စီးပွားရေး

မြန်မာကြက်သွန်နီ ဗီယက်နမ် အဝယ်လိုက်နေ

မြန်မာနိုင်ငံမှ ထွက်ရှိသော ကြက်သွန်နီများကို ဗီယက်နမ်နိုင်ငံက ဈေးကောင်းပေး ဝယ်ယူလျက်ရှိပြီး တပတ်လျှင် ပိဿာချိန် ၁၈၀၀၀ ပါ တွဲကား ၁၀ စီးခန့် တင်ပို့နေရကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ ဝယ်ယူရာတွင် မြင်းခြံဒေသထွက် ကြက်သွန်နီများကို အများဆုံး ဝယ်ယူမှု ရှိနေပြီး ဈေးနှုန်းအနေဖြင့် ၁ ပိဿာလျှင် ကျပ် ၃၈၀၀ မှ ၄၅၀၀ ခန့်ထိ ရရှိကြောင်း၊ ပြည်တွင်း ဈေးကွက်ပေါက်ဈေးမှာ တပိဿာလျှင် ကျပ် ၃၀၀၀ မှ ၄၀၀၀ ခန့် ရှိကြောင်း သိရသည်။

စားဖိုဆောင်သီးနှံအသင်းမှ တာဝန်ရှိသူတဦးက “ဗီယက်နမ်ကို ပို့နေရတယ်။ မြင်းခြံဘက်က ကြက်သွန်တွေကို ဗီယက်နမ် ဝယ်လက်တွေ အများဆုံး ဝယ်ကြတယ်။ သူတို့ဘက်က အဝယ်တော်နဲ့ ဝယ်ခိုင်းတာမျိုးပေါ့။ အားကြီးနဲ့ ပို့နေရတာမျိုးတော့ မဟုတ်ဘူး။ သူတို့ ဝယ်ရင် တပတ်ကို တွဲကား ၁၀ စီးလောက် အဝယ်ရှိတယ်။ လမ်းကြောင်းကတော့ မြဝတီလမ်းကြောင်း ကနေသွားပြီး ထိုင်းနယ်စပ်မှာ ကားချိန်းပြီး ဆက်သွားတာမျိုးပေါ့” ဟု ဧရာဝတီကို ပြောသည်။

မြန်မာ့ကြက်သွန်နီကို ပြည်ပတင်ပို့မှု အနေဖြင့် ဗီယက်နမ်နိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံများသို့လည်း တင်ပို့ရ ကြောင်း၊ ယခု နိုဝင်ဘာ ပထမပတ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပုံမှန်တင်ပို့မှု ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံသို့ မြန်မာကြက် သွန်နီ တင်ပို့မှု ယခင်ကတည်းက ရှိခဲ့သော်လည်း ၂၀၂၀၊ ၂၀၂၁ နှစ်များအတွင်းက ရပ်နားခဲ့ရာမှ ယခုနှစ်၌ ပြန်လည် ဝယ် ယူမှု ရှိလာခြင်း ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီ စိုက်ပျိုးထွက်ရှိမှုမှာ ပြည်တွင်းစားသုံးမှုထက် ပိုလျှံသည့် အနေအထား၌ရှိပြီး နှစ်စဉ် ကြက် သွန်နီစိုက်ဧကပေါင်း ၁ သိန်းခွဲခန့်ထိ (၁ ဧကလျှင် ပျမ်းမျှအထွက်နှုန်း ပိဿာချိန် ၃၀၀၀ ဝန်းကျင်ထွက်) စိုက်ပျိုးလျက် ရှိကြောင်း၊ ကြက်သွန်နီကို မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းများတွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

မန္တလေးမြို့ခံ ကြက်သွန်ပွဲရုံပိုင်ရှင် ဦးစိုးမြင့်က “မြန်မာကြက်သွန်က အထားခံတာရယ်၊ အမွှန်ဓာတ်များပြီး အနှစ်ဖြစ်တာ ရယ်၊ အရသာကောင်းတာတွေကြောင့် အကြိုက်များကြတာ။ ဗီယက်နမ် ဝယ်ယူမှု ရှိနေတာကတော့ သူတို့နိုင်ငံရဲ့ လိုအပ် ချက် ရှိနေတာရယ်၊ ဈေးသက်သာတာတွေကြောင့်လို့ သုံးသပ်ရတာပေါ့။ အချုပ်အနေနဲ့ ပြောရရင်တော့ မြန်မာကြက်သွန် က ကြက်သွန်နီမှာ ပါရမယ့်ဓာတ်တွေ အပြည့်အ၀ ပါနေတာကြောင့် အဝယ်လိုက်တာလို့ ပြောရမှာပေါ့” ဟု ဆိုသည်။

ထိုသို့ ပြည်ပနိုင်ငံများသို့ ပြည်တွင်းကြက်သွန်နီများ တင်ပို့မှု ရှိနေသော်လည်း လက်ရှိအချိန်၌ ကြက်သွန်နီ အသစ်ပေါ် သည့် ရာသီချိန် မရောက်သေးခြင်းနှင့်အတူ လက်ကျန်နည်းနေကြောင်း၊ မန္တလေးဈေးကွက်အတွင်းသို့ ပခုက္ကူ၊ မြစ်ခြေ၊ မုံရွာ၊ ချောင်းဦး၊ ဆိပ်ဖြူ၊ မြင်းမူ၊ တောင်သာ၊ မလှိုင်၊ မြင်းခြံ၊ မြစ်သားဘက်မှ ကြက်သွန်နီများ ဝင်ရောက်မှု ရှိနေဆဲ ဖြစ် သော်လည်း အဝင်နည်းပါးနေကြောင်း ကြက်သွန်ကုန်သည်များနှင့် ပွဲရုံများထံမှ သိရသည်။

ထို့ပြင် ကြက်သွန်နီစိုက်ပျိုးသည့် ဒေသများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေသဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်စည်စီးဆင်းမှုများ နှေးကွေးကာ ဈေးကွက်အတွင်း ဝင်ရောက်မှု နည်းပါးခြင်း ဖြစ်ကြောင်း သိရသည်။

စျေးကွက်ထဲက မြန်မာ့ ကြက်သွန်များ (ဓာတ်ပုံ – ဧရာဝတီ)

ဦးစိုးမြင့်က “ကြက်သွန်အဝင်ကတော့ ပုံမှန်တော့ ရှိနေပေမယ့် အရင်ကလောက်တော့ မများဘူး အဝင်နည်းလာတာပေါ့၊ လက်ရှိမှာ နွေကြက်သွန်အဟောင်းက ဈေးကွက်ထဲမှာ ကုန်ခါနီးနေပြီ။ ပြည်တွင်း ကြက်သွန်ဈေးကွက်မှာတော့ လက်ကား ဈေး အသေးဆုံးအစကို ၃၂၀၀ လောက် ရောင်းနေရသေးတယ်။ လာမယ့် ဒီဇင်ဘာလဆန်းလောက်ဆိုရင် မြစ်သား ကြက် သွန်အသစ်တွေ ပေါ်လာရင်တော့ အဝင်များလာမှာပါ” ဟု ရှင်းပြသည်။

လက်ရှိတွင် တရုတ်က မြန်မာကြက်သွန်နီ ဝယ်ယူမှုကို ရပ်ထားသော်လည်း ၎င်းတို့ဘက်မှ ကြက်သွန်များ ပြည်တွင်းသို့ ဝင်နေဆဲ ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း တရုတ်ကြက်သွန်နီများ ဈေးနှုန်းသက်သာစွာ ဝင်ရောက်လာခြင်း ကြောင့် ကြက်သွန်စိုက်တောင်သူများအတွက် ရိုက်ခတ်မှုအချို့ ရှိကြောင်း မန္တလေးကုန်စည်ဒိုင်မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “မန္တလေးဈေးကွက်ထဲမှာ တရုတ်ကြက်သွန်တွေ ဝင်ရောက်နေတော့ ကြက်သွန်တောင်သူတွေ နည်းနည်းတော့ အကျပ်ရိုက်သွားတာပေါ့။ ပြည်တွင်းကို တရုတ်ကြက်သွန်တွေ ပြန်ဝင်လာတဲ့အတွက် ဂယက်ရိုက်တာတော့ ရှိတယ်။ ကြက်သွန်ဈေးက မငြိမ်တော့ တောင်သူတွေ ဈေးသိပ်မရတာ။ အဲဒီ သဘောပါ။ မြန်မာကုန်သည်တွေကပဲ ပြန်သွင်းကြတာ ပါ။ တရုတ်ကြက်သွန်တွေ ဝင်လာပေမယ့်လည်း ဗမာကြက်သွန်က သိသိသာသာ ဈေးကျပြီး ဈေးကွက်ပျက်သွားတာမျိုး မဖြစ်ဘူး” ဟု ရှင်းပြသည်။

သို့သော် ကြက်သွန်စိုက်တောင်သူများ အနေဖြင့် ရာသီဥတုနှင့် သွင်းအားစုဈေး၊ လုပ်အားခ၊ အခြားကုန်ကျစရိတ်များ မြင့် တက်လာမှုကြောင့် မစိုက်နိုင်သူများလည်း ရှိကြောင်း၊ တချို့မှာလည်း နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသဖြင့် မစိုက်ပျိုးနိုင် သူများလည်း ရှိကြောင်း တောင်သူများထံမှ သိရသည်။

မြစ်သားမြို့နယ်အတွင်းမှ ကြက်သွန်စိုက်တောင်သူ ဦးကျော်ကျော်ဦးက “ကြက်သွန်စိုက်တောင်သူတွေ အနေနဲ့ကတော့ စိုက်တာလည်း ရှိတယ်။ မစိုက်တာလည်း ရှိတာပေါ့။ ပြီးတော့ ဒီနှစ်က မဖြစ်မနေ စိုက်ရမယ်ဆိုတဲ့ပုံစံနဲ့ စိုက်ခိုင်းတာတွေ လည်း ရှိတယ်။ အဲဒါကို ကြက်သွန်က အရင်းကြီးလို့ ရှောင်လို့ရတဲ့သူတွေကတော့ ရှောင်ကြတယ်။ စစ်ကိုင်းထဲက စိုက်လို့ ရတဲ့နေရာတွေမှာဆိုရင် ကြက်သွန်အစား မတ်ပဲ၊ ပဲစင်းငုံတွေ အစားထိုး စိုက်ထားတာတွေ ရှိတယ်။ စစ်ကိုင်းတိုင်းထဲက တော့ လက်ရှိ အခြေအနေတွေအရ စိုက်ဖို့ပျိုးဖို့ နည်းနည်းတော့ ခက်တာပေါ့” ဟု ရှင်းပြသည်။

ကြက်သွန်နီဈေးကွက်တွင် နိုဝင်ဘာ ၁၉ ရက်နေ့ ပေါက်ဈေး အနေဖြင့် နွေအဟောင်း ၁ ပိဿာလျှင် ကျပ် ၃၄၀၀ မှ ၄၀၀၀၊ မိုးအသစ် ၁ ပိဿာလျှင် ကျပ် ၁၅၀၀ မှ ၃၀၀၀၊ မြင်းခြံ ကံဆင့် ၁ ပိဿာလျှင် ကျပ် ၃၇၀၀ မှ ၄၁၀၀၊ ပခုက္ကူ ၁ ပိဿာလျှင် ကျပ် ၃၀၀၀ မှ ၃၅၀၀ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ကြက်သွန်နီ ပျမ်းမျှတန်ချိန် ၁၀ သိန်းဝန်းကျင် ထွက်ရှိနေပြီး ၂၀၁၉-၂၀၂၀ အတွင်း ပြည်ပသို့ ကြက်သွန်နီ တန်ချိန် ၁ သိန်းကျော် တင်ပို့နိုင်ခဲ့ရာ ကြက်သွန်နီဈေးကွက်အတွင်း အများဆုံး တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာနက ထုတ်ပြန်ထားသောစာရင်းများအရ သိရသည်။

Loading