နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force – FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း သွင်းလိုက်ခြင်းကြောင့် စင်ကာပူနိုင်ငံမှ စက်သုံးဆီ တင်သွင်းမှုတွင် အခက်အခဲများ ဖြစ်လာ မလာ စက်သုံးဆီလုပ်ငန်းရှင်များက စိုးရိမ်နေသည်။
မြန်မာနိုင်ငံ အနေဖြင့် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေး ကျဆင်းမှုများကြား ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုများကို တိုက်ဖျက်ရန် ပျက်ကွက်သည် ဟုဆိုကာ FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
စက်သုံးဆီ တင်သွင်းရောင်းချနေသော လုပ်ငန်းရှင်တဦးက “အခုက အမည်ပျက်စာရင်း သွင်းလိုက်တဲ့အဆင့်ပဲ ရှိသေး တယ်။ ကန့်သတ်ထိန်းချုပ်တဲ့အဆင့် မရောက်သေးဘူး။ စင်ကာပူဘဏ်တွေဘက်က ငွေပေးချေမှုတွေအတွက် ဘယ်အချက်တွေ ထပ်တောင်းဆိုမလဲဆိုတာအပေါ် မူတည်ပြီးတော့ အခက်အခဲတွေက အနည်းနဲ့အများ ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
လတ်တလော စက်သုံးဆီ တင်သွင်းမှုများအတွက် ငွေပေးချေမှုစနစ်တွင် ပြည်တွင်းကုမ္ပဏီများဘက်က မိမိတင်သွင်းလို သော စက်သုံးဆီတန်ချိန် ပမာဏအတွက် ၁ ခေါက်စာ ကြိုတင်ပေးသွင်းခြင်းစနစ်ဖြင့် လုပ်ဆောင်နေခြင်းကြောင့် ကန့်သတ်ထိန်းချုပ်မှုများ ရှိလာပါက လာမည့်နှစ်ကုန်ပိုင်း (ဒီဇင်ဘာလ) မှ စပြီး အခက်အခဲ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ထိုလုပ်ငန်းရှင်က “အခုက အထက်မြန်မာပြည်ဘက်မှာ တိုက်ပွဲတွေကြောင့် လမ်းပိုင်း ဆက်သွယ်ရေး အခက်အခဲ ဖြစ်တာရယ်၊ သတ္တုတူးဖော်ရေးလုပ်ငန်းတချို့ ရပ်နေတာကြောင့် ပြည်တွင်းစက်သုံးဆီ ဝယ်လိုအားက ကျဆင်း နေတဲ့အချိန်ဆိုတော့ လတ်တလော ဈေးနှုန်း အခြေအနေ မဆိုးနိုင်ဘူး” ဟု ပြောသည်။
လတ်တလောတွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည်လည်း ၁ ဒေါ်လာကို ကျပ် ၃၀၀၀ ဝန်းကျင်၌သာ တည်ငြိမ်နေသည့် အခြေအနေ ရှိခြင်းနှင့် နိုင်ငံတကာ စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းနေခြင်းတို့ကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း အတက်အကျ လှုပ်ရမ်းမှု နည်းလျက် ရှိသည်။
ယနေ့ (အောက်တိုဘာ၂၅ ရက်) ဈေးနှုန်းများအရ ပရီမီယံဒီဇယ် ၁ လီတာ ၂၆၆၅ ကျပ်၊ ဒီဇယ် ၁ လီတာ ၂၅၈၀ ကျပ်၊ အောက်တိန်း 92 တလီတာ ၁၉၈၅ ကျပ်နှင့် အောက်တိန်း 95 တလီတာ ၂၀၇၅ ကျပ်ဝန်းကျင် ရှိကြောင်း သိရသည်။ (ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးနှုန်းများဖြစ်၍ အခြား ပြည်နယ်နှင့်တိုင်း ဈေးနှုန်းများကြား ကွာဟချက် ရှိနိုင်သည်။)
သို့သော် FATF ၏ အမည်ပျက်စာရင်းသွင်းမှုကြောင့် မြန်မာနိုင်ငံမှ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ အနေဖြင့် နိုင်ငံတကာ ဘဏ်လုပ်ငန်းများနှင့် ငွေပေးချေမှုများ ချိတ်ဆက်လုပ်ဆောင်ရာတွင် ယခင်ကထက် ဝင်ငွေရလမ်းများကို ပိုမို စစ်ဆေးလာ ခြင်းနှင့် ကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်လာနိုင်ခြင်းကြောင့် ငွေပေးချေမှု နှောင့်နှေးကြန့်ကြာခြင်းများ ဖြစ်ပေါ်လာနိုင် ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ဆိုသည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီ တင်သွင်းရောင်းချနေသော ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “ငွေပေးချေမှုတွေမှာ အခက်အခဲ ရှိလာမှာတော့ အသေအချာပဲ။ ဘယ်လောက်ထိ ဆိုးဝါးမယ်၊ ခက်ခဲမယ် ဆိုတာတော့ အခုက ဘာညွှန်ကြားချက်မှ မရှိ သေးတော့ ပြောရခက်တယ်” ဟု ဆိုသည်။
စစ်ကောင်စီဘက်ကလည်း ထိုသို့ အခြေအနေများ ကြုံတွေ့လာနိုင်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီ လုံလောက်မှု ရှိစေ ရေး ရုရှားနိုင်ငံမှ စက်သုံးဆီ တင်သွင်းမှုများ လုပ်ဆောင်လျက် ရှိသော်လည်း ပထမဆုံး တင်သွင်းလာသည့် တန် ချိန် ၁၅၀၀၀ ပါ ဆီသင်္ဘော ၂ စီး သတင်းသည်ပင် ယခုအချိန်ထိ ထပ်မံ ထုတ်ပြန်လာခြင်း မရှိသေးပေ။
စီးပွားရေးလုပ်ငန်းရှင် တဦးကလည်း “အခုက အကုန်စောင့်ကြည့်နေကြတဲ့ အခြေအနေဆိုတော့ ပုံမှန်အတိုင်း ငွေပေးချေမှု တွေက လုပ်နေတုန်းပဲ။ စက်သုံးဆီအပေါ် အရမ်းမကန့်သတ်ရင်တောင် လေယာဉ်ဆီ တင်သွင်းမှုအတွက်တော့ ပိုခက်သွား နိုင်မယ်လို့ ထင်တယ်” ဟု မှတ်ချက်ပြုသည်။
သို့သော် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က မြန်မာနိုင်ငံသည် ယခင်ကလည်း အလားတူစာရင်းတွင် ၂၀၁၁ ဇွန်လမှ ၂၀၁၆ ဖေဖော်ဝါရီလထိ ရောက်ရှိခဲ့ပြီး ပြန်လည် လွတ်မြောက်အောင် ဆောင်ရွက်ခဲ့သည့် ယခင် အတွေ့အကြုံများအရ ယင်းစာရင်းမှ အလျင်အမြန် ပြန်လည် လွတ်မြောက်စေရန် စီမံဆောင်ရွက်လျက်ရှိရာ လာမည့် ၁ နှစ်အတွင်း ဆောင်ရွက်မည့် Action Plan များ ချမှတ်ရေးဆွဲပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်ပနှင့် ငွေကြေးလွှဲပြောင်းမှု ပြုလုပ်ရာတွင်လည်း ပြည်ပ အဆက်အသွယ်ဘဏ်များက အလေးထား စိစစ်ခြင်း တိုးမြှင့်လုပ်ဆောင်ခြင်းကိုသာ ကြုံတွေ့ရကြရမည်ဖြစ်ရာ သက်ဆိုင်ရာဘဏ်များအနေဖြင့် လက်ရှိ ဆောင်ရွက်နေကျ မေးခွန်းများ မေးမြန်းခြင်းနှင့် ငွေကြေးလွှဲပြောင်းမှုဆိုရာ အထောက်အထား အချက်အလက်များ တောင်းခံခြင်း စသည်ဖြင့် ယခင်အတိုင်းသာ ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း ဆိုထားသည်။
You may also like these stories:
FATF ၏ အမည်ပျက်စာရင်းကြောင့် ပြည်တွင်းဒေါ်လာဈေး ဂယက်ထ
ငွေကြေးခဝါချမှု အမည်ပျက်စာရင်းမဝင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ
အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုခင်းကြောင့် မြန်မာကို ငွေကြေးခဝါချသူ အမည်ပျက်စာရင်းသွင်း