စီးပွားရေး

FATF ၏ အမည်ပျက်စာရင်း သွင်းခံရပြီးနောက် ကုန်ဈေးနှုန်း ပြန်တက်လာ

ကမာ္ဘ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းပြီးနောက် ပြည်တွင်း၌ အမေရိကန် ဒေါ်လာဈေးမှာ ၁ ဒေါ်လာလျှင် ကျပ်၂၉၀၀ ဝန်းကျင်မှ ကျပ်၃၁၀၀ ကျော် အထိ မြင့်လာပြီး ဆီ၊ ကြက်သွန်စသည့် အခြေခံ စားသောက်ကုန် ဈေးများလည်း တက်လာသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က FATF အဖွဲ့မှနေ၍ မြန်မာနိုင်ငံသည် စစ်တပ် အာဏာသိမ်းပြီးနောက် ငွေကြေး ခဝါချမှု နှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရန် ပျက်ကွက်သည်ဟုဆိုကာ အမည်ပျက်စာရင်း ထည့်သွင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းမတိုင်ခင်က အောက်တိုဘာ လဆန်းပိုင်းက ပြည်တွင်း အမေရိကန်ဒေါ်လာဈေးမှာ အကျဘက်သို့ ဦးတည်သွားခဲ့ သော်လည်း အမည်ပျက်စာရင်းဝင် ပြီးနောက် ချက်ခြင်းဆိုသလို ၁ ဒေါ်လာလျှင် ကျပ် ၃၀၀၀ ကျော် ဖြစ်လာကာ အခြေခံ စားသောက်ကုန် စားအုန်းဆီဈေးမှာလည်း ၁ ပိဿာလျှင် ကျပ် ၆၀၀၀ ကျော်ဝန်းကျင် မှ ယနေ့တွင် ကျပ် ၈၀၀၀ ကျော်မှ ကျပ် ၉၀၀၀ ဝန်းကျင်အထိ ခုန်တက်သွားခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ ဒေါ်လာရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ တဦးက “ပုံမှန် လုပ်နေကျ ပို့ကုန်၊ သွင်းကုန်သမား တွေကတော့ ဒီနေ့မှ ဈေးစဖွင့် တာဆိုတော့ လုပ်ကြည့်ကြအုံးမယ်။ အဲ့ဒီမှာမှ ပေါ်လာမယ့် အခက်အခဲလိုက်ပြီး ဈေးကွက်က ပြန်ပြောင်း မယ်ထင်တယ်။ စားသောက်ကုန်ဈေးကလည်း ပြန်တက်လာတယ်။ အခုတော့ အတက်ဘက်ဈေး ပါတာကလွဲလို့ ဈေးကွက် ကပုံမှန်သွားနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

တချို့သော လုပ်ငန်းရှင်များကလည်း FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း သွင်းပြီးနောက် ပို့ကုန်၊ သွင်းကုန် ကဏ္ဍ တွင် ဖြစ်လာမည့် ငွေကြေးဆိုင်ရာ အခက်အခဲများကို စောင့်ကြည့်ကာ အလုပ်မလုပ်သေးကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးမှာ နာမည်ပျက် မကြေညာမီ အကယ်ဒမီ ၁ကျပ်သား ကျပ် ၂၅ သိန်းကျော်ရှိရာမှ အောက်တိုဘာလ ၂၂ ရက်နေ့တွင် သိန်း ၃၀ ကျော် ထိ မြင့်သွားသော်လည်း စစ်ကောင်စီဘက်မှ ဝင်ထိန်းသဖြင့် ညနေပိုင်းတွင် ဈေးပြန်ကျ သွား ကြောင်း၊ လက်ရှိတွင် ပြည်တွင်းရွှေဈေးမှာ အကယ်ဒမီ ၁ကျပ်သားလျှင် ၂၆ သိန်းကျော်ရှိနေကြောင်း ရွှေကုန်သည်တဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ ဈေးကတော့ အတက်မှာပဲ ရှိမှာတယ်။ ဒါပေမယ့် စကစက ဝင်ထိန်းနေတော့ သိပ်မလုပ်ရဲကြဘူး။ ဒေါ်လာဆိုလည်း အခု ၃၁၀၀ သာ ပြောတာ လိုလို့ သွားဝယ် ဘယ်သူမှမရောင်းဘူး။ ကိုင်ထားကြတယ်”ဟု လက်ရှိအခြေ အနေကို ဧရာဝတီသို့ ရှင်းပြသည်။

အမည်ပျက်စာရင်း ကြေညာပြီး နောက်တနေ့ မနက်ပိုင်းနှင့် နေ့လည်ပိုင်းများတွင် ရွှေလက်ဝယ်ရှိသူများက လာရောက် ရောင်းချခြင်းများ ရှိသလို ငွေသားလက်ဝယ်မထားလိုသူများက ရွှေဝယ်ယူခြင်းများရှိကြောင်း၊ သို့သော် ညနေပိုင်း ဈေးပြန်ကျသွားကာ အရောင်းအဝယ် ပြန်အေးသွားကြောင်း ဈေးကွက် အတွင်းမှစုံစမ်းသိရသည်။

ပုဇွန်ထောင်မြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင် တဦးက “အမည်ပျက် ကြေညာလိုက်လို့ ဒေါ်လာဈေးတက်သွားရာက တချို့ ဆိုင် တွေက ဈေးမငြိမ်လို့ ရှုံးမှာကြောက်ပြီး ခဏအရောင်းရပ်ထားတာလည်း ရှိတယ်။ ဈေးကွက်ကို တွက်ချက်နေတာပေါ့။ စဖြစ်တဲ့နေ့က စိုးရိမ်မှုကြောင့် ဝယ်တာမျိုးတွေ ရှိတယ်။ ဒီနေ့တော့ စားအုန်းဆီ တပိဿာကို အပြင်ဈေးက ကျပ် ၈၀၀၀ ကျော်၊ တချို့နေရာတွေမှာတော့ ကျပ် ၉၀၀၀ နီးပါးထိ ပြန်တက်လာတာ ရှိတယ်။ တခြားကြက်သွန်တို့ ဘာတို့လည်း နည်းနည်းတက်တယ်” ဟု ပြောသည်။

အခြေခံစားသောက်ကုန်များဖြစ်သော ကြက်သွန်နီ ၁ ပိဿာမှာ ယခင်ရက်ပိုင်းက ကျပ် ၃၈၀၀ ကျော် ရှိရာမှ ယခုရက်ပိုင်း တွင် ကျပ် ၄၀၀၀ ကျော်၊ အာလူး ၁ ပိဿာ ကျပ် ကျပ် ၂၆၀၀ ကျော်ရှိရာမှ ယခု ကျပ် ၃၀၀၀ ကျော်အထိ ဈေးတက် လာ ခြင်းများရှိသလို တချို့ဆိုင်များကလည်း ဈေးကွက်အခြေအနေကို ကြည့်ကာ တဆိုင်နှင့်တဆိုင် ဈေးညှိ ရောင်းခြင်းများ ရှိနေကြောင်း၊ ဆန်ဈေးနှုန်းမှာ အတက်အကျ မရှိဘဲ တည်ငြိမ်နေကြောင်း ဈေးကွက်တွင်းမှ သိရသည်။

အင်းစိန်မြို့နယ်မှ အိမ်ရှင်မတဦးက “အခုရက်ပိုင်းကတော့ မီးဖိုချောင်သုံးနဲ့ စားသောက်ကုန်တွေ နည်းနည်းလောက် ပြန်တက်လာတယ်။ စားအုန်းဆီကတော့ သိသာတာပေါ့။ စစ်ကောင်စီရဲ့ ရည်ညွှန်းဈေးမှာလည်း နည်းနည်း တက်လာ တယ်။ ၁ ပိဿာ ၃၆၉၀ ကျပ်ကနေ အခုတပတ်တော့ ၄၁၇၅ ကျပ်လို့ တွေ့တယ်။ အပြင်ဈေးကတော့ ပိုတက်တာပေါ့။ ဈေးဆိုင်တွေကတော့ ပွဲရုံကတက်လို့ ဈေးတက်တာလို့ ပြောတာပဲ”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။

ယခုလို FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ခြင်းကြောင့် နိုင်ငံတကာဘဏ္ဍာရေးဝန်ဆောင်မှုများ ရယူ ရန် ခက်ခဲလာတော့မည် ဖြစ်သလို ကျပ်ငွေတန်ဖိုးအပေါ် ယုံကြည်မှု ထပ်မံ ကျဆင်းလာကာ ဒေါ်လာဈေး မြင့်လာခြင်း ကြောင့် ကုန်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်ပြီး ပြည်တွင်း စီးပွားရေး ပညာရှင်တဦးက “ကောင်းဖို့ အလားအလာတော့ မရှိဘူး။ ဒီအပေါ်မှာ စစ်ကောင်စီအနေနဲ့ ဒီလိုနေလို့ မရဘူး။ နိုင်ငံရေးအရ ပြောင်းလဲမှ ရမယ်လို့ ယူဆပြီး ပြောင်းလဲမှု လုပ်ရင်တော့ နည်း နည်းကောင်းရင် ကောင်းနိုင်မယ်။ ဒါပေမယ့် ဒါကလည်း ဖြစ်လာဖို့က မျှော်လင့်ချက်မရှိပါဘူး”ဟု ဧရာဝတီသို့ မှတ်ချက်ပြု ပြောဆိုသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်ကမူ FATF ၏ မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းခြင်းနှင့်ပတ်သက်၍ စိုးရိမ်စရာ မရှိကြောင်းနှင့် ၊ ငွေကြေးဈေးကွက်အတွင်း မသာမာမှုများ မပြုလုပ်ကြရန် သတိပေးထားပြီး စည်းမျဉ်း စည်းကမ်းနှင့် မကိုက်ညီသည့် ဆောင်ရွက်မှုများတွေ့ရှိပါက လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။

You may also like these stories:

FATF အမည်ပျက်စာရင်းကြောင့် စင်ကာပူမှ စက်သုံးဆီတင်သွင်းမှု ခက်ခဲသွားမလား

FATF ၏ အမည်ပျက်စာရင်းကြောင့် ပြည်တွင်းဒေါ်လာဈေး ဂယက်ထ

ရွှေနှင့် ဒေါ်လာဈေးကွက် စစ်ကောင်စီ ထိန်းနိုင်မလား

ငွေကြေးခဝါချမှု အမည်ပျက်စာရင်းမဝင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ

အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုခင်းကြောင့် မြန်မာကို ငွေကြေးခဝါချသူ အမည်ပျက်စာရင်းသွင်း

Loading