အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ပြန်လည်ကျဆင်းလာခြင်းကြောင့် ပြည်တွင်းကားအဟောင်းဈေးကွက်၌ ကားဈေးနှုန်း များလည်း ကျဆင်းလာကာ အရောင်းအဝယ်မရှိ သလောက်အေးနေကြောင်း သိရသည်။
စစ်ကောင်စီက ကားနှင့် ကားအစိတ်အပိုင်း တင်သွင်းခွင့်တို့အပေါ် ကန့်သတ်ထားသော်လည်း ဂျပန် သတင်းဌာန Nikkei Asia က ရန်ကုန်မြို့အနီးမှ သီလဝါစက်မှုဇုန်ရှိ တိုယိုတာ ကားစက်ရုံ စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း ရေးသားခဲ့သည်။
မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက “ကားဈေး တွေ ပြန်ကျလာတာက တိုယိုတာကားစထုတ်တာကြောင့် မဟုတ်ဘူး။ အဓိကက ဒေါ်လာဈေးပြန်ကျတာရယ် အခုကာလ က လည်း လူတွေ ခရီးသွားကာလဖြစ်နေတော့ ကားအရောင်းအဝယ်ဘက်က သိပ်စိတ်မဝင်စားကြတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်တွင်း၌ တိုယိုတာက Hilux ပစ်ကပ်များ စတင်ထုတ်လုပ်လာသည့်အတွက် ယခင်က ဈေးနှုန်းများထိုးတက်ခဲ့သော ဈေးကွက်ထဲရှိ တခြားသော Hilux အမျိုးအစားကားဈေးနှုန်းများ ကျဆင်းသွားသည်မှလွဲ၍ ပြည်တွင်းကားဈေးကွက်သို့ ကြီးမားသော သက်ရောက်မှုမရှိ ၎င်းက ဆိုသည်။
လတ်တလောတွင် တိုယိုတာ၏ ပြည်တွင်းစက်ရုံမှ တပ်ဆင်ထုတ်လုပ်သော Hilux ပစ်ကပ်အမျိုးအစား ကားသစ်များမှာ လက်ရှိ ဒေါ်လာပေါက်ဈေးအရ ကျပ် သိန်း ၁၅၀၀ ဝန်းကျင်သာ ရှိသည့်အတွက် ပြည်တွင်းကားဈေးကွက်၌ ကျပ်သိန်း ၂၀၀၀ နီးပါးအထိ ဈေးမြင့်ခဲ့သော Hilux အမျိုးအစားကားများသည် ဈေးနှုန်းများ တဖြေးဖြေးပြန်လည်ကျဆင်းလာ နေလျက်ရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ၁ ဒေါ်လာကို ကျပ် ၄၅၀၀ မှ ကျပ် ၅၀၀၀ အထိ မြင့်တက်သွား ခြင်းကြောင့် ပြည်တွင်း ကားဈေးနှုန်းများသည် ကားအမျိုးအစားပေါ်မူတည်ပြီး ကျပ် သိန်း ၂၀၀ မှ ၃၀၀ ကျော် ထိုးတက်သွားခဲ့ သော်လည်း လတ်တလောတွင် ဒေါ်လာဈေးသည် ကျပ် ၂၈၀၀ မှ ၃၀၀၀ ဝန်းကျင်တွင်သာ ရှိတော့သည့်အတွက် ကားဈေးနှုန်းများ သည်လည်း ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းလာလျက်ရှိသည်။
“ အခုဈေးကျနေတာက Brand ပေါင်းစုံ၊ ဘယ်ညာပေါင်းစုံက သူ့ရာခိုင်နှုန်းအချိုးအစားအလိုက် ဈေးတက်တာများခဲ့တဲ့ ကားတွေက ပိုကျများတာပေါ့။ ဒေါ်လာဈေးထိုးတက်ခဲ့တုန်းက ကားတွေက ပေါက်ဈေးထက်ပိုပြီးတက်ခဲ့တာ။ အခု ဒေါ်လာ ဈေးပြန်ပြုတ်ကျတော့ ကားဈေးလည်း ပြန်ပြုတ်ကျတာပေါ့” မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦး က ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် တန်ဖိုးဆက်တိုက်ကျဆင်းလာသော မြန်မာကျပ်ငွေကို လက်ဝယ်ကိုင် ဆောင်ထားမည့်အစား ဒေါ်လာ၊ ရွှေ၊ အိမ်ခြံမြေ နှင့် ကားဈေးကွက်အတွင်းသို့ ဝင်ရောက်ရင်းနှီး မြှုပ်နှံမှုလာမှုကလည်း မြင့်တက်ခဲ့သောကြောင့် ပြီးခဲ့သည့် လပိုင်းများက ကားဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ထို့ပြင် စစ်ကောင်စီ၏ ကားအသစ်တင်သွင်းခွင့် နှင့် ပြည်တွင်း၌ ကားတပ်ဆင်ထုတ်လုပ်သော လုပ်ငန်းများကို ပါမစ်မထုတ်ပေးခြင်းတော့ကြောင့် လည်းပြည်တွင်း ကားဈေး ကွက် တွင် ကားအသစ် ရှားပါးနေလျက်ရှိသည်။
“ ကားဈေးကွက်အရောင်းအဝယ်အေးနေတာဆိုတာထက် ရပ်သလောက်ပြန်ဖြစ်နေတာ ၁ လ ရှိနေပြီ ။ ဈေးတွေကလည်း ပြန်ကျတာရော လူတွေက ရောင်းပြီးလို့ ပြန်ဝယ်မရတော့မှာကြောက်လို့ ကိုင်ထားတဲ့လူတွေ များနေတဲ့ သဘောရှိတယ်။” ဟု ရွှေမြန်မာကားအရောင်းအဝယ်လုပ်ငန်းမှ ကိုမြတ်ကို က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၃ လဝန်းကျင်က ၁ လလျှင် ကား ၁၀ စီးဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုအခါ တစ်လလျှင် ကား ၁စီး ပင် အရောင်းအဝယ်မဖြစ်တော့ဘဲ ဈေးကွက်အေးနေကြောင်း ၎င်းက ဆိုသည်။
ပြည်တွင်းကားဈေးကွက်တွင် ကားအဟောင်းများကိုသာ အရောင်းအဝယ်လုပ်နေရခြင်းကြောင့် အရောင်းအဝယ်ဖြစ်ခဲ့ သော ကာလများတွင် ကျပ်သိန်း ၃၀၀ မှ ၆၀၀ ဝန်းကျင်ရှိသော အိမ်စီးကားအမျိုးအစားများသည် အရောင်းအဝယ် သွက်ခဲ့ပြီး ကျပ်သိန်း ၁၅၀၀ ကျော်နှင့်အထက် မော်ဒယ်မြင့်ဇိမ်ခံကားအမျိုးအစားသည်လည်း အနည်းငယ်အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း ပြည်တွင်းကားဈေးကွက်အတွင်းမှ သိရသည်။
You may also like these stories:
မြန်မာနိုင်ငံတွင် တိုယိုတာကား စထုတ်
ကားတင်သွင်းခွင့်ပိတ်လိုက်လို့ ကားဈေးကွက် ကမောက်ကမ ဖြစ်လာနေ