မြန်မာနိုင်ငံရှိ မြို့များတွင် လျှပ်စစ်ကားနှင့်ရထား ပြေးဆွဲရန်အတွက် မူဝါဒများကို စစ်ကောင်စီရေးဆွဲနေသော်လည်း လက်ရှိ အိမ်သုံးလျှပ်စစ်အပြင် စက်မှုဇုန်များတွင်လည်း မီးမှန်အောင် မပေးနိုင်သဖြင့် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်းက စစ်ကောင်စီ၏ အစိုးရအဖွဲ့ အစည်းဝေးတခုတွင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က “အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်မှာ လျှပ်စစ်ကို ရအောင် ပြောင်းနိုင်ရင် ဒီထက်ပို အကျိုးရှိမယ်။ တနိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ လျှပ်စစ်ရထားနဲ့ ပြေးရပါလိမ့်မယ်။ တနိုင်ငံလုံး မြို့ပတ်ရထားလမ်းဆို မြို့ပတ်လမ်းအတိုင်း သွားမယ်။ မြို့ပေါ်တွေမှာ သုံးတဲ့ ကားတွေက လျှပ်စစ်ကားတွေ ဖြစ်ရမယ်။ ဒီမူဝါဒကို တွက်နေ ပါ တယ်။ အချိန်လေးတခု တွက်ချက်ပြီးရင် ကျနော်တို့ ကြေညာပါ့မယ်” ဟု ပြောဆိုခဲ့သည်။
ထိုသို့ ပြောဆိုထားသော်လည်း လက်ရှိ နွေရာသီ မရောက်ခင်မှာပင် နေ့ရော၊ ညပါ လျှပ်စစ်မီးမှာ အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူများ အခက်အခဲများ ဖြစ်ရသလို စက်မှုဇုန်များရှိ လုပ်ငန်းရှင် များမှာလည်း လုပ်ငန်း လည်ပတ်နိုင်ရုံသာ လုပ်ကိုင်နေရပြီး လုပ်ငန်းထက်ဝက်ခန့်လျှော့ချထားရကြောင်း သိရသည်။
ရန်ကုန် စက်မှုဇုန်တခုရှိ ရေသန့်လုပ်ငန်းရှင်တဦးက “လောလောဆယ်ကတော့ မီးကလည်း အရမ်း ပျက်တယ်။ အဲဒီအတွက် ဝန်ထမ်းရေးရာမှာရော ကုန်ထုတ်လုပ်တဲ့ နေရာမှာရော တော်တော်လေးကို ထိခိုက်တယ်။ ဒီဇယ်ဈေး ကျတော့လည်း ၁ လီတာ ကျပ် ၂၇၀၀ ကျော်ကနေ တခါမှ အောက်ပြန်မဆင်းတော့ မီးစက်က တောက်လျှောက် နိုး နေရတဲ့အတွက် အခက်အခဲတွေ ကုန်ကျစရိတ်တွေက ကြုံနေရတယ်။ အခု လျှပ်စစ်မီးက ၁ နာရီ ပေးတယ်။ ၄ နာရီ ပျက်ချင် ပျက်တယ်။ အချိန်လည်း သတ်မှတ်ချက် မရှိဘူး။ ပျက်ချင်သလို ပျက်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းနှင့် မီးပျက်ချိန် သတ်မှတ်ထားခြင်းမရှိသဖြင့်လည်း စက်မှုဇုန်ရှိ စီးပွားရေး လုပ်ငန်းများတွင် ဆုံးရှုံးမှုများ ရှိသလို အပို ကုန်ကျစရိတ်ဖြစ်သော စက်သုံးဆီဖိုးမှာ နေ့စဉ်နှင့်အမျှ ဈေး တက်နေသဖြင့် ဝန်ထမ်းတချို့ကို လျှော့ချပြီး လုပ်ငန်းလည်ပတ်နိုင်ရုံသာ လုပ်ဆောင်နေကြောင်း ၎င်းက ရှင်းပြသည်။
“အခု အခြေအနေအရ လုပ်ငန်းက များများလုပ်လေ များများရှုံးလေ ဖြစ်နေတော့ ကျနော်တို့က လုပ်ငန်းထိန်းရုံပဲ လုပ်တော့တာပေါ့။ မီးစက်နိုးပြီး လုပ်ရရင်လည်း စရိတ်တွေက ကုန်ကျတယ်။ ဒါက ကိုယ်တယောက်ထဲ မဟုတ်ဘူး။ ကိုယ်နဲ့ ဆက်စပ်တဲ့ ကုန်ကြမ်းတွေ ဝယ်ရတဲ့ လုပ်ငန်းတွေကလည်း မီးစက်နဲ့ လည်ပတ်ရတော့ ကုန်ကျစရိတ်တွေ တိုးတယ်။ ကုန်ဈေးနှုန်းတွေ တက်တယ်။ အဲဒီတော့ လုပ်ငန်းတွေ အားလုံးက ဆက်စပ်ပြီး ထိခိုက်ကုန်တာပေါ့။ ဒါကြောင့် လုပ်ငန်းကို ထပ်ထပ်ပြီးတော့ လျှော့ချထားတယ်။ ဝန်ထမ်းတွေလည်း လျှော့ပြီး အနည်းဆုံးအနေအထားနဲ့ လုပ်နေရတယ်” ဟု အထက်ပါ စက်မှုဇုန်လုပ် ငန်းရှင်က ပြောသည်။
အာဏာသိမ်းပြီး နောက်ပိုင်းတွင် အဘက်ဘက်မှ ယိုယွင်းလာသော စီးပွားရေးလုပ်ငန်းများမှာ ကြာလာသည်နှင့်အမျှ တောင့်ခံနိုင်မှု နည်းပါးလာပြီး တချို့လုပ်ငန်းများမှာ လည်ပတ်နိုင်ရုံသာ လုပ်ဆောင်လာသည် အခြေအနေနှင့် ရင်ဆိုင် နေရကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
တောင်ဒဂုံမြို့နယ်ရှိ အိမ်ရှင်မ တဦးက “အခုက မီးလာတဲ့အချိန်ထက် ပျက်တဲ့အချိန်က ပိုကြာတယ်။ အရင် ရက်ကဆို ညနေ ၆ နာရီလောက်က ပျက်တာ ည ၁၀ နာရီ ၅ မိနစ်မှ မီးပြန်လာတယ်။ အခုတောင် အဲဒီလိုဆိုတော့ နွေရောက်ရင် ပိုဆိုးမယ်။ မီးပျက်တော့ ရေလည်း ရေခက်ခဲတယ်။ မီးခဏခဏ ပျက်တော့ ထမင်းဟင်းချက်ဖို့လည်း အဆင်မပြေ။ ပျက်သွားရင်လည်း အကြာကြီး၊ ဘယ်အချိန်မှ ပြန်လာမလဲ မသိတော့ မီးနဲ့က ဘာအလုပ်မှ လုပ်လို့ မရဘူး” ဟု လက်ရှိ အခြေအနေကို ပြောပြသည်။
လျှပ်စစ်မီးမှာ တရက်လျှင် ၃ ကြိမ်မှ ၄ ကြိမ်အထိ ပျက်တတ်ပြီး အနည်းဆုံး ၂ နာရီမှ ၄ နာရီအထိ ကြာမြင့်သော ကြောင့် လျှပ်စစ်မီး မရသည့် နောက်ဆက်တွဲ ပြဿနာများအနေဖြင့် ရေပြတ်ခြင်းနှင့်အတူ လူမှုဘဝတွင် အခက် အခဲများ ကြုံရကြောင်း ၎င်းက ပြောသည်။
သို့သော် အာဏာသိမ်း စစ်ကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ နိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် များမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် လိုက်လံ တွေ့ဆုံပြီး စီးပွားရေး တိုးတက်အောင် လုပ်ဆောင်မည်ဟု မကြာခဏ ပြောဆိုနေသလို လျှပ်စစ်ကားနှင့် လျှပ်စစ်ရထားများကိုလည်း တနိုင်ငံလုံး ပြေးဆွဲနိုင်ရန် မူဝါဒ လုပ်ဆောင်နေကြောင်း ဆိုသော်လည်း လက်ရှိတွင် အိမ်သုံးလျှပ်စစ်မီးကိုပင် ပြည့်မီအောင် ပေးနိုင်သည့် အခြေအနေ မရှိပေ။
စစ်ခေါင်းဆောင်၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် တဦးက “အခု အခြေအနေအရ ကြည့်ပြီး နေရတာပဲ။ လုပ်ငန်းတွေကလည်း လည်ပတ်ရုံပဲ လုပ်နိုင်တာ။ လျှပ်စစ်ကား၊ လျှပ်စစ်ရထားသာ ပြောနေတာ လျှပ်စစ်မီး မရလို့ ကျနော်တို့ လုပ်ငန်းတွေ အခက်တွေ့နေတာ အားလုံး အသိပဲ” ဟု မှတ်ချက်ပြုသည်။
နိုင်ငံတခု၏ လျှပ်စစ်ဓာတ်အားပေး စနစ်ကြီးတခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်းနှင့် ဖြန့်ဖြူးခြင်း အစရှိသည့် ယန္တရားတခုလုံး ဟန်ချက်ညီရန် အဓိက လိုအပ် ကြောင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ် ဝန်ထမ်းအများစု CDM ပြုလုပ်ကြသဖြင့် လူ့စွမ်းအား အရင်းအမြစ် နည်းပါးလာသလို စီမံခန့်ခွဲမှု၊ လည်ပတ်မှု၊ ဝန်ဆောင်မှု အရည်အသွေးများကျပြီး မီးများ အပျက်များလာခြင်း ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ပညာရှင်တဦးက ဧရာဝတီသို့ သုံးသပ် ပြောဆိုသည်။
You may also like these stories:
စစ်တပ်ဘဏ်နှင့် ဆက်ဆံသော ပြည်ပဘဏ်ကြီးများ စုံစမ်းခံနေရ
အရပ်ဘက်လေယာဉ်သုံး လောင်စာဆီများ မြန်မာလေတပ်က အသုံးပြုနေဟု AI ဆို
ရွှေကို သတ်မှတ်ဈေးဖြင့် ရောင်းရန် စစ်ကောင်စီ ညွှန်ကြား
စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်