ခရီးသွားလုပ်ငန်း ပြန်စနိုင်မည့် အလားအလာကောင်းများ တွေ့မြင်ရကြောင်း စစ်ခေါင်းဆောင် ပြောဆိုပြီးနောက် ပုဂံ ဒေသရှိ အပျော်စီး မီးပုံးပျံလုပ်ငန်း လုပ်ကိုင်သူများအား လာမည့်ရာသီ မပျံသန်းပါက လိုင်စင်ပိတ်မည်ဟု ဖိအားပေး မှုများရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ပုဂံဒေသတွင် အပျော်စီး မီးပုံးပျံများ ပျံသန်းပေးခြင်းကို Balloons Over Bagan ကုမ္ပဏီ၊ Oriental Ballooning ကုမ္ပဏီ၊ Golden Eagle Ballooning MYANMAR ကုမ္ပဏီနှင့် STT Ballooning ကုမ္ပဏီတို့က လုပ်ကိုင်နေခြင်းဖြစ် သည်။
ညောင်ဦးမြို့ မြင်းကပါရွာ ဒေသခံတဦးက “ မပျံရင်လိုင်စင်သိမ်းမယ်တဲ့၊ စကစက ဒီမှာ အကုန်လုံး ပြန်စည်ကားနေပြီ၊ ကောင်းနေပြီ ဆိုတဲ့ပုံစံ ပုဂံမှာတောင် မီးပုံးပျံတွေ ပျံနေပြီ ဆိုတာမျိုးပေါ့၊ ဒါကြောင့် အခုကုမ္ပဏီတွေက ဝန်ထမ်းတွေ ပြန်လိုက်ခေါ်နေတာ။ ကိုဗစ်ကာလကတည်းက မီးပုံးပျံတွေ နားထားပြီး အာဏာသိမ်းတော့ ခရီးသွားလုပ်ငန်းက ပိုဆိုး သွားတယ် အဲဒီမှာ ဝန်ထမ်းတွေ လျှော့ထားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အတွက်မီးပုံးပျံကုမ္ပဏီများက ကျွမ်းကျင်လုပ်သားများ ပြန်လည်ခေါ်ယူရာတွင် အမြဲတမ်း ခန့်ထားမည့် ပုံစံမျိုး ခေါ်ယူ ခြင်း မဟုတ်ဘဲ နေ့စားသဘောဖြင့်သာ ပြန်လည်ခေါ်ယူနေခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။
ပုဂံဒေသတွင် အပျော်စီး မီးပုံးပျံ ပျံသန်းခြင်း လုပ်ကိုင်နေသည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးကမူ ယခုအခါ လုပ်ငန်း များ နားထားရသည်မှာ ၃ နှစ်နီးပါးရှိပြီ ဖြစ်ကြောင်း၊ ကုမ္ပဏီတချို့ က ပျံသန်းမှု ရှိနိုင်သော်လည်း ၎င်းတို့ အနေဖြင့်မူ ပျံသန်းမည်မဟုတ်ကြောင်း၊ ပြည်ပခရီးသွား မရှိသည့်အတွက် မီးပုံးပျံဝန်ဆောင်မှုမှာ တွက်ခြေကိုက်မည် မဟုတ် ကြောင်း ဆိုသည်။
“နားထားတာ ၃ နှစ်နီးပါး ရှိပြီဆိုတော့ ဘယ်လိုဈေးနဲ့ရောင်းမလဲ။ ပြည်တွင်းတွေကျတော့လဲ ဟိုတုန်းက ကျနော် ရောင်းတဲ့ ဒေါ်လာ ၃၀၀ ပတ်လည် ဈေးမျိုးနဲ့ ဆိုရင်တော့ နိုင်ချင်မှ နိုင်မယ်။ အဆင်ပြေတဲ့ဟာတမျိုးနဲ့ စီစဉ်ကြရင် ကောင်းပါတယ်။ ကျနော်ကတော့ အခု ဝန်ထမ်းတွေ ထိန်းတဲ့ အနေနဲ့ တခြား လုပ်ငန်းတွေ ပြောင်းလုပ်နေတာ”ဟု ၎င်းက ပြောသည်။
Balloons Over Bagan ကုမ္ပဏီကမူ ကိုဗစ်အခြေအနေနှင့် ခရီးသွားလာမှု ကန့်သတ်ချက်များကြောင့် နား ထားခဲ့ရ သော်လည်း ယခုနှစ် မီးပုံးပျံရာသီတွင် ပြန်လည် ပျံသန်းတော့မည် ဖြစ်ကြောင်း၊ ဧည့်သည်များနှင့် လှပသည့် ပုဂံ၏ ဝေဟင်၌ ပြန်လည် မြင်တွေ့ရန် မျှော်လင့်ပါကြောင်း ယင်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကြော်ငြာထားသည် ကို တွေ့ရသည်။
ယင်းကုမ္ပဏီ၏ ကြော်ငြာအရ မီးပုံးပျံစီးနင်းခွင့် လက်မှတ် (Ticket) ၁ စောင်လျှင် အမေရိကန်ဒေါ်လာ ၁၈၀ နှင့် ရောင်းချနေပြီး အောက်တိုဘာ ၉၊ ၁၀ ရက် ဝန်းကျင်တွင် ပျံသန်းသွားမည် ဖြစ်ကြောင်း၊ အောက်တိုဘာလမှ စတင် ရောင်းချမည့် လက်မှတ် ၁ စောင်မှာမူ ဒေါ်လာ ၂၀၀ ဖြစ်မည် ဖြစ်ပြီး လက်မှတ် ၁ စောင် ဝယ်ထားပါက ၂၀၂၂ အောက်တို ဘာမှ ၂၀၂၃ ဧပြီထိ မိမိနှစ်သက်သည့်အချိန်တွင် စီးနင်းနိုင်မည် ဖြစ်ကြောင်း၊ မီးပုံးပျံ ၁ လုံးလျှင် လူ ၁၆ ဦးထိ စီးနင်း နိုင်မည် ဖြစ်ကြောင်းဆိုထားသည်။
မီးပုံးပျံများ မပျံသန်းပါက လိုင်စင်သိမ်းမည်ဆိုသော သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ဧရာဝတီမှ ဂံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ပုဂံဌာနခွဲ)သို့ မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ရက်တွင ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)က ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပုဂံဒေသ၏ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းမှာ ရပ် တန့်လုနီးပါး ဖြစ်သွားရာ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေကြသည့် ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်း၊ မီးပုံးပျံလုပ်ငန်း များမှစ၍ အောက်ခြေရှိ မြင်းလှည်းမောင်းသူ၊ သုံးဘီးမောင်းသူ၊ ဈေးရောင်းသည်များ အဆုံး ဒုက္ခရောက်ကြရပြီး တချို့ ဆိုလျှင် နယ်စပ်ဒေသနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်နေကြောင်း ယခင် မီးပုံးပျံကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသည့် ဒေသခံတဦးကဆိုသည်။
“မီးပုံးပျံ ၁ လုံး ပျံမယ်ဆို အောက်ခြေဝန်ထမ်းတင် ၁၀ ယောက်အထက် လိုတယ်။ လူလျှော့ထားတာ။ ကုမ္ပဏီတွေ က လိုင်စင်သိမ်းမယ်ဆိုတော့ ဝန်ထမ်းတွေ ပြန်ခေါ်နေတာ။ ရွာကလူတွေက လောက်ကိုင်၊ မြဝတီ၊ ရွှေကုက္ကိုလ် ဘက် တွေမှာ တရုတ်ကုမ္ပဏီတွေခေါ်တဲ့ ကာစီနိုရုံတွေမှာ သွားအလုပ်လုပ်ကြတယ်။ တချို့က လည်း ဆန္ဒပြတုန်းက ပါလို့ ဖမ်းဝရမ်းထုတ်ခံထားရလို့ ရှောင်ရင်း ရောက်သွားကြတာ၊ အခု မီးပုံးပျံကုမ္ပဏီ တွေက ပြန်ခေါ်ပေမယ့် နေ့စားသဘော မျိုး မသေချာတော့ မလာချင်ဘူး” ဟု၎င်းက ရှင်းပြသည်။
မီးပုံးပျံ ပျံသန်းရန် နိုင်ငံခြားသားပညာရှင်အပါအဝင် ကျွမ်းကျင်ဝန်ထမ်းများ ပြန်လည်ခေါ်ယူရမှာဖြစ်ပြီး မြေပြင်ဝန်ထမ်း သည်ပင် ၁၀ ယောက်အထက် ရှိသဖြင့် ကုန်ကျစရိတ်မှာ များပြားကြောင်း၊ နိုင်ငံခြားဧည့်သည်များကို အားထားရသည့် လုပ်ငန်းလည်းဖြစ်ရာ ကပ်ရောဂါနှင့် မတည်ငြိမ်သည့် နိုင်ငံရေး အခြေအနေကြောင့် မမျှော်မှန်းနိုင်သည့် အနေအထား ဖြစ်သလို ပြည်တွင်းခရီးသွား သီးသန့်ပျံသန်းပေးနိုင်ရန် စီစဉ်ရခြင်းမှာ အခက်အခဲရှိသလို အရှုံး ပေါ် နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
“အခု ပုဂံမှာ ပြည်တွင်း ခရီးသွားနည်းနည်းရှိတယ်၊ နိုင်ငံခြားခရီးသွား မရှိဘူး၊ နိုင်ငံခြားသား လာနိုင်ဖို့ ဆိုတာလည်း ရောဂါအခြေအနေနဲ့ဆို မလွယ်လောက်ဘူး။ မီးပုံးပျံတွေ ပျံရမယ်ဆိုရင် အခက်အခဲကတော့ရှိတယ်။ ပြည်တွင်းခရီး သွားပဲဆိုတော့ စီးနိုင်မယ့်အားက အများကြီးမရှိဘူး။ ကုန်ကျစရိတ်နဲ့တွက်ရင် အခက်အခဲတွေ အများကြီးရှိတယ်။ နိုင်ငံခြားသားနဲ့ဆိုမှ အဆင်ပြေမှာ ဝန်ထမ်းစရိတ် နိုင်ငံခြားသားပညာရှင် ငှားရမ်းခတွေ ဘာတွေ ရှိသေးတယ်”ဟု မီးပုံပျံကုမ္ပဏီတွင် လုပ်ကိုင်ခဲ့ဖူးသည့် ဝန်ထမ်းဟောင်းတဦးက ရှင်းပြသည်။
ထို့အပြင် လက်ရှိအခြေအနေတွင် ပျံသန်းမည်ဆိုပါက အမေရိကန်ဒေါ်လာဈေးမှာလည်း မတည်မငြိမ်ဖြစ်နေသည့် အတွက် ခက်ခဲမှုများ ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက် နေပြည်တော်၌ ပြုလုပ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ အောက်တိုဘာကစပြီး ကိုဗစ်ရောဂါပြန့်ပွားမှု အခြေအနေ လျော့နည်းလာသည်နှင့် အမျှ ပြည်တွင်းခရီးသွားလာမှုများ စတင် တိုးတက်လာသည်ကို တွေ့ရကြောင်း၊ ၂၀၂၂ ဧပြီ ၁၇ ရက်မှစပြီး နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်ခွင့်ပြုပေးခဲ့ရာ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်မည့် အလားအလာကောင်းများ တွေ့မြင်ရခြင်းကြောင့် ကမ္ဘာလှည့် E-Visa ကို ၂၀၂၂ မေ ၂၀ ရက်တွင် စတင်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့် လာမည့် ပွင့်လင်းရာသီအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် ပြောခဲ့သည်။
သို့သော် မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ကမူ လေကြောင်းလိုင်းများ ဖွင့်ထား သော်လည်း နိုင်ငံခြားသား ခရီးသွားများ လာရောက်ခြင်း မရှိသေးကြောင်း၊ လက်ရှိတွင် နယ်မြေတည်ငြိမ်မှုရှိသော ပုဂံ၊ ချောင်းသာ၊ ငပလီ စသည့် ဒေသများကို အောက်တိုဘာ ခရီးသွားရာသီ အတွက် လက်မှတ်များ ရောင်းချရန် စီစဉ် နေပြီး တချို့ နေရာများတွင် ဟိုတယ်ခန်းများအပြည့်ထိ မှာယူခြင်းများလည်း ရှိကြောင်း ပြောသည်။
စစ်တပ် အာဏာမသိမ်းခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များက မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုမှာ ၄ ဒသမ ၈ သန်းကျော်ထိ ရှိခဲ့ကြောင်း သိရသည်။
ထို့နောက်ပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်ထားရသည့် ခရီးသွားလုပ်ငန်းကို အာဏာသိမ်း စစ်ကောင်စီက ယခုနှစ် မတ်လတွင် ပြန်ဖွင့်ပေးခဲ့ပြီး နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု အနေဖြင့် ၂၀၂၂ ဧပြီ ၁၇ ရက်မှ ဩဂုတ် ၁၄ ရက်ထိ ၄ လအတွင်း ၂ သောင်းကျော် ဝင်ရောက်မှု ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။