စစ်ကောင်စီက နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင်ထုတ်ယူသည့် ဆိုလာစီမံကိန်းများအတွက် တင်ဒါအသစ်များ ပြန် လည်ခေါ်ယူရာ ပြည်ပမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ ပြည်တွင်း ကုမ္ပဏီ ၂ခုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
ယင်းဆိုလာစီမံကိန်းများမှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် တရုတ် ကုမ္ပဏီအများစုမှ တင်ဒါအောင်မြင်ထားသည့် လုပ်ငန်းများဖြစ်သော်လည်း အကောင်အထည်ဖော်ရန်နှေးသဖြင့် ၂၀၂၂ ခုနှစ် မေလတွင် စစ်ကောင်စီက တင်ဒါဖျက်သိမ်းခဲ့ခြင်းဖြစ်သည်၊
ယင်းစီမံကိန်း ၂၆ခုအထဲမှ လျှပ်စစ်မဂ္ဂါဝပ် ၆၁၀ ထုတ်နိုင်သော ဆိုလာစီမံကိန်း ၁၈ ခုကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ် ၆ခုတွင် အကောင်အထည်ဖော်ရန် ပြီးခဲ့သည့် ဇွန်လ ၁၅ရက်က တင်ဒါပြန်ခေါ်ခြင်း ဖြစ်သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပေါက်ကြားလာသော ရုံးတွင်းစာအရ ယင်းစီမံကိန်း ၁၈ခုအနက် မန္တလေးတိုင်း သာစည် မြို့နယ်နှင့် ရန်ကုန်တိုင်း ဝါးတရာမြို့နယ်တွင် အကောင်အထည်ဖော်မည့် ဆိုလာစီမံကိန်း နှစ်ခုမှလွဲ၍ ကျန်စီမံကိန်းများ တင်ဒါဝင်ရောက်ယှဉ်ပြိုင်သူမရှိဘဲ ဖြစ်နေကြောင်း၊ ယင်းစီမံကိန်းနှစ်ခုကိုလည်း ခရိုနီ ဦးထွန်းမြင့်နိုင်၏ အေးရှား ဝေါလ် ကုမ္ပဏီလုပ်ငန်းစု လက်အောက်ရှိ Gold Energy ကုမ္ပဏီနှင့် Consortium of Zeya and Associated Co.,Ltd and Royal GK Pte.Ltd တို့သာ တင်ဒါဝင်ရောက် ယှဉ်ပြိုင်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ကိုင်သည့် ပြည်တွင်း ကုမ္ပဏီတခုမှ ဒါရိုက်တာ တဦးက “တရုတ်ကုမ္ပဏီတွေက တော့ သူတို့ရဲ့ စီမံကိန်းတွေ လုံခြုံရေးအတွက် စိုးရိမ်လို့ ဝင်မပြိုင်ကြတာ များတယ်။ အခြား ကုမ္ပဏီတွေကျတော့ နိုင်ငံခြား ငွေလဲလှယ်နှုန်း မတည်ငြိမ်တာကြောင့် တွက်ချေ မကိုက်နိုင်ဘူးလို့ တွက်ပြီး ဝင်မပြိုင်ကြတာ” ဟု ဧရာဝတီသို့ ပြော သည်။
Zeya and Associated ကုမ္ပဏီသည် ဟောင်ကောင်အခြေစိုက် Vpower ကုမ္ပဏီနှင့် ပူးတွဲပြီး ရန်ကုန်မြို့ ၌ သဘာဝဓာတ် ငွေ့ရည်မှ လျှပ်စစ်ဓာတ်အား ပြောင်းလဲ ထုတ်လုပ်မည့် (LNG to Power) စီမံကိန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ် သည်။
အဆိုပါ တင်ဒါအသစ်ပြန်လည်ခေါ်ယူရာတွင် တင်ဒါဝင်ပြိုင်သည့် ကုမ္ပဏီနည်းပါးသောကြောင့် တင်ဒါနောက်ဆုံးတင်ရမည့် ရက်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ အဖြစ် သတ်မှတ်ခဲ့သော်လည်း အချိန်ထပ်တိုးပေးမှုပြုလုပ်ပေးကာ စက်တင် ဘာလ ၃၀ ရက်နေ့အထိ ရွှေ့ဆိုင်းခဲ့ရသေးသည်။
NLD အစိုးရ လက်ထက်က ထိုစီမံကိန်းများကိုပင် တင်ဒါ ခေါ်ယူခဲ့စဉ်က တရုတ်ကုမ္ပဏီများအပြင် အိန္ဒိယနှင့် ထိုင်းကုမ္ပဏီ တို့ကပါ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ယခုလို ဆိုလာ တင်ဒါများ ဝင်ရောက်ယှဉ်ပြိုင်မှု နည်းပါးရခြင်းသည် စစ်ကောင်စီအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက ယုံကြည်မှု မရှိခြင်းကြောင့်ပင် ဖြစ်ကြောင်း အဆိုပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ကိုင်သည့် ပြည်တွင်း ကုမ္ပဏီတခုမှ ဒါရိုက်တာက မှတ်ချက်ပြုသည်။
နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် အဆိုပါ ဆိုလာစီမံကိန်းများသည် တခုကို အနည်းဆုံး အမေရိ ကန် ဒေါ်လာသန်း ၂၀ မှ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံရမည့် စီမံကိန်းများဖြစ်ပြီး နှစ်ပေါင်း ၂၀ လုပ်ကိုင်ခွင့် ရရှိမည် ဖြစ် သည်။
You may also like these stories:
ဆိုလာစီမံကိန်းတွေ တင်ဒါမပြိုင်ဘဲ လုပ်ခွင့်ရ ကုမ္ပဏီက ဦးအောင်ပြည့်စုံ ပိုင်သလား
ဆိုလာပါဝါ စီမံကိန်းများ တင်ဒါ ထပ်ခေါ်ပြီး နိုင်ငံခြားငွေရရှိရန် စစ်ကောင်စီ ကြံရွယ်
တရုတ် ဆိုလာကုမ္ပဏီများ စစ်ကောင်စီ အမည်ပျက် စာရင်းသွင်း