စီးပွားရေး

ရွှေကို သတ်မှတ်ဈေးဖြင့် ရောင်းရန် စစ်ကောင်စီ ညွှန်ကြား

စစ်ကောင်စီ ဖွဲဲ့ထားသည့် ရွှေနှင့်ငွေကြေး ဈေးကွက် စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်း ကော်မတီက ရွှေဆိုင်များ၊ ရွှေကုန်သည်များအား ယနေ့မှစ၍ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ်၂၅ သိန်း ၃ သောင်း နှုန်းဖြင့် ရောင်းချရန် အမိန့်ထုတ်လိုက်သည်။

ပြင်ပ ရွှေဈေးကွက်တွင် အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ်၂၆ သိန်း ၅ သောင်းကျော်နှင့် အရောင်း အဝယ်ဖြစ်နေသော်လည်း စစ်ကောင်စီက ထိုသို့ ဈေးသတ်မှတ်ပြီး ရောင်းချရန် ယမန်နေ့ ညနေပိုင်းက ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) မှ တာဝန်ရှိသူ တဦးက “ဈေးကွက်က အရောင်းအဝယ် အေးတယ်။ အထည်ပျက်တွေ ပြန်လာရောင်းတဲ့သူတွေပဲ ရှိတယ်။ ဈေးသတ်မှတ်တာတော့ ရွှေနဲ့ ငွေကြေး စောင့်ကြည့်ရေး ကြီးကြပ်မှုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ အသင်းကနေ ပြန်လည်ပြီး မေတ္တာရပ်ခံပန်ကြား ပေးတယ်။ ကျန်တာကတော့ သူတို့အဖွဲ့က ဆက်လက် ထိန်းကျောင်းသွားမှာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ကြောင့် အကယ်ဒမီ အခေါက်ရွှေ ရောင်းဝယ်သော လုပ်ငန်းရှင်များ၊ ရွှေဆိုင်များအနေဖြင့် နေ့စဉ် စစ်ကောင်စီ၏ လက်အောက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ရောင်းချသည့် စာရင်းနှင့် ဈေးနှုန်းကို တင်ပြရာတွင် သတ်မှတ်ဈေးနှင့်သာ တင်ပြ ရောင်းချမည်ဖြစ်ပြီး မလုပ်ဆောင်သည့်သူများကိုလည်း ရွှေနှင့် ငွေကြေး ဈေးကွက် စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီက အရေယူခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရ သည်။

ယင်းကော်မတီကို ယခုနှစ် ဇန်နဝါရီလက ဖွဲ့စည်းခြင်းဖြစ်ပြီး၊လုပ်ပိုင်ခွင့်မှာ ပြည်တွင်း ရွှေဈေးကွက်အတွင်း ဈေးကစား ရန် ရည်ရွယ်ချက်နှင့် ဝယ်ယူစုဆောင်းသူများ၊ နိုင်ငံခြား ငွေကြေးများကို တရားမဝင် ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့ ရာခိုင် နှုန်း တောင်းယူ၍ အရောင်းအဝယ် ပြုလုပ်ခြင်းတို့ကို ဖော်ထုတ် အရေးယူသွားမည်ဟု ထိုစဉ်က ကြေညာထားသည်။

ယခုလို စစ်ကောင်စီက ရွှေဈေးကွက်ကို ထိန်းချုပ် သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ ရွှေကုန်သည်တဦးက “စစ်ကောင်စီကတော့ ကြေညာတာပဲ။ ဒါပေမယ့် ဈေးကွက်မှာတော့ ဘောင်ချာ ပြန်တင်တဲ့အခါ အလျှော့တွက်၊ လက် ခဆိုပြီး ခေါင်းစဉ်တခုနဲ့ ပေါင်းထည့်တာပေါ့။ သူတို့ ဖွင့်တဲ့ဈေးကိုပဲ ထပ်ပေါင်းထည့်လိုက်တာပေါ့။ အခု ရွှေဆိုင်တွေ က ဈေးဖွင့်လို့ကို မရတာ ဈေးနှုန်းတွေ မတင်တော့ဘူး။ လာဝယ်မှပဲ ဘယ်ဈေးနဲ့ဆို ရောင်းတယ်။ သူတို့ ထိန်းနိုင် လား ဆိုရင် မထိန်းနိုင်ပါဘူး။ စာရင်းဇယားမှာတော့ ဒါက ဒီလိုဆို ပြတာပေါ့” ဟု ဧရာဝတီ သို့ ပြောသည်။

လက်ရှိ ပြင်ပ ရွှေဈေးကွက်တွင် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ်၂၆ သိန်း ၅ သောင်းနှင့် အရောင်း အဝယ်ရှိနေပြီး ၁၅ ပဲရည် ရွှေဈေးမှာ ကျပ်၂၄ သိန်းကျော်နှင့် ဈေးဖွင့်ထားကာ အရောင်းအဝယ် ပါးကြောင်း ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း ရွှေဈေးကွက်ကို YGEA အသင်းရုံးဖြင့်သာ ဈေးကွက်ရန် ဖွင့်ရန်သတ်မှတ်ခဲ့သော် လည်း နောက်ပိုင်းတွင် မထိန်းနိုင်သဖြင့် အသင်းရုံးဈေးမှာ ကြမ်းခင်းဈေးအဖြစ် ပြန်လည်သတ်မှတ်ခဲ့ရသည်။

ထို့ပြင် ရန်ကုန်မြို့တွင်းရှိ ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ရွှေဒင်္ဂါးပြားများ ရောင်းချခြင်း၊ သန့်စင်ပြီး အခေါက်ရွှေများ ရောင်းချခြင်း စသဖြင့် ရွှေဈေးကွက် တည်ငြိမ်ရေးဟု ဆိုကာ စစ်ကောင်စီက ဈေးကွက်ကို အမျိုးမျိုး ထိန်းချုပ်ခဲ့ သော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။

ယခု ဈေးသတ်မှတ်ခြင်းမှာလည်း ထပ်မံ လုပ်ဆောင်လာခြင်း ဖြစ်သော်လည်း ထိန်းချုပ်ရန် ခက်ခဲနိုင်ကြောင်း ရွှေကုန် သည်များက သုံးသပ်ထားသည်။

YGEA အသင်းအနေဖြင့် ယနေ့ (အောက်တိုဘာလ ၃၁) ရက် နေ့လယ်ပိုင်းတွင် ကမာ္ဘ့ရွှေ ၁ အောင်စလျှင် အမေရိ ကန် ဒေါ်လာ ၁၆၄၂ ဒေါ်လာ၊ မြန်မာ့ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ကျပ် ၁၉ သိန်း ၃ သောင်းကျော်နှင့် ဈေးကွက်ဖွင့်ထားပြီး ပြင်ပဈေးနှင့် နှိုင်းယှဉ်လျှင် ကျပ် ၇ သိန်းနီးပါး ကွာဟမှု ရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်စနစ် ယိုယွင်းကာ ငွေကြေး ဖောင်းပွလာသလို၊ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း စံချိန်တင်ဈေး မြင့်တက်နေခြင်းကြောင့် ရွှေဈေးကွက်ကို ထိန်းချုပ်ရန်အတွက် ယခုနှစ်အတွင်းနည်းမျိုးစုံ စစ်ကောင်စီ လုပ်ဆောင်လာနေသည့်တိုင်အောင် ပြည်တွင်း ရွှေဈေးမှာ အမြင့်ဈေး၌သာ ဆက်လက် ရှိနေကြောင်း ရွှေလုပ်ငန်းရှင် များထံက သိရသည်။

You may also like these stories:

ရန်ကုန်ရှိ လုပ်ငန်းရှင်များ၏ ဘဏ်အချက်လက်များ စစ်ကောင်စီ စာရင်းကောက်

ဘင်္ဂလားဒေ့ရှ် ဆန်တင်ပို့ခွင့် နိုင်ငံတော် အရန်ဆန် ရောင်းပေးသူများကိုသာ ပါမစ်ပေး

FATF အမည်ပျက်စာရင်းကြောင့် စင်ကာပူမှ စက်သုံးဆီတင်သွင်းမှု ခက်ခဲသွားမလား

Loading