စီးပွားရေး

ငွေကြေးခဝါချမှု အမည်ပျက်စာရင်းမဝင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ

မြန်မာနိုင်ငံ အနေဖြင့် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေးကျဆင်းမှုများကြား ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ရန် ပျက်ကွက်သည် ဟုဆိုကာ ကမ္ဘာ့ဘဏ္ဍာရေးစောင့် ကြည့်အဖွဲ့ (FATF) က အမည်ပျက်စာရင်းသွင်းဖွယ် ရှိနေသည်။

ကမ္ဘာ့စီးပွားရေး ခုနစ်နိုင်ငံအုပ်စု G-7 မှ တည်ထောင်ထားသည့် ပါ ပူးပေါင်းဆောင်ရွက်ထားသည့် Financial Action Task Force-FATF မှ အဖွဲ့ဝင်များက မြန်မာနိုင်ငံကို အမည်ပျက်စာရင်း သွင်းမသွင်းကိစ္စနှင့် ပတ်သက်ပြီး လာမည့် အောက်တိုဘာလ၌ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပမည့် အစည်းအဝေးအတွင်း ဆုံးဖြတ်ချက် ချနိုင် ကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က အမည်ပျက်စာရင်း မသွင်းခံရရေးနှင့် စောင့်ကြည့်နိုင်ငံစာရင်းထဲမှ လွတ်မြောက်ရေးတို့ အတွက် ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်လာလျက် ရှိသည်။

စစ်ကောင်စီ ဗဟိုဘဏ်က FATF ၏ အကြံပြုချက်ပါ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးဆိုင်ရာ (AML/CFT) စံသတ်မှတ်ချက်များအား လိုက်နာမှုရှိမရှိနှင့် ပတ်သက်ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ် ၉ ခုကို ယခုလအတွင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် စက်တင်ဘာ ၂၆ ရက်၌ ဖော်ပြလာသည်။ သို့သော် အဆိုပါ ပုဂ္ဂလိကဘဏ်များ၏ အမည်ကိုမူ ထုတ်ဖော် ပြောကြားထားခြင်း မရှိပေ။

ထို့နောက် မိုဘိုင်းလ်ငွေပေးချေမှုများအပေါ်ကိုလည်း တင်းကျပ်မှုများ ပြုလုပ်လာပြီး အကောင့်ဖွင့်ထားသူများသည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့် သုံးစွဲသူများ၏ အချက်အလက်များကို အတိအကျ ဖြည့်သွင်းပြင်ဆင်ရန် ညွှန်ကြားခဲ့သလို အချက်အလက် မပြည့်စုံသော အကောင့်များကိုလည်း ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် ပြည်ပ ငွေလွှဲကုမ္ပဏီများကိုလည်း ဗဟိုဘဏ်က ထပ်မံစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့သို့ လုပ်ဆောင်နေသော်လည်း စစ်ကောင်စီ ကိုယ်နှိုက်က နိုင်ငံတော်ဘဏ္ဍာ စီမံခန့်ခွဲမှုအပိုင်းတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် ငွေကြေးခဝါချမှုကို ထိထိရောက်ရောက် တားဆီးရန် စိတ်ဆန္ဒပြင်းပြမှု မရှိခြင်းများကြောင့် FATF အဖွဲ့ဝင် မြန်မာနိုင်ငံ အနေဖြင့် အမည်ပျက်စာရင်း သွင်းခံရနိုင်ခြေ များနေကြောင်း မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူများက ဧရာဝတီသို့ ပြောသည်။

စီးပွားရေး လေ့လာသုံးသပ်သူ တဦးကလည်း “ပြည်ထဲရေးအောက်က ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (MFIU) က လုပ်ငန်းစဉ်တွေကို သေချာ အစီအရင်မခံနိုင်တဲ့ အခြေအနေတွေ မြင်တွေ့နေရတယ်။ ပြီးတော့ အခု စစ်ကောင်စီ အနေနဲ့က FATF ရဲ့ မြန်မာနိုင်ငံကို လိုက်နာဆောင်ရွက်ခိုင်းထားတဲ့ စံသတ်မှတ်ချက် (AML/CFT) ကို သေချာသဘောမပေါက်တဲ့ အနေအထား ရှိတယ်” ဟု ဆိုသည်။

FATF ၏ ၂၀၁၈ အစီအရင်ခံစာအရ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေး ထောက်ပံ့မှုများ တိုက်ဖျက်ရေး မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်တွင် “မဟာဗျူဟာ ချို့တဲ့မှုများ” ကြောင့် မီးခိုရောင်အဆင့် စောင့်ကြည့်နိုင်ငံစာရင်း (Grey List) အဖြစ် ထည့်သွင်းခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အရပ်သား အစိုးရက FATF ၏ စောင့်ကြည့်နိုင်ငံစာရင်းမှ လွတ် မြောက်ရန်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့ (MFIU) က မူဝါဒကို အကောင်အထည်ဖော်ရန် လိုက်မလုပ်ခဲ့သည့်အတွက် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပေ။

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ အနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရာတွင် လိုက်နာမှုအားကောင်းစေရန် လုပ်ငန်းစဉ် (၉၉) ချက် လုပ်ရန် လိုအပ်ကြောင်း ဖော်ထုတ်ခံခဲ့ရပြီး NLD အစိုးရက ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်တချို့ကို ပြင်ဆင်ကျော်လွှားနိုင်ခဲ့ကာ လုပ်ငန်းစဉ် ၈ ချက်ကိုသာ အကောင်အထည်ဖော်ရန် ကျန်ရှိခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ် ၈ ချက်ကိုလည်း ၁၅ လအတွင်း အကောင်အထည်ဖော်သွားရန်အတွက် ဦးဆောင်ကော်မတီတခု ဖွဲ့စည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း NLD အစိုးရ သမ္မတရုံးက ၂၀၂၀ ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယခင်က အိမ်ခြံမြေ၊ တိုက်ခန်း၊ ကွန်ဒိုများ ရောင်းဝယ်ရာတွင် ကျပ်သိန်း ၁ ထောင်အထက် ရောင်းဝယ်မှုများကိုသာ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ထံ သတင်းပေးပို့ရန် သတ်မှတ်ထားသော်လည်း ၂၀၂၀ ဇန်နဝါရီလကုန်ပိုင်းမှ စတင်ကာ ရွှေနှင့်ကျောက်မျက်ရတနာများ အမေရိကန် ဒေါ်လာ ၁၅၀၀၀ (ကျပ်သိန်း ၂၀၀ ခန့်) ကျော် သံသယဖြစ်ဖွယ် အရောင်းအဝယ်များကိုပါ သတင်းပို့ရတော့မည် ဖြစ်ကြောင်း NLD အစိုးရက ညွှန်ကြားခဲ့သည်။

လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှု အခြေအနေများကြောင့် ယင်းလုပ်ငန်းစဉ်များ မည်မျှ ဆက်လက် အကောင်အထည် ဖော်နိုင်သေးသည်ကို လေ့လာစောင့်ကြည့်နိုင်မှုများ အလွန်အားနည်းသွားပြီ ဖြစ်ကြောင်း အထက်ပါ စီးပွားရေးပညာရှင်က ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “အဲဒီတုန်းက အဓိကက ဟွန်ဒီကိစ္စကို ထောက်ပြခဲ့ကြတာပေါ့။ အဲဒါကြောင့်ပဲ ပြည်ပ ငွေလွှဲကုမ္ပဏီ တွေကို ဗဟိုဘဏ်က ခွင့်ပြုပြီး တရားဝင်ဖြစ်အောင် ဆွဲတင်ခဲ့တာ။ ဒါပေမဲ့ အခု စစ်အာဏာသိမ်းပြီးနောက်မှာ ဘဏ်တွေ အပေါ် လူထုက ယုံကြည်မှုလျော့ကျသွားတော့ ဟွန်ဒီစနစ်ကို အရင်ကထက်တောင် ပိုသုံးလာတဲ့ အခြေအနေ ရှိတယ်” ဟု ဆိုသည်။

၂၀၁၉ တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားအဆင့် ဆုံးရှုံးမှုအန္တရာယ် အကဲဖြတ်ရေးလုပ်ငန်းစဉ် (National Risk Assessment-NRA) ရလဒ်အရ မူးယစ်ဆေးဝါး မှုခင်းများ အပါအဝင် အဂတိနှင့် လာဘ်ပေးလာဘ်ယူမှု၊ သစ်နှင့်ကျောက်မျက်ရတနာများ တရားမဝင် ရောင်းဝယ်မှုနှင့် အခွန်တိမ်းရှောင်မှုများသည် မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတို့၏ အဓိက လုပ်ရပ်များ ဖြစ်သည်။

အမည်ပျက်စာရင်းသွင်းခံရပါက ဘဏ်ငွေစာရင်းတခုဖွင့်ရန် သို့မဟုတ် ဆက်လက်ထိန်းသိမ်းထားရန် သို့မဟုတ် နိုင်ငံတကာဘဏ္ဍာရေးဝန်ဆောင်မှုများ ရယူရန် ခက်ခဲမည်ဖြစ်သည်။ ဘဏ်များနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း အများစုသည် FATF အမည်ပျက်စာရင်းဝင် နိုင်ငံတနိုင်ငံအတွက် လိုအပ်သည့် စည်းကမ်းချက်များ လျှောက်ထားကာ အလုပ်လုပ်မည့်အစား မြန်မာနှင့်ပတ်သက်သည့် ဘဏ်စာရင်းများဖွင့်ရန် ရှောင်ရှားလာနိုင်သည်။

နိုင်ငံ၏ ယုံကြည်စိတ်ချရမှုနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဆွဲဆောင်ရန် ကြိုးပမ်းမှုများကို အကြီးအကျယ် ထိခိုက်ပျက်ဆီးစေမည်ဖြစ်သည်။

You may also like these stories:

ကမ္ဘာ့ဘဏ္ဍာရေး ရာဇဝတ်မှု စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းနိုင်

အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ

ဗဟိုဘဏ် ခေါင်းဆောင်မှုသစ် ဘဏ္ဍာရေးကဏ္ဍကို တိုးတက်စေမည့် အလားအလာ မရှိ

တန်းစီတိုးစားရတဲ့ သမဝါယမခေတ် ပြန်လာပြီ

Loading