အထည်ချုပ် အပါအဝင် လက်ခစားစနစ်ဖြင့်လုပ်ကိုင်နေရသော CMP လုပ်ငန်းများတွင် ပြည်ပမှ အမှာစာများပြီးခဲ့သည့် စက်တင်ဘာက စ၍ လျော့ကျလာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
လက်ရှိ အထည်ချုပ်စက်ရုံအများစုမှာ ဆောင်းရာသီအပ်ထည်များ ချုပ်လုပ်ပြီးစီး၍ နွေဦးအပ်ထည် အမှာစာများအား စောင့် နေသော်လည်း မှာယူမှု နည်းပါးနေကြောင်း၊ ထိုသို့နည်းပါးခြင်းမှာ နှစ်စဉ်ဖြစ်လေ့ ဖြစ်ထရှိသော်လည်း ယခုနှစ်တွင်မူ ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းနေခြင်းဖြစ်ကြောင်း CMP လုပ်ငန်းရှင်များထံက သိရသည်။
လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံပိုင်ရှင်တဦးက “အခြေအနေက တော်တော်မကောင်းဘူး။ အော်ဒါက တော်တော် ပါးတယ်။ တချို့ ရုံတွေဆိုရင် ရက်ရှည်ပိတ်ရက်တွေ ပိတ်ရတဲ့အနေအထားရှိတယ်။ အရင်တုန်းက ဒီလိုလတွေက ပါးတတ် ပေမယ့် အိုတီ မရှိလောက်တဲ့အထိ မပါးဘူး။ မဆင်းရလောက်တဲ့ အထိတော့မရှိဘူး။ ဒီနှစ်ကတော့ အားလုံးစုံသွားတာပေါ့။ တကမာ္ဘလုံးမှာလည်း လက်ရှိအော်ဒါတွေ လျှော့ချနေတဲ့ အနေအထား ရှိတယ်။ မြန်မာကတော့ ပြည်တွင်းကိစ္စတွေက ရှိသေးတယ်ဆိုတော့ နှစ်ခုစုံသွားတော့ ဒီတခေါက်က ပိုဆိုးသွားတဲ့ အနေအထားရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ခစားစနစ်ဖြင့် ချုပ်သည့် အထည်ချုပ်၊ ဖိနပ်၊ အိတ် စသည့် CMP လုပ်ငန်းများမှာ ပြည်ပမှ အမှာစာများကျဆင်း လာသလို ကုန်ကြမ်းပစ္စည်း တင်သွင်းရာတွင်လည်း စစ်ကောင်စီ၏ မူဝါဒ အပြောင်းအလဲများကြောင့် အခက်အခဲများရှိ ကြောင်း၊ ထိုအပြင် တင်ပို့ရာတွင်လည်း ပြည်တွင်းလုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို သတ်မှတ်နှုန်းဖြင့် ဖြတ်ယူခြင်း၊ လုပ်ငန်းလည်ပတ်ရန် လျှပ်စစ်မီးရရှီမှု နည်းပါးခြင်း၊ အထွေထွေ ကုန်ကျစရိတ်များ တိုးလာခြင်းစသည့် တို့ ကြောင့် ရေရှည်ရပ်တည်ရန် ခက်ခဲကြောင်း အဆိုပါလုပ်ငန်းရှင်က ဆိုသည်။
လက်ရှိတွင် CMP လုပ်ငန်းအများစုမှာ ရက်ရှည်ပိတ်ရမည့် ရက်များတွင် တရက်ပိုပိတ်ပေးခြင်း၊ အချိန်ပိုဆင်းခြင်းကို လျှော့ ချခြင်း၊ လုပ်သားလျှော့ချခြင်း၊ အမြဲတမ်းခန့် ဝန်ထမ်းများထက် ယာယီဝန်ထမ်း(နေ့စား) များကိုသာ ခန့်အပ်ခြင်း၊ တချို့ စက်ရုံများကလည်း ယာယီပိတ်ခြင်းများ ပြုလုပ်လာကြောင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ် စက်ရုံတရုံမှ ဝန်ထမ်းတဦးက “အခုကတော့ အိုတီလည်း မရှိတာကြာပြီ။ အော်ဒါ အရ နည်းလို့တော့ သိရတာပဲ။ အိုတီမရှိတော့ ညနေဆို ၄ နာရီ ၂၀ ပြန်ရတယ်။ အရင်က အခုလို အမျိုးသားနေ့တွေ ဘာတွေ ဆိုရင် ပိတ်တာနည်းတယ်။ အခုတော့ ပိတ်တယ်။ အရင်လို အစားထိုး ပြန်ဆင်းရတာတွေ ဘာတွေလည်း မရှိတော့ဘူး။ အလုပ်ကပါးတော့ ပိုက်ဆံလည်း သိပ်မရဘူးပေါ့”ဟု ပြောသည်။
ထိုသို့ အမှာစာများလျှော့ကျလာခြင်းမှာ လက်ရှိနိုင်ငံရေး အခြေအနေ၊ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား အခွင့် အရေးချိုးဖောက်မှု များလာခြင်း၏ အကျိုးသက်ရောက်မှုများ အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲရိုက်ခတ်မှု များကြောင့် နိုင်ငံတကာတွင်လည်း စီးပွားရေးကျပ်တည်းနေ၍ ဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် တဦးက “အခု အလုပ်သမားတွေက ဘာပြဿာနာတက်နေလဲ ဆိုတော့ နေ့စားဆိုပြီးတော့ အခိုင်းခံရတာများတယ်။ ဥပဒေပါ ခံစားခွင့်တွေကို အလုပ်သမားတွေက မရတော့ဘူး။ အဓိက ပြဿာနာရဲ့ အရင်းအမြစ်ကတော့ အလုပ်ပေးနိုင် စွမ်းနဲ့ အလုပ်လုပ်နိုင်တဲ့ လူဦးရေ မမျှတော့ အလုပ်သမားတွေက ဘာအခွင့်အရေးမှ မရွေးချယ်နိုင်တော့ဘဲ အလုပ်ရပြီး ရောဆိုပြီး လုပ်နေရတဲ့အနေထားဖြစ်တယ်။ ရှေ့လျှောက်တော့ အခက်အခဲတွေက အလုံးအရင်းနဲ့ ဖြစ်လာတော့မှာ”ဟု ဧရာဝတီ သို့ပြောသည်။
အလုပ်သမားသမဂ္ဂမှ ရရှိထားသော အချက်အလက်များအရ ယခုလအတွင်း လုပ်သားဦးရေ လျှော့ချသည့် စက်ရုံပေါင်း ၅ ရုံ ထက်မနည်း ရှိပြီး စက်ရုံ၊ အလုပ်ရုံ အများစုသည် အမြဲတမ်း ဝန်ထမ်းများကို လျော့ချကာ အော်ဒါ(အမှာစာ) ရရှိမှု အပေါ်မူတည်၍ လုပ်သားများကို နေ့စားခေါ်ယူ လုပ်ကိုင်နေကြကြောင်း ပြောသည်။
ပြည်တွင်း လုပ်သားအများစုကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်သော CMP လုပ်ငန်းများ ခက်ခဲတွေ့နေချိန်တွင် စစ်ကောင်စီ၏ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ “မိမိတို့ နိုင်ငံ့တာဝန်တွေကို စတင်တာဝန် ယူခဲ့ရချိန်မှာ အခက်အခဲများစွာ ရှိခဲ့ပေမယ့် ၎င်းတို့ကို ကျော်လွှားပြီး ပြည်တွင်းစီးပွားရေးကို မြှင့်တင် ဆောင်ရွက်နိုင်ခဲ့တယ်”ဟု ပြီးခဲ့သည့် ထားဝယ်ခရီးစဉ်တွင် အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်ကောင်စီလက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနကလည်း အာဏာ သိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှ ဇူလိုင်လအထိ စက်ရုံသစ် ၁၁၄ ရုံ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး CMP လုပ်ငန်းရှင်တဦးက “ဖွင့်တာရှိပေမယ့် ပိတ်တာပိုများတယ်။ အရေအတွက်တော့ အခုအခြေ အနေနဲ့တော့ မပြောနိုင်ဘူး၊ အသစ်အနေနဲ့ ဖွင့်တာထက်စာရင် လက်ရှိ ရှိတဲ့သူကပဲ နောက်တနေရာ ပြောင်းတာ။ နောက် တရုံပြောင်းလုပ်တာ။ MIC ရဲ့ သတ်မှတ်ချက်အရ အခွန်အခ ကင်းလွတ်တာ ထပ်လိုချင်လို့ နောက်တနေရာ ပြောင်းပြီး ဖွင့်တာတို့ ဘာတို့ လုပ်တဲ့သူတွေလည်း ရှိတယ်။ အဟောင်းကို မသုံးတော့ဘဲ လုပ်တာပေါ့။ ဒါကြောင့် အသစ်တွေ ပေါ်လာ တဲ့ ပုံစံမျိုးဖြစ်တာ”ဟု ရှင်းပြသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ကလည်း မြန်မာနိုင်ငံသည် စစ်တပ်အာဏာ သိမ်းမှုနှင့် ကမာ္ဘ့ကပ် ရောဂါ ဖြစ်ပွားမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်း အလွန်အမင်းဆုံးရှုံးမှုနှင့် ကြုံနေရပြီး စစ်အာဏာ မသိမ်းခင် ၂၀၂၀ နှင့် နှိုင်းယှဉ်ပါက အလုပ်အကိုင် ၁ ဒသမ ၁ သန်းခန့်နည်းပါးသွားကြောင်း ယခုနှစ် ဩဂုတ်လအတွင်းက ထုတ်ပြန်ထားသည်။
You may also like these stories:
အော်ဒါမရသဖြင့် ရန်ကုန်က အထည်ချုပ်စက်ရုံတချို့ ရပ်နား
မြန်မာ့အထည်ချုပ်လုပ်ငန်းများ ရှေ့ရေး မသေချာ