စီးပွားရေး

အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုခင်းကြောင့် မြန်မာကို ငွေကြေးခဝါချသူ အမည်ပျက်စာရင်းသွင်း

အီရန်နှင့် မြောက်ကိုရီးယားကဲ့သို့ အကြမ်းဖက်မှုငွေကြေးထောက်ပံ့ခြင်းအတွက် မြန်မာကို နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တခုက အမည်ပျက်စာရင်း ထည့်သွင်းလိုက်သောကြောင့် မြန်မာစစ်ကောင်စီအပေါ် အယုံအကြည်ကင်းမဲ့မှု ပိုမိုဆိုးရွားစေသည်။

ဘဏ္ဍာရေး အရေးယူမှု လုပ်ငန်းအဖွဲ့ (Financial Action Task Force-FATF) ကို စက်မှုထိပ်သီး ၇ နိုင်ငံက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ကနဦးရည်မှန်းချက်အတွက် ၁၉၈၉ ခုနှစ်တွင်ထူထောင်ခဲ့သည်။ ထိုအချိန်မှစတင်ပြီး FATF သည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းနှင့် အစုလိုက်အပြုံလိုက် လက်နက်များ ပျံ့နှံ့တိုက်ဖျက်ရေးအပေါ် လုပ်ပိုင်ခွင့်များပါ တိုးချဲ့ရရှိလာသည်။

FATF က မြန်မာကို အမည်ပျက်စာရင်းတွင် ချက်ခြင်းထည့်သွင်းရန်နှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပိုမိုလုံ့လစိုက်ထုတ် စောင့်ကြည့်ရန် အကြံပြုသည်။ ပါရီတွင် ချမှတ်လိုက်သည့် ထိုဆုံးဖြတ်ချက်နှင့် အကျွမ်းတဝင်ရှိသည့် အရာရှိများက ထိုသို့ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာမှ ကာစီနိုများနှင့် နယ်စပ်ဖြတ်ကျော် တရားမဝင်ကုန်သွယ်မှုများနှင့် အဓိကသက်ဆိုင်ကြောင်း Nikkei Asia သို့ပြောသည်။ ထိုသို့သောလုပ်ရပ်များသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရွေးကောက်ခံ အရပ်သားအစိုးရသစ်ကို စစ်တပ်က ဖြုတ်ချလိုက်ပြီးချိန်မှစတင်ပြီး အခြေအနေ ပိုမိုဆိုးရွားလာသည်။ ထိုသို့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများတွင် ဓာတု မူးယစ် ဆေးဝါးများ တင်ပို့ခြင်းနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများလည်း ပါဝင်သည်။

“အခုလိုလုပ်ရတာဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးမှာ အကြီးအကျယ် ချို့ယွင်းလို့ဖြစ်တယ်။ ဒါကြောင့် FATF က နိုင်ငံများအနေနဲ့ မြန်မာနဲ့ပတ်သက်တဲ့ စီးပွားရေး ဆက်ဆံရေးနဲ့ ငွေပေးငွေယူလုပ်ရာမှာ ပိုမိုလုံ့လစိုက်ထုတ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတယ်” ဟု FATF ဥက္ကဌ တာဝန်ကို ဇူလိုင်လ ၁ နေ့က စတင်တာဝန်ယူသည့် စင်္ကာပူအရာရှိ ရာဂျာကူးမား ပြောသည်။

“ဒါပေမယ့် အဲဒီလို ပိုမိုလုံ့လစိုက်ထုတ် စုံစမ်းစစ်ဆေးလို့ လူသားချင်းစာနာမှုအကူအညီကို မထိခိုက်စေရဘူး။ လူသားချင်းစာနာမှု ရန်ပုံငွေ ထောက်ပံ့လွှဲပြောင်းပေးခြင်း သို့မဟုတ် တရားဝင် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း လှုပ်ရှားမှုတွေကို ရန်ပုံငွေ ထောက်ပံ့ခြင်းကို ထိခိုက်စေတဲ့ သိမ်းကျုံးအရေးယူမှုတွေ မရှိအောင် လုပ်ရမှာ ဖြစ်ပါတယ်” ဟုလည်း သူပြောသည်။

ထိုသို့ အမည်ပျက်စာရင်းသွင်းခြင်းကြောင့် စစ်ကောင်စီသည် နိုင်ငံကို နောက်ပြန်ဆွဲနေကြောင်း ထပ်မံပြသလိုက်သည်။ မြန်မာနိုင်ငံသည် ထိုအမည်ပျက်စာရင်းတွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့သည်မှာ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် မီးခိုးရောင်အဆင့် ပြောင်းလဲသတ်မှတ်သည့် အချိန်အထိဖြစ်သည်။ ထိုနောက် ဦးသိန်းစိန်၏ အရပ်သားတပိုင်းအစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို အာဏာလွှဲပြောင်းပေးသည့် ၂၀၁၆ ခုနှစ် ဇွန်လတွင် ထိုစာရင်းမှ ထပ်မံလျှော့ချပေးခဲ့သည်။ အကြမ်းမှု ငွေကြေး ထောက်ပံ့ခြင်းကို အရေးယူမှုတိုးတက်လာခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ထိုသို့ လုပ်ဆောင်ပေးခြင်းဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင် အီရန်တို့နှင့်တန်းတူ ဖြစ်သွားပြီး ဘဏ်များသည် မြန်မာနှင့် ပတ်သက်သည့် ငွေပေးငွေယူအတွက် လုံလောက်သော လုံ့လစိုက်ထုတ်မှုများ ချမှတ်ရတော့မည်ဖြစ်သည်။

ထိုအဆင့်သည် နိုင်ငံနှင့် စီးပွားရေးကို အုပ်ချုပ်သည့် အဖွဲ့အစည်းအဖြစ် မြန်မာစစ်တပ်အပေါ် ယုံကြည်မှုကို အကြီးအကျယ် ထိခိုက်စေကြောင်းနှင့် ဗိုလ်ချုပ်များက ဗဟိုဘဏ်ကို မည်သို့ မှားယွင်းစွာ စီမံနေသည်ကို ထင်ဟပ်နေကြောင်း မြန်မာဘဏ္ဍာရေး သုတေသီ တဦးပြောသည်။

“အဓိက အားဖြင့်တော့ မြန်မာဟာ ကမ္ဘာအတွက် မြောက်ကိုရီးယားနဲ့အီရန်နဲ့တန်းတူ ငွေကြေးခဝါချပြီး အကြမ်းဖက်မှု ငွေကြေးထောက်ပံ့တဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာတယ်” ဟု ဟောင်ကောင်အစိုးရ၏ မြန်မာနှင့် ဆက်ဆံရေးကို တာဝန်ယူခဲ့သောဌာန ဒုညွှန်မှူးဟောင်း မိုက်ကယ်အင်း ပြောသည်။

“အမည်ပျက်စာရင်းသွင်းလိုက်တော့ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် စစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြေးထိန်းချုပ်မှုနဲ့ အခြားရန်လိုတဲ့မူဝါဒတွေအပြင် နောက်ထပ်အခက်အခဲတခုဖြစ်လာတယ်” ဟု အင်းပြောသည်။ “နိုင်ငံတကာ ကော်ပိုရေးရှင်းတွေအတွက် အမည်ပျက်စာရင်းဝင် မြန်မာနဲ့ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းထားမယ်ဆိုရင် ဂုဏ်သတင်းထိခိုက်မှု၊ အရေးယူပိတ်ဆို့မှုနဲ့စားသုံးသူ သပိတ်မှောက်မှု အန္တရာယ် ပိုများလာတယ်” ဟုလည်း သူဆက်ပြောသည်။

မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၅ ပုံတပုံ ကျုံ့သွားပြီးနောက် ယခုနှစ်တွင် တုံ့ဆိုင်းနေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် လွန်စွာမြင့်တက်သွားသည့် မြန်မာ့ငွေကြေးဖေါင်းပွမှုသည် စီးပွားရေးလုပ်ငန်းအားလုံးကို ထိခိုက်စေမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။ စားသုံးသူ ငွေကြေးဖေါင်းပွမှုသည် ယခုနှစ်မေလတွင် ယခင်နှစ်ကထက် ၁၈.၂ ရာခိုင်နှုန်း မြင့်မားသွားသည်။ ကမ္ဘာ့ရေနံဈေးတက်လာခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းနှင့် ကုန်စည်ဖြန့်ချိရေး ပြတ်တောက်ခြင်းတို့သည် သွင်းကုန်အများအပြားကို ဈေးများတက်သွားစေပြီး လွန်စွာထိခိုက်ပြီးဖြစ်သော အမြတ်ရနိုင်ခြေကို ထပ်မံထိခိုက်စေကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ထိုသို့ အမည်ပျက်စာရင်းသွင်းလိုက်ခြင်းကြောင့် စစ်ကောင်စီ၏ နိုင်ငံတကာ အထီးကျန်မှု ပိုမိုနက်ရှိုင်းလာမည်ဖြစ်ကြောင်း ဖြုတ်ချခံ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်ထားသည် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြောသည်။ “အကျပ်အတည်း ဖြစ်နေသမျှ ကာလပတ်လုံး မြန်မာဟာ စီးပွားရေးလုပ်ဖို့ကောင်းတဲ့နေရာမဟုတ်ဘူးဆိုတဲ့ သတင်းစကားပေးပို့လိုက်တာ ဖြစ်တယ်” ဟု NUG အစိုးရ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးနှင့် ပြောခွင့်ရသူ ဒေါက်တာ ဆာဆာ ပြောသည်။ “စစ်ကောင်စီအောက်မှာ ဘာမျှစနစ်တကျ လုပ်မရဘူးဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေ မြင်သင့်တယ်” ဟုလည်း သူဆက်ပြောသည်။

အမည်ပျက်စာရင်းသွင်းခြင်းသည် တရုတ်မှအပ အာရှနှင့်အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထပ်မံထိခိုက်စေမည်ဖြစ်ကြောင်း အင်းက ပြောသည်။ လက်ရှိ အမေရိကန်-တရုတ်ဆက်ဆံရေး၊ ယူကရိန်းကို ရုရှားက ကျူးကျော်ခြင်းတို့ကြောင့် တရုတ်ဘဏ္ဍာရေးအဖွဲ့အစည်များနှင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် နိုင်ငံတကာ ဘာဏ္ဍာရေးနှင့် စည်းကမ်းထိန်းကြောင်းရေးစနစ်များနှင့် ပိုမိုအဆက်အသွယ်ဖြတ်လာကြသည်ဟုလည်း သူပြောသည်။

” FATF ရဲ့ သတ်မှတ်ချက်က တရုတ် ရင်းနှီးမြှုပ်နှံသူတွေအတွက် သိပ်အရေးမကြီးဘူး။ အိန္ဒိယ သမုဒ္ဓရာကို အသုံးပြုခွင့်ရဖို့ မြန်မာက တရုတ်အခြေခံအဆောက်အအုံစီမံကိန်းတွေ ခိုင်မာဖို့ စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့က သူတို့အတွက် အဓိကဦးစားပေးပဲ” ဟု အင်း က Nikkei သို့ ပြောသည်။ လွန်ခဲ့သောနှစ်အတွင်း တရုတ်နိုင်ငံသည် အာဏာမသိမ်းမီကပင် စီစဉ်ထားသည့် မြန်မာမှ အခြေခံအဆောက်အအုံ စီမံကိန်းများကို ပြန်လည်စတင်လာသည်။ အခြားလုပ်ငန်းများသည် မြန်မာမှ ထွက်ခွာသွားကြသော်လည်း တရုတ်ကုမ္ပဏီများသည် မြန်မာတွင် ဆက်လက်လုပ်ကိုင်နေကြပြီး ကျောက်ဖြူတွင် အဆိုပြုထားသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်တွန်းအားပေးနေသည်။ ထိုစီမံကိန်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ်၏ အဓိက အစိတ်အပိုင်း တခုဖြစ်သည်။

FATF ၏ ဆုံးဖြတ်ချက်က စစ်အုပ်ချုပ်ရေးလက်ထဲရှိ အစိုးရပိုင်ကဏ္ဍသာမက ရုန်းကန်ရပ်တည်နေရသော ပုဂ္ဂလိကကဏ္ဍကိုပါ ထိခိုက်လာမည်ကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက စောင့်ကြည့်စိုးရိမ်နေကြသည်။

“ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးတခုလုံးအပေါ် ထိခိုက်မှုအတိအကျကို ခန့်မှန်းဖို့ခက်ပြီး နိုင်ငံတကာဘဏ်တွေနဲ့ သူတို့ကို စည်းကမ်းထိန်းကြောင်းတဲ့ အဖွဲ့အစည်းတွေအပေါ် မူတည်တယ်” ဟု မြန်မာနိုင်ငံ အခြေအနေကို လေ့လာစောင့်ကြည့်နေသော အနောက်တိုင်း စီးပွားရေးပညာရှင်တဦးက Nikkei သို့ပြောသည်။ “ဒါပေမယ့် အမည်ပျက်စာရင်းသွင်းလိုက်တာဟာ ကုန်သွယ်ရေးနဲ့ လွှဲငွေအပါအဝင် နိုင်ငံတွင်းကငွေကို အထုတ်အသွင်းလုပ်ဖို့ အချိန်နဲ့ အားထုတ်မှု ပိုမို လိုအပ်လာမယ်” ဟု ထို စီးပွားရေး ပညာရှင်ပြောသည်။ နိုင်ငံတကာ ငွေပေးချေမှုများအတွက် စည်းကမ်းထိန်းချုပ်မှု မရှိသော တရားမဝင်လမ်းကြောင်းများကို ပိုမိုပြောင်းလဲ အသုံးပြုခြင်းနှင့် မြန်မာနိုင်ငံပြင်ပတွင် ဖွင့်ထားသည့် ဘဏ်ငွေစာရင်းများ အသုံးပြုခြင်း ပိုမိုများပြားလာမည်ဖြစ်ကြောင်း သူပြောသည်။

ကိုးကား။ ။ Nikkei Asia မှThomson Chau နှင့် Domonic Oo တို့၏ Myanmar blacklisted by FATF for terrorism and crime finance

You may also like these stories:

FATF ၏ အမည်ပျက်စာရင်းကြောင့် ပြည်တွင်းဒေါ်လာဈေး ဂယက်ထ

ရွှေနှင့် ဒေါ်လာဈေးကွက် စစ်ကောင်စီ ထိန်းနိုင်မလား

အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ

ငွေကြေးခဝါချမှု အမည်ပျက်စာရင်းမဝင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ

Loading