ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များက စက်သုံးဆီ သယ်ယူခွင့်ပိတ်ထားသလို ဆိုင်များတွင်လည်း အရောင်းပိတ်ထား၍ ဈေးနှုန်းမြင့်လာသည့်အပြင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရ သည်။
စစ်ကောင်စီက အောက်တိုဘာလ ၁၅ ရက်မှစ၍ နန့်ယား (Nam Ya) ဂိတ်တွင် ဆီသယ်ဆောင်ခွင့် တားမြစ်ခြင်း၊ တချို့ ဂိတ်များတွင် ထောက်ခံစာနှင့် သယ်ယူခွင့်များကို စစ်ဆေးခြင်းတို့ကြောင့် ဓာတ်ဆီ ၉၅ နှင့် ဒီဇယ်များ ဝယ်ယူ၍ မရတော့သည့်အပြင် ဓာတ်ဆီ ၉၂ အမျိုးအစားမှာလည်း တဂါလံလျှင် ငွေကျပ် ၂ သောင်းခွဲကျော်အထိ မြင့်တက် လာကြောင်း ဒေသခံများက ပြောသည်။
မန္တလေးမြို့မှ ကချင်ပြည်နယ်သို့ စက်သုံးဆီဖြန့်ဖြူးရောင်းချနေသူ ဆီဆိုင်ပိုင်ရှင်တဦးက “ကြားထဲမှာ စစ်ဖြစ်နေ တယ်လို့ ပြောတယ်။ ကျမတို့ကားတွေ အတက်ကားတွေလည်း တက်လို့ မရသလို အဆင်းကားတွေလည်း ဆင်းလို့ မရဘူး အဲဒါကြောင့် ပြတ်တာ။ စက်သုံးဆီ ရှားလို့ မဟုတ်ဘူး။ မိုးကောင်းလောက်မှာ လမ်းခွဲတာ အဲဒီနားမှာပဲ စက်သုံး ဆီကားတွေက စစ်ဖြစ်နေလို့ ဆိုပြီး ပိတ်ထားတာ။ ဒါကြောင့် အဲဒီနားမှာပဲ ကားတွေက ပြုံပြီး စောင့်နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖားကန့်မြို့တွင် အောက်တိုဘာလဆန်းက စက်သုံးဆီဈေးမှာ ၉၂ တဂါလံလျှင် ၁၂၀၀၀ ကျပ် ဝန်းကျင်ရှိရာမှ ယခုကဲ့သို့ မြင့်တက်လာခြင်းဖြစ်သည်။
လက်ရှိတွင် ဖားကန့်မြို့တွင်း၌ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းအပြင် ပရဟိတ လုပ်ငန်းများနှင့် စက်သုံးဆီကို မှီခိုအားထားနေသည့် ဒေသတွင်း လုပ်ငန်းများမှာ ရပ်တန့်ထားရကာ အခက်အခဲများ ဖြစ်ပေါ်နေသည်။
ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများမှ ကချင်ပြည်နယ်သို့ စက်သုံးဆီ ယူဆောင်ရာတွင် ယခင်ကဲ့သို့ လွတ်လွတ် လပ်လပ်သယ်ဆောင်ခြင်းကို စစ်ကောင်စီက ခွင့်မပြုတော့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ထောက်ခံချက်မှစ၍ အဆင့်ဆင့် သယ်ယူပို့ဆောင်ခွင့် ခွင့်ပြုချက်များအပြင် လမ်းကြေးမှာလည်း ယခင်ထက် ပို၍ ပေးဆောင်ရသလို အဖွဲ့ ပေါင်းစုံကိုလည်း ပေးရသဖြင့် ဖားကန့်သို့ ဆီတင်သွင်းသူ တဦးက ပြောသည်။
ထိုအခြေအနေများကြောင့် ဖားကန့်မြို့သို့ ရောက်ရှိသွားသော စက်သုံးဆီဈေးနှုန်းများမှ ရန်ကုန်၊ မန္တလေးနှင့် အခြား မြို့ကြီးများထက် ဈေးနှုန်းများ ပို၍ မြင့်တက်လာပြီး လက်ရှိ ဓာတ်ဆီ ၉၂ တဂါလံလျှင် ကျပ် ၂ သောင်းခွဲကျော် အထိ မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည့် ယနေ့ ဈေးနှုန်းများမှာ ရန်ကုန်မြို့ စက်သုံးဆီဈေး အနေဖြင့် ၉၂ တဂါလံလျှင် ၈၇၀၀ ကျော်၊ ၉၅ တဂါလံ ၉၁၀၀ ကျော်၊ ဒီဇယ် ၁ ဂါလံ ၁၂၀၀၀ ဝန်းကျင်ရှိပြီး၊ မန္တလေးဈေးကွက်တွင် ၉၂ တဂါလံလျှင် ၈၉၀၀ ကျော်၊ ၉၅ တဂါလံ ၉၃၀၀ ကျော်၊ ဒီဇယ် ၁ ဂါလံ ၁၂၆၀၀ ဈေးရှိသည်။
ဖားကန့်မြို့ ဒေသခံတဦးက “စက်သုံးဆီက ရက်တော်တော်ကြာပြီ ပြတ်လပ်နေတာ။ ကျနော်တို့က ဆိုင်ကယ်တွေနဲ့ပဲ အလုပ် လုပ်ကြတာများတော့ ဈေးရောင်း၊ ဈေးဝယ်သမားတွေ၊ ကျောက်မျက် အရောင်းအဝယ်လုပ်တဲ့သူတွေ ဒုက္ခ ရောက်ကုန်တယ်။ ကျောက်မျက်တူးဖော်တဲ့ လုပ်ငန်းတွေလည်း ရပ်ထားတယ်။ ပရဟိတလုပ်ငန်းတွေဆို ခက်ခဲတာ ပေါ့။ အခု အခြေခံကျတဲ့ စက်သုံးဆီက ပြတ်တော့ ကုန်ဈေးနှုန်းတွေ အကုန်လိုက်တက်သွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
မြို့တွင်းရှိ စက်သုံးဆီဆိုင် အရောင်းဆိုင်ကြီးတချို့ ပိတ်ထားသည်များရှိသလို လမ်းဘေးဆီရောင်းသည့် ဆိုင်များက လည်း တဦးလျှင် တဂါလံ အစရှိသဖြင့် အကန့်အသတ်နှင့်သာ ရောင်းချကြောင်း ၎င်းက ဆိုသည်။
စက်သုံးဆီ ဖြန့်ဖြူးသူတဦးက “ကျနော် အခု ဖားကန့်ဘက်ကို သွားနေတာပဲ။ ဆီပြတ်တာကတော့ ပိတ်ဆို့တာတွေ ရှိတော့ ပြတ်တာပေါ့။ ရောက်မယ့်ရက်ကို မရောက်နိုင်ဘူး ဖြစ်တာပေါ့။ အခုကတော့ သွားနေတုန်း လမ်းမှာပဲ။ ဘယ်နေရာရောက်မှ ရပ်ရမလဲ ဆက်သွားလို့ပဲ ရမလား သေချာတော့ မသိသေးဘူး” ဟု ပြောသည်။
ဖားကန့်မြို့တွင် မှတ်ပုံတင်ထားသည့် ဆီဆိုင်ပေါင်း ၁၈ ဆိုင်ရှိကာယင်းဆိုင်ကြီးတချို့မှာ အောက်တိုဘာ ၂၅ ရက်မှစ၍ ဆီပြတ်သည်ဟုဆိုကာ ပိတ်ထားကြကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ဝေးလံခေါင်ဖျားသည့် ချင်းပြည်နယ်တွင်လည်း စက်သုံးဆီ ဓာတ်ဆီ တဂါလံလျှင် ကျပ် ၁ သောင်းကျော်အထိ လက်ရှိတွင် ဈေးနှုန်းကြီးမြင့်စွာ ပေး၍ ဝယ်ယူနေရသလို တိုက်ပွဲဖြစ်ပွားသည့် အခါများတွင် စက်သုံးဆီ၊ ဆေးဝါး၊ စားနပ်ရိက္ခာ အကန့်အသတ်နှင့်သာ ပေး၍ ဝယ်ယူရခြင်းနှင့် ပြတ်လပ်ခြင်းများကိုလည်း မကြာခဏ ကြုံတွေ့နေရ ကြောင်း ဒေသခံများထံက သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် စက်သုံးဆီ၊ ဆေးဝါး၊ စားနပ်ရိက္ခာ အစရှိသည်တို့ကို ပိတ်ပင်တားဆီးခြင်း အကန့်အသတ်နှင့် ရောင်းချခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရုံးပိတ်ရက်များတွင် ပြည်တွင်းခရီးသွားများ များပြားခဲ့သောကြောင့် စက်သုံးဆီသုံးစွဲမှု မြင့်တက်ခဲ့ပြီး ဈေးနှုန်းလည်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ ယနေ့ (နိုဝင်ဘာ ၁ ရက်) ၌ ရန်ကုန်- သီလဝါ ဆိပ်ကမ်းတွင် စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ဂါလံပေါင်း ၁၅ ဒသမ ၇၈ သန်းကို ဆိပ်ကမ်းချရန်ရှိကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ကြေညာထားသည်။
You may also like these stories:
ရွှေကို သတ်မှတ်ဈေးဖြင့် ရောင်းရန် စစ်ကောင်စီ ညွှန်ကြား
တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်လာ