ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျော့နည်းစေရန်ဆိုကာ လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နေကြာကို မဖြစ်မနေ စိုက်ရန် စစ်ကောင်စီက ဖိအားပေး လုပ်ဆောင်နေကြောင်း လယ်သမားများက ဆိုသည်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင် စီမံချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှတဆင့် လယ်သမားများကို ဖိအားပေးနေကြောင်း၊ ဧရာဝတီတိုင်း နေရာတချို့တွင် မစိုက်ပျိုးပါက လယ်သိမ်းမည် ဆိုသော ခြိမ်းခြောက်မှုများ ရှိနေကြောင်း၊ နေကြာမျိုးစေ့များကို မြို့နယ် စိုက်ပျိုးရေးရုံးများတွင် တပိဿာလျှင် ၈၀၀၀ ကျပ် နှင့် ဝယ်ယူ စိုက်ပျိုးရမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းရှိ လယ်သမားကြီး တဦးက “နေကြာစိုက်ဖို့အတွက် ဖိအားပေးတာ ဟုတ်ပါတယ်။ ကျနော်တို့ဘက်တော့ ဆောင်းသီးနှံဖြစ်တဲ့ ပဲသီးနှံကြားထဲမှာ နေကြာကို သီးညှပ်အဖြစ် အုပ်စု တစုကို ဧက ၂၀၀၊ ၃၀၀ မဖြစ်မနေ စိုက်ဖို့ ဖိအား ပေးတာ။ တချို့နေရာတွေတော့ နေကြာသီးသန့် စံပြကွက်အနေနဲ့ စိုက်ခိုင်းတာတွေလည်း ရှိတယ်။ သီးနှံညှပ် စိုက်မယ်ဆို ရင်တော့ အပိုဝင်ငွေရမယ်။ ဒါပေမယ့် မတ်ပဲ စိုက်တဲ့လယ်ကို နေကြာချည်းပဲ စိုက်မယ်ဆိုရင်တော့ တောင်သူအတွက် ဝင်ငွေနည်းသွားမှာ”ဟု ဧရာဝတီသို့ ပြောသည်။
အဘယ်ကြောင့်ဆိုသော် တောင်သူများမှာ မတ်ပဲ တတင်း ကျပ် ၅သောင်းခန့်ဈေးရနေချိန်တွင် နေကြာ တတင်းမှာ ၂၅၀၀၀ ကျပ်ထက် ပိုမရသောကြောင့် တွက်ခြေမကိုက်ကြောင်း သိရသည်။
“မြို့နယ်တခုမှာ ဥပမာ စံပြလုပ်ကွက်ပြဖို့ နေကြာဧက ဘယ်လောက်စိုက်ရမယ်ပေါ့ ဒါမျိုးတော့ရှိတယ်။ တကယ်လို့ မစိုက် ရင် လယ်သိမ်းမယ်လို့ ပြောတာတော့ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှုးတွေ ဘာတွေက မလုပ်မှာဆိုးလို့ ပြောတာလည်း ဖြစ် မယ်။ ကျနော်တို့ဘက်မှာတော့ ပဲနဲ့ ရောစိုက်ရမှာပေါ့ မဖြစ်မနေဆိုတော့လဲ မစိုက်ချင်လဲ စိုက်ရမှာ။ ဧရာဝတီတိုင်း အပြင် ပဲခူးတိုင်းလည်းပါတယ်”ဟု ၎င်းကဆက်ပြောသည်။
ဆောင်းသီးနှံများအဖြစ် နွေစပါး၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို စိုက်ပျိုးလေ့ရှိပြီး နေကြာ စိုက်ပျိုးမည်ဆိုပါက စိုက်စရိတ် ပိုမိုသက်သာသော်လည်း ပြန်ရသည့်ဝင်ငွေမှာလည်း လျော့နည်းသောကြောင့် တောင်သူများက မစိုက်ပျိုးလိုခြင်း ဖြစ် ကြောင်း သိရသည်။
တောင်သူလယ်သမား အကျိုးဆောင်ကွန်ယက်တာဝန်ခံ ဦးဇော်ရမ်းက “ ဧရာဝတီတိုင်းမှာက ဟိုးတုန်းက နေကြာစိုက် တယ်။ ဒါပေမယ့် မဖြစ်ထွန်းဘူး။ နောက်တခု ဥပဒေအရတော့ မစိုက်ပျိုးရင် ဟိုလိုလုပ်မယ်ဒီလိုလုပ်မယ် သိမ်းမယ်ပြု မယ် က ကျနော်တို့ ဥပဒေနဲ့ ပြောရင် ၂၀၀၈ ဖွဲ့စည်းပုံအရကို ဒီနိုင်ငံတော်သည် တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွား ကို မြှင့်တင်ရမယ်။ ကာကွယ်ရမယ်။ လိုအပ်ချက်ကို ကူညီရမယ်လို့ပဲ ဆိုတယ်။ အခုလို ခြိမ်းခြောက်ပြီးတော့ လုပ်ဖို့ ဆိုတာ မပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
နေကြာသည် နူံးမြေ၊ နူံးမြေစေး၊ သဲနူံးမြေကို ကြိုက်ပြီး သဲမြေ၊ ရွှံစေး၊ ကျောက်စရစ်မြေများတွင် ဖြစ်ထွန်းမှု မရှိ၊ သဲနူံးမြေ မှာ မြေအစိုဓာတ် ၁၄ရာခိုင်နှုန်း အထက်တွင် ရှိသဖြင့် နေကြာအတွက် သင့်လျော်သည်ဟု သိရသည်။
သို့သော် ဧရာဝတီတိုင်းတွင်းရှိ လယ်မြေအမျိုးအစားမှာ ပတ်ကြားအက်ခြင်း၊ ရေနက်ကွင်း၊ သဲဆန်သည့်မြေနှင့် နုံးမြေ စသည့် မြေအမျိုးမျိုးရှိရာ နေကြာမှာ ရေနက်ကွင်းနှင့် ရေဝပ်နိုင်သောနေရာများ၌ စိုက်ပျိုး၍မရနိုင်သည့် အပြင် သီးညှပ် အဖြစ် နေကြာစိုက်ပျိုးမည် ဆိုပါက ရွက်စားပိုး၊ အစေ့စားပိုးနှင့် ခူးမွှေးစုတ် စသည့် သဘာဝပိုးမွှားအန္တရာယ်ကျရောက် တတ်သဖြင့် ပို၍ သတိထားရကြောင်း စိုက်ပျိုးရေးတောင်သူများက ဆိုသည်။
ထို့အပြင် နေကြာပန်းများပွင့်လာပါက ပုရစ်နှင့် ကြွက်ဖလောင်းများ ကြိုက်သောကြောင့် ယခင်နေကြာခင်းများ စိုက်ပျိုးခဲ့စဉ် က အစေ့ရင့်အောင်ပင် မထားနိုင်ဘဲ ခူးဆွတ်ရခြင်းများ ရှိသလို ပိုးမွှားအန္တရာယ်ကြောင့်ပျက်စီးမှုများ ရှိနိုင်သည်ဟု လယ်သမားများက ပြောသည်။
တောင်သူလယ်သမား တဦးကလည်း “ကျနော်တို့ ဧရာဝတီတိုင်းဘက်မှာ အရင်က နေကြာစိုက်ဖူးတယ်။ မဖြစ်ဘူး။ အဲ့ဒါ ကို အခုပြန်ပြီး အမိန့်အာဏာနဲ့ လုပ်တာ။ ဈေးကွက်စီးပွားရေးလေ။ လယ်သမားက မြတ်လို့ ကိုက်လို့ကတော့ ပြောစရာ မလိုဘူး စိုက်မှာ။ နေကြာက စိုက်ဖူးတယ် မကိုက်ဘူး”ဟု ပြောသည်။
ရန်ကုန်တိုင်းရှိ တွံ့တေး၊ ကွမ်းခြံကုန်းဒေသများတွင် ပြီးခဲ့သည့်အောက်တိုဘာလကုန်က တောင်သူများကို ဖြန့်ဝေရန်ဟု ဆိုကာ အုပ်ချုပ်ရေးမှုးများအား နေကြာမျိုးစေ့ ၂ တင်းခွဲအိတ်များ ထုတ်ပေးထားကြောင်း သိရသည်။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ လယ်သမားတဦးက “ ကျမတို့ဘက်မှာတော့ ဆောင်းစပါး မစိုက်ရင် နေကြာမဖြစ်မနေ စိုက်ရမယ်လို့ ပြောတာကြား တယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရ လက်ထက်မူ စားသုံးဆီဖူလုံရန်အတွက် နေကြာကို စီမံကိန်းသီးနှံအဖြစ် စိုက်ပျိုးရန် ဆောင်ရွက်ကြသော်လည်း နဝတ၊ နအဖ အစိုးရများလက်ထက်တွင် စားအုန်းဆီကို ပြည်ပမှ တင်သွင်းမှု လုပ်လာသဖြင့် နှမ်း၊ မြေပဲ စသည့် ဆီထွက်သီးနှံများကို ပြည်တွင်းစားသုံးရန်ထက် ပြည်ပသို့သာ အများဆုံး တင်ပို့ကြသလို ဆောင်းသီးနှံ အဖြစ် ဆီထွက်နေကြာထက် ပိုမိုတွက်ချေကိုက်သည့် ပဲမျိုးစုံကိုသာ စိုက်ပျိုးကြတော့သည်။
ယခုအခါ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စားဆီဖူလုံရေးအတွက် နေကြာစိုက်ရန် အစည်း အဝေးများတွင် မကြာခဏ ပြောဆိုမှုများ ရှိခဲ့ပြီးနောက် နေကြာစိုက်ပျိုးဖို့ ယခုလို လုပ်ဆောင်လာခြင်းဖြစ်သည်။
ဧရာဝတီတိုင်းတွင် ယခင်က နေကြာကို ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်ကွန်း၊ လပွတ္တာ ဒေသများ၌ လွန်ခဲ့သည့် ၁၀နှစ်၊ ၁၅ နှစ်ဝန်းကျင်က စိုက်ပျိုးခဲ့ဖူးသော်လည်း အောင်မြင်ဖြစ်ထွန်းမှု မရှိခဲ့ကြောင်း လယ်သမားများထံက သိရသည်။
You may also like these stories:
ဆုံးရှုံးမှုများ ခါးစည်း ရင်ဆိုင်နေကြရသော တောင်သူများ
ကိုဗစ်၊ စစ်အာဏာသိမ်းမှုနှင့်အတူ ဈေးကွက်ပျက်သွားသော မြန်မာ့သီးနှံများ
မြန်မာ့စီးပွားရေး ဆက် ဆိုးရွားနေဦးမည် ဟု ကမ္ဘာ့ဘဏ် ဆို