁၅,၀၀၀ ပါ ဆီသင်္ဘော ၂ စီး ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာမည်ဖြစ်ပြီး လက်ရှိပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိမည် ဖြစ်ကြောင်းကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် စက်တင်ဘာလဆန်းပိုင်းကတည်းက ပြောဆိုခဲ့သည်။
လေ့လာစောင့်ကြည့်သူများက ရုရှားမှ လောင်စာဆီသည် ဈေးပေါသော်လည်း သယ်ယူပို့ဆောင်ခက ဈေးမသက်သာဘဲ မြန်မာနိုင်ငံတွင်လည်း ဆိပ်ကမ်းနှင့် သိုလှောင်ကန်က အကန့်အသတ်ရှိနေကြောင်း ဝေဖန်ထောက်ပြကြသည်။
မြန်မာနိုင်ငံအနေဖြင့် အရေးကြီးကုန်စည်များဖြင့် စက်သုံးဆီ၊ စားအုန်းဆီနှင့် ဆေးဝါး အပြင် စိုက်ပျိုး ရေး နှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကုန်ကြမ်းများကို အမေရိကန်ဒေါ်လာဖြင့် ပေးချေပြီး ပြည်ပနိုင်ငံများထံမှ အဓိကတင်သွင်းနေလျက်သည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများ ရပ်တန့်သွားခြင်းကြောင့် အမေရိကန်ဒေါ်လာရရှိမှု လျော့ကျသွားသလို စစ်ကောင်စီ၏ အမေရိကန် ဒေါ်လာသုံးစွဲမှုလျော့ချရေးအမိန့်၊ ညွှန်ကြားချက်များကြောင့်လည်း ပို့ကုန်တင်ပို့မှုလုပ်ငန်း များအတွက် အကျပ်ရိုက်စေခဲ့၍ နိုင်ငံတွင်းသို့ အမေရိကန်ဒေါ်လာ စီးဝင်မှုသည် ထပ်မံကျဆင်းခဲ့ရသည်။
ယင်းအခြေအနေများကြောင့် ပြည်ပမှ တင်သွင်းနေရသော အရေးကြီးကုန်စည်များတင်သွင်းရာတွင် ပေးချေရသော အမေရိကန်ဒေါ်လာ မလုံလောက်မှု အကျပ်အတည်းကို စစ်ကောင်စီအနေဖြင့် ရင်ဆိုင် နေရလျက်ရှိသည်။
ထိုဒေါ်လာ အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် စစ်ကောင်စီဘက်က ရုရှား ရူဘယ် အပါအဝင် တရုတ် ယွမ် နှင့် အိန္ဒိယ ရူပီးတို့ကို အမေရိကန်ဒေါ်လာ အစားထိုးပြီး ဆောင်ရွက်ရန် စီစဉ်နေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က ရုရှားခရီးစဉ်တွင် ထုတ်ဖော်ပြောဆိုထားသည်။
ထိုခရီးစဉ်အတွင်း၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် နျူကလီးယားဓာတ်ပေါင်းဖိုငယ် တည်ဆောက်ရေး၊ ရုရှားလောင်စာဆီများ တင်သွင်းနိုင်ရေးတို့အပြင် နှစ်နိုင်ငံကြား ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်သွားရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသေးသည်။
You may also like these stories:
စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်
တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ
အခြေခံ လူတန်းစားများ “ထမင်း မဝတော့ပါ”
အူရီဒူးမြန်မာ ပိုင်ရှင်အသစ်၏ နောက်ကွယ်မှ လက်များ