ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိက လမ်းကြောင်းဖြစ်သော ကရင်ပြည်နယ်၊ ကော့ကရိတ်- မြဝတီ အာရှ လမ်းတွင် တိုက်ပွဲများ ဖြစ်ပွားကာ မကြာခဏ လမ်းပိတ်ထားမှုကြောင့် ကုန်တင်ယာဉ်များ ရပ်တန့်ထားရသဖြင့် ကုန်သွယ်မှုတွင် အခက်အခဲများစွာ ကြုံနေရကြောင်း သိရသည်။
ယမန်နေ့ (အောက်တိုဘာလ ၂၅ ရက်) က အာရှလမ်းမကြီးပေါ် ကော့ကရိတ်မြို့အဝင် ကော့နွဲ့ရွာအနီးတွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်တို့ကြား မွန်းလွဲပိုင်းမှ စတင်ကာ တိုက်ပွဲ ဖြစ် ပွားခဲ့ခြင်းကြောင့် အာရှလမ်းမကြီးပေါ်တွင် ပိတ်မိနေသည့် ယာဉ်များထဲမှ အဲကွန်းနှင့် ရေခဲသေတ္တာများတင် ဆောင်လာသည့် ကုန်ကားတစီး ထိမှန်ပျက်စီးခဲ့သည်။
မြဝတီမြို့ ကုန်သည်တဦးက “အွန်လိုင်းပေါ်မှာတော့ ဒီနေ့ တရက် ထပ်ပိတ်မယ်လို့ ပြောကြပေမယ့်။ အခု မနက်တော့ သွားနေကြတယ်။ လောလောဆယ် တိုက်ပွဲတော့ မရှိဘူး။ ပြီးခဲ့တဲ့ရက် တိုက်ပွဲတွေ မဖြစ်ခင်ကဆိုရင် ကားတွေ တန်းစီစရာ မလိုဘူး။ အခုတော့ ကားတွေ အကုန် အတက်/အဆင်း လမ်းမှာ တန်းစီနေတာပဲ။ အခက်အခဲတော့ ရှိသွား တာပေါ့။ တိုက်ပွဲ ဖြစ်မလား ဖြစ်လိုက် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲချ တလ ပိတ်မလား၊ နှစ်လ ပိတ်မလား။ ပိတ်လိုက်ပေါ့။ ပြီးသွားရင် အလုပ် ဆက်လုပ်ချင်တယ်။ အားလုံးက အဲဒီလိုပဲ ဖြစ်ချင်နေတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
လက်ရှိ အခြေအနေသည် တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် လမ်းမှာလည်း မကြာခဏ ပိတ်ရကာ ကုန်သွယ် မှုတွင် အခက်အခဲများ ဖြစ်ပေါ်သလို တချို့ ကုန်စည်များမှာလည်း သတ်မှတ်ထားသည့် အချိန်အတိုင်း တင်ပို့နိုင်ခြင်း မရှိသဖြင့် တဖက်ကုန်သည်နှင့် အချေအတင် ပြောဆိုရခြင်းအပြင် ပျက်စီးလွယ်သည့် သစ်သီးဝလံတင် ဆောင်သည့် ကုန်ကားများမှာလည်း လမ်းမှာပင် ပျက်စီးခြင်း၊ တချို့ ကုန်ကားများမှာ တိုက်ပွဲကြား ရောက်ရှိပြီး မီးလောင်ပျက်စီးတို့ ကြောင့် ဆုံးရှုံးမှုများနှင့် အခက်အခဲများ ဖြစ်ပေါ်ရကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “မနေ့ကဆိုရင် ကုန်ကားတစီး မီးရှို့ခံရတယ်။ အသိကား ပါသွားတာပေါ့နော်။ အဲဒီတော့ ဘာရည် ရွယ်ချက်နဲ့ လုပ်တာလဲ။ ဒါတွေက အရပ်သားတွေ လုပ်တာ မဟုတ်ဘူး။ လုပ်တာက လက်နက်ကိုင်ဆောင်တဲ့သူတွေ ဖြစ်တယ်။ ကားတွေ မီးရှို့လို့ အဖြေထွက်လာတာ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ ကုန်သည်ဘက်က ပြောချင်တာ က လုပ်မယ်ဆိုရင် လုပ်ချ။ မနိုင်ရင်လည်း မလုပ်နဲ့” ဟု ဆိုသည်။
ယခုလ ၁၉ ရက်ကလည်း စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်မည်ဖြစ်ကြောင်း ကရင်ဘက်မှ ပြောသောကြောင့် အာရှလမ်းမကြီးကို ပိတ်ခဲ့ရသလို အောက်တိုဘာလ ၂၁ ရက်တွင်လည်း ကော့ကရိတ်မြို့ တောင်ကြာအင်းနှင့် မြောက် ကြာအင်း တိုက်ပွဲကြောင့် လမ်းပိတ်ခဲ့ရသည်။ ထို့ပြင် အောက်တိုဘာလ ၂၅ ရက်၊ ယမန်နေ့ကလည်း တိုက်ပွဲကြောင့် လမ်းပိုင်း ယာယီ ပိတ်ခဲ့ရသည်။
တိုက်ပွဲများကြောင့် လမ်းများ ယာယီမကြာခဏ ပိတ်ခြင်းနှင့် ပတ်သက်ပြီး မြဝတီမြို့ ပို့ကုန်လုပ်ငန်းရှင်တဦးက “တိုက်ပွဲကြောင့်တော့ အခု တော်တော်များက ရပ်သင့်တာ ရပ်တယ်။ မဖြစ်မနေ သွားတဲ့သူတွေကတော့ သွားတာပေါ့။ ကုန်သွယ်မှုမှာ ကြန့်ကြာသွားရင်တော့ ကုန်ပစ္စည်းတွေက ဈေးတက်လာတာပေါ့။ ဒါတွေတော့ ရှိတယ်။ ကျနော်တို့တောင် ခါတိုင်းထက်စာရင် ကုန်ပစ္စည်းတင်ပို့တာ လျှော့တယ်။ အခြေအနေ ကြည့်ပြီး သွားရတာပေါ့” ဟု ဧရာဝတီ သို့ ပြောသည်။
ကုန်သွယ်ရေးတွင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမှာ ကြန့်ကြာခြင်း၊ တချို့ကုန်သည်များက ထိုင်းနိုင်ငံမှ တင်သွင်းနေရသည့် စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းတချို့ အမြတ်တင် ရောင်းချခြင်းများ ရှိခဲ့ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
မဲဆောက်မြို့တွင်းရှိ မြန်မာ ကုန်စည် တင်သွင်းရောင်းချသည့် ကုန်စုံဆိုင်ပိုင်ရှင် တဦးက “လမ်းမှာ ကားတွေ ပိတ်တော့ ဒီက မြန်မာပြည်က ပစ္စည်းတွေ ပြန်မှာပြီး ရောင်းရတာဆိုတော့ ရက်ကြာတော့ ကုန်ပစ္စည်း ဈေးတွေလည်း တက်တယ်။ မြန်မာတွေ အစားများတဲ့ ငပိကြော်တို့ ဘာတို့ဆို ၅ ဘတ်ကနေ ၁၀ ဘတ်ပဲ။ အခုလည်း ပစ္စည်းတွေ မှာထား လမ်းမှာက တိုက်ပွဲက တော်ကြာဖြစ်လို့ ပိတ်လိုက် တော်ကြာ ပြန်ဖွင့်လိုက်နဲ့ ဆိုတော့ စိုးရိမ်နေရတယ်။ ဘာဖြစ်မလဲ ဆိုတာပဲ။ မတည်ငြိမ်တော့ အခက်အခဲတွေကတော့ အများကြီးပဲ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး မြဝတီကုန်သွယ်ရေးဇုန်အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်ထံသို့ ဧရာဝတီမှ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိပေ။
ရန်ကုန်-မြဝတီ ခရီးသည်တင်ကား မောင်းသူ ယာဉ်မောင်းတဦးကလည်း “အခုကတော့ တိုက်ပွဲ ဖြစ်ရင် လမ်းမှာ ရပ်လိုက် ပြန်သွားလိုက်ပေါ့ဗျာ။ တိုက်ပွဲဖြစ်ရင်တော့ ကားတွေ အကုန် ရပ်လိုက်ရတော့ ကားတွေ ရာနဲ့ ချီပြီး ပိတ်မိ ကုန်တာပေါ့။ ဒီနေ့ကတော့ သွားနေတယ်ဗျ။ မနေ့ကတော့ မနက်ပိုင်း တကြောလုံး ပိတ်တယ်။ ကြောက်လည်း သွားရတာပဲ။ စားဝတ်နေရေးက ရှိသေးတယ်လေ။ အရင်က ၇ နာရီလောက် သွားရရင် အခုက ၁၁ နာရီလောက် ကြာကြာ သွားရတယ်။ ဆီဖိုးတို့ ကုန်ကျစရိတ်တို့တော့ ပိုကုန်တာပေါ့ဗျာ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် မြန်မာ့ လယ်ယာ ထွက်ကုန်များ ဖြစ်သော ပြောင်း၊ ရာဘာ၊ ငရုတ်၊ ပဲ၊ အာ လူး၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ပြီး ထိုင်းနိုင်ငံဘက်မှ လူသုံးကုန် ပစ္စည်းများ၊ အိမ်သုံး ဂတ်စ်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများ၊ အထည်ချုပ် (CMP) လုပ်ငန်းသုံး ပစ္စည်းများနှင့် စားသောက်ကုန်များ တင်သွင်းလျက် ရှိသည်။
စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၁၀ ရက်အထိ မြဝတီနယ်စပ် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁၂၃၈ ဒသမ ၅၂၈ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း ဖော်ပြထားသည်။
You may also like these stories:
တိုက်ပွဲကြောင့် မြဝတီ- ကော့ကရိတ်လမ်းမကြီးတွင် MoU လုပ်သားများ ပိတ်မိနေ
မြဝတီ သုံးထပ်ကွေ့နှင့် သုံးလ စစ်ဆင်ရေး