သြဂုတ်လအတွင်းက အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ်သိန်း ၃၅ သိန်းကျော်အထိ စံချိန်တင် မြင့် ခဲ့သည့် မြန်မာ့ရွှေဈေးက ယခု စက်တင်ဘာ လကုန်ပိုင်းတွင် ၁ ကျပ်သား ကျပ်၂၆ သိန်းကျော်သာရှိခဲ့သဖြင့် ၂ လ အတွင်း ၉ သိန်း နီးပါး ကျဆင်းလာသည်ဟု ဆိုရမည်။
အလားတူ အမေရိကန်ဒေါ်လာ ဈေးမှာလည်း ဩဂုတ်လအတွင်းက ၁ ဒေါ်လာလျှင် ၄၇၀၀ ကျပ် ကျော်မှ ယခု စက် တင်ဘာလ၂၉ ရက်တွင် ၁ ဒေါ်လာ၂၉၀၀ ကျော်အထိ ငွေကျပ် ၂၀၀၀ နီးပါး ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းက သိရသည်။
ထိုသို့ ဖြစ်ရခြင်းမှာ ကမ္ဘာ့ရွှေဈေးကျလာသည့်အပြင် စစ်ကောင်စီက နည်းမျိုးစုံဖြင့် ဒေါ်လာဈေးကျရန် ထိန်းချုပ်လာ ခြင်းကြောင့် ဖြစ်ကြောင်း ရွှေကုန်သည်များက ပြောသည်။
ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင်တဦးက “ဒီလအတွင်း ဆက်တိုက် ဆင်းလာတာ ဒီနေ့တော့ အကယ်ဒမီ အခေါက် ၁ ကျပ် သား ၂၅ သိန်း ၇ သောင်းနဲ့ ဖွင့်တယ်။ အခု နေ့လယ်ပိုင်းမှာ ၂၆ သိန်းကျော်ဖြစ်ပြီး နည်းနည်း ပြန်တက်တယ်၊ ခါတိုင်း နေ့တွေတော့ ကမာ္ဘ့ရွှေဈေးလည်းကျတယ်၊ ဒီနေ့တော့ကမ္ဘာ့ရွှေဈေး ပြန်တက်သလို မြန်မာ့ရွှေလည်း ဝယ်သူများလာ တော့ နည်းနည်းပြန်တက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ဗဟိုဘဏ် လက်အောက်ရှိ ပုဂ္ဂလိကဘဏ်များက ပြင်ပ သင်္ဘောသားလွှဲငွေများ အစရှိသည်တို့ကို ၁ ဒေါ်လာ ၃၀၀၀ ကျပ်နှင့် သတ်မှတ်ထားသဖြင့် လက်ရှိ အခြေအနေအရဆိုလျှင် မြန်မာ့ရွှေဈေးမှာ ကျပ် ၂၅ သိန်း အောက်သို့ မရောက်နိုင်ဟု သုံးသပ်ထားကြောင်း ၎င်းက ဆိုသည်။
အလားတူ ဒေါ်လာဈေးမြင့်နေမှုကို နည်းလမ်းမျိုးစုံနှင့် စစ်ကောင်စီက ထိန်းခြင်းကြောင့် ဝယ်လိုအား ကျဆင်းလာ ခြင်းနှင့် ငွေလွှဲဝန်ဆောင်မှု အသုံးပြုသူများကိုလည်း စစ်ကောင်စီက စောင့်ကြည့်နေခြင်းများကြောင့် မလုပ်ရဲသည့် အခြေအနေ ဖြစ်နေသဖြင့် ၁ ဒေါ်လာလျှင် ကျပ် ၃၀၀၀ အောက်အထိ ကျဆင်းလာကြောင်း ရန်ကုန်မြို့ရှိ ဒေါ်လာ ငွေ လဲလှယ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။
ယနေ့တွင်လည်း စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနက ရွှေဈေးနှုန်း တည်ငြိမ်စေရန် ဟုဆိုကာ ရွှေစင်တုံးနှင့် ရွှေစင်ခဲ ၃ ပိဿာစီကို လေလံစနစ်ဖြင့် နေ့လယ် ၁ နာရီ မှ ညနေ ၃ နာရီ အထိ ရောင်းချခဲ့သည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တဦးက “ဒီနေ့ လေလံစွဲမယ့်သူ မရှိပါဘူး။ သူက (စစ်ကောင်စီ) လေလံပစ်တော့ တလော့ထဲကို ၃ ပိဿာဆိုတော့ လူတွေက အဲဒီလောက် မဝယ်နိုင်ဘူး။ အပြင်ဈေးနဲ့ သွားပြီး ညီနေ တော့ အလုပ် မဖြစ်တာလည်း ပါတယ်။ ကြမ်းခင်းဈေးကတော့ ပြောလို့ မရဘူး ကျနော်က လေလံစွဲတဲ့ အဖွဲ့ထဲ ပါနေတယ်။ မနက်ဖန် လေလံဖြစ် မဖြစ်ကလည်း မသေချာဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြင်ပတွင် ရွှေလုပ်ငန်းရှင်တဦးက ယနေ့ စစ်ကောင်စီလေလံပစ်သည့် ဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၂၅ သိန်း ၅ သောင်း ဝန်းကျင်ဖြစ်သဖြင့် ပြင်ပဈေးနှင့် ညီနေကြောင်း ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA) တွင် ကမာ္ဘရွှေ ၁ အောင်စလျှင် ၁၆၄၂ ဒေါ်လာနှင့် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၉ သိန်း ၃ သောင်းကျော်နှင့် ဈေးကွက်ဖွင့်ထားကြောင်း သိရသည်။
ထိုပြင် စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ရွှေဈေးနှုန်း တည်ငြိမ်ရေး ဟုဆိုကာ စက်တင်ဘာလ ၅ ရက်မှ ၁၆ ရက်အထိ ရွှေဒင်္ဂါး အလေးချိန် ၄၅၅ ဒသမ ၇၅ ကျပ်သားအထိ ရောင်းချ ထားကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့သည့် မီဒီယာတွေ့ဆုံပွဲ တခုတွင် ပြောဆိုထားသည်။
You may also like these stories:
အော်ဒါမရသဖြင့် ရန်ကုန်က အထည်ချုပ်စက်ရုံတချို့ ရပ်နား
ပြည်ပမှ လုပ်ခလစာငွေ ပြန်လွှဲရေး စစ်ကောင်စီသတ်မှတ်ချက် အခက်အခဲရှိ ဟုဆို
ရွှေဈေးမငြိမ်မှုကြောင့် မန္တလေးက ရွှေဆိုင်းလုပ်ငန်းများ ရပ်ထားရ