စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဦးဆောင်မှုဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ခွင့်ကို အရန်ဆန် ရောင်းချပေးသည့် ကုမ္ပဏီများကိုသာ ပါမစ်ချထားပေးကြောင်း ဆန်ကုန်သည်များထံက သိရသည်။
နှစ်နိုင်ငံ အစိုးရခြင်း သဘောတူညီချက်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်၂၁၃၀၀ တန်ကို စီးပွား/ကူးသန်း ဝန်ကြီး ဌာန စီစဉ်မှုနှင့် ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းမှတဆင့် MV VTC Ocean သင်္ဘောဖြင့် ယခုလအတွင်း တင်ပို့မှု စတင်ခဲ့ ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ရှိ ဆန်ကုန်သည် တဦးက “အရန်ဆန်ကို အရှုံးခံ ရောင်းပေးတဲ့ ကုမ္ပဏီတွေကိုပဲ တင်ပို့ခွင့် အနည်း အများ လိုက်ချပေးတာပေါ့။ တန်ချိန် ၂ သိန်းထဲကနေ ကုမ္ပဏီအရေအတွက် ၃၀ နဲ့ ၄၀ လောက်ကို ခွဲတမ်း ချပေးတာ။ အရန်ဆန် သွင်းတာ နည်းရင်နည်းသလို၊ များရင် များသလို ပါမစ်ပေးလိုက်တာ။ နိုင်ငံတော်ကို အရန်ဆန် မရောင်းပေးရင် တင်ပို့ခွင့် ခွဲတမ်း မရဘူး” ဟု ဧရာဝတီကို ပြောသည်။
ဆန်တင်ပို့သည့် ကုမ္ပဏီများမှ ပြင်ပပေါက်ဈေးထက် လျော့နည်းသော နှုန်းထားဖြင့် နိုင်ငံတော် အရန်ဆန်ကို ရောင်းချပေး ရသည်။
ရန်ကုန်မြို့ရှိ ဆန်ကုန်သည်တဦးက “ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ရင် ဆန် ၁ တန် ၄၆၅ ဒေါ်လာ လောက် ရတယ်။ နိုင်ငံတော် အစီအစဉ် G to G နဲ့ ပို့တာ မဟုတ်ရင်တော့ အခွန်အကောက်လည်း ကင်းလွတ်ခွင့် မရှိသလို ဆန် ၁ တန်ကိုလည်း အမေ ရိကန်ဒေါ်လာ ၄၀၀ ကျော်ပဲ ရတော့ ဈေးကလည်း ကွာတယ်” ဟု ပြောသည်။
ဘင်္ဂလားဒေရှ့်သို့ တင်ပို့ရာတွင် အောက်တိုဘာ လဆန်းမှစ၍ ၃ သုတ်ခွဲ၍ တင်ပို့ရန် သတ်မှတ်ထားပြီး ပမထမ အသုတ်ကို ယခု အောက်တိုဘာလ ဒုတိယတပတ်မှ နိုဝင်ဘာလ ၇ ရက်အထိ၊ ဒုတိယအသုတ်ကို ဒီဇင်ဘာ ၁၅ ရက်အထိ သတ်မှတ် ထားကာ နောက်ဆုံးအသုတ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် အပြီး တင်ပို့ရမည် ဖြစ်ကြောင်း စီးပွား/ကူးသန်းက သတ်မှတ်ထားသည်။
ယခင် အရပ်သားအစိုးရဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရအနေဖြင့် နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီမှုနှင့် တင်ပို့ခွင့် ဆန်လိုင်စင်များကို ချပေးရာတွင် ယခုကဲ့သို့ အရန်ဆန် ရောင်းချပေးခြင်း ရှိမရှိအပေါ် မူတည်ခြင်း မရှိဘဲ အမှန်တကယ် တင်ပို့နိုင်ခြင်း ရှိ/မရှိနှင့် ယခင်က တင်ပို့ခဲ့ပြီးသော ပမာဏအပေါ် ထောက်ချင့်ကာ တင်ပို့ခွင့် လိုင်စင်ချထားပေးခြင်း၊ ပါမစ် ပြန်ရောင်းစားခြင်းမျိုး မဖြစ်စေရန် စိစစ်ချပေးခြင်း ဖြစ်သလို ကုမ္ပဏီတခု တည်းအား တန်ချိန် ပမာဏ အများပြား ချထားခြင်းမျိုး မရှိကြောင်း ဆန်ကုန်သည်များက ပြောဆိုသည်။
ထို့ပြင် NLD အစိုးရ လက်ထက်တွင် ပြည်ပသို့ ဆန်တင်ပို့မှုနှင့် ပတ်သက်၍ ကုမ္ပဏီ ၁၀၃ ခုထိ ရွေးချယ်ခဲ့ပြီး အဆိုပါ စာရင်းတွင် မပါဝင်သော ကုမ္ပဏီများအနေဖြင့် ပြည်ပသို့ တင်ပို့လိုပါက တန်ချိန် ၁၂၅ တန်ထိ တင်ပို့ခွင့် လျှောက်ထားနိုင် ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။
ယခုကဲ့သို့ လိုင်စင် ကန့်သတ်ချပေးမှုကြောင့် တင်ပို့ခွင့်ရသည့် ကုမ္ပဏီအရေအတွက် လျော့နည်းသွားပြီး ဈေးကွက်ကို အသုံးချကာ စီးပွားရေး လုပ်ကိုင်တတ်သူများအတွက် အခွင့်အလမ်း တရပ် ဖြစ်စေနိုင်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။
ဆန်ကုန်သည်တဦးက “ပြည်ပတင်ပို့တဲ့ ကိစ္စတွေက ပွင့်လင်းမြင်သာစွာ လုပ်ရမှာ။ အားလုံးဝေမျှ ခံစားရမှာ။ ရှုံးလည်း အတူ မြတ်လည်း အတူတူပေါ့။ အခုလို ခွဲတမ်းခွဲပေးတဲ့ ပုံစံ မလုပ်ရဘူး။ ဘင်္ဂလားဒေ့ရှ် ဆန်ကိစ္စက ဈေးကွက် အခြေ အနေ မကောင်းလို့ ပါမစ် ပြန်ရောင်းနေတယ်လို့ ကြားနေရတယ်” ဟု ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီက ဆန်တင်ပို့ခွင့် ပါမစ်ကို လက်သင့်ရာ ချထားပေးသည့် စနစ်မျိုး ကျင့်သုံးနေသည်ဟု ဆန် လုပ်ငန်းရှင်များက ဝေဖန်ပြောဆိုမှုများလည်း ရှိသလို ယခု တင်ပို့ခွင့်ရ ကုမ္ပဏီများမှာလည်း အမှန်တကယ် တင်ပို့ခြင်း မရှိဘဲ ပါမစ်ကို ပြန်လည် ရောင်းချကာ စီးပွားရှာခြင်းမျိုးလည်းရှိကြောင်း ဆန်လုပ်ငန်းရှင်များ အသိုင်းဝိုင်းက သိရသည်။
တောင်ဒဂုံမြို့နယ်ရှိ ဆန်ကုန်သည်တဦးက “ဆန်တင်ပို့ခွင့် ပါမစ် ရောင်းစားတဲ့သူကတော့ အစ/အဆုံး တင်ပို့တဲ့ သူ လောက်မြတ်ချင်မှ မြတ်ပေမယ့် သူက မြတ်ဖို့ သေချာနေပြီးသားဆိုတော့ ရောင်းစားတာပေါ့။ ဒါတွေက အရင် နဝတ ခေတ်ကတည်းက ရှိတယ်။ အခုကတော့ လိုင်စင်ရဖို့ ခက်ခဲတော့ ပိုပြီး လုပ်စားလို့ ကောင်းတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ပြည်ပတင်ပို့သည့် ဈေးကွက်အတွက် ဆန်ဝယ်လိုအား များနေသဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် အရောင်း အဝယ်ကောင်းသည့် အနေအထား ရှိနေပြီး ပြည်ပတင်ပို့သည့် ဆန်ကြမ်းဖြစ်သည့် မနောသုခ၊ ရတနာတိုး ဆန်ဈေးမှာ ၁ အိတ်လျှင် ကျပ် ၄၂၀၀၀ အထိ ရှိကြောင်း ကုန်သည်များထံက သိရသည်။
မြန်မာ့ဆန်ကို အာဖရိက၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် အစရှိသည့်နိုင်ငံများကို ပင်လယ် ရေကြောင်းမှ တင်ပို့သလို နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကလည်း တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလ ဒုတိယတပတ်အထိ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၅ သိန်း ကျော်နှင့် ဆန်ကွဲတန်ချိန် ၃ သိန်းကျော် တင်ပို့ထားမှုမှ အမေရိကန်ဒေါ်လာ ၃၀၀ ဒသမ ၈၉၉ သန်း ရရှိထားကြောင်း စစ် ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။
You may also like these stories:
ရန်ကုန်ရှိ လုပ်ငန်းရှင်များ၏ ဘဏ်အချက်လက်များ စစ်ကောင်စီ စာရင်းကောက်
စစ်ကောင်စီ၏ ဆိုလာစီမံကိန်း တင်ဒါခေါ်ယူမှု ကုမ္ပဏီ၂ ခုသာ ဝင်ပြိုင်