စီးပွားရေး

ဘဏ်အပ်ငွေ ကျပ်သန်းပေါင်းထောင်ချီ ထုတ်သည့် ရွှေလုပ်ငန်းရှင် ၇ ဦး စစ်ဆေးခံရ

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) နှင့် CB ဘဏ်တို့၏ ရွှေဘုံသာဘဏ်ခွဲများမှ ဘဏ်အပ်ငွေ ကျပ်သန်းပေါင်း ထောင်နှင့် ချီ၍ ထုတ်ယူခဲ့‌သော ရွှေလုပ်ငန်းရှင် ၇ ဦးကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ရွှေဈေးကွက် စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးကော်မတီက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ထံမှ သိရသည်။

အောက်တိုဘာ ၃ ရက်မှ ၇ ရက်အတွင်း ၎င်းတို့ ၇ ဦးသည် အဆိုပါဘဏ်များမှ ငွေကျပ်သန်းပေါင်း ၄၉၀၀ နီးပါး ထုတ် ယူခဲ့ကြောင်း၊ ငွေသားထုတ်ယူမှု များပြားသော ယင်းရွှေအရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်နေသူများအား လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် ဟူသည့် ရွှေဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီက ရန်ကုန် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်ကို ညွှန်ကြားသည့် စာတစောင် အောက်တိုဘာ ၂၁ ရက်တွင် အွန်လိုင်းပေါ် ပျံ့နှံ့လာပြီးနောက် စစ်ဆေးမှုများ စတင်ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီက YGEA အသင်းတာဝန်ရှိသူတဦးကို ဆက်သွယ်မေးမြန်းရာ “အဲဒါက အသေးစိတ်တော့ ပြောလို့မရဘူး။ ကျနော်တို့ အသင်းထဲကလည်း တချို့တဝက် ပါတယ်။ ကျန်တဲ့ဟာတွေက အပြင်က ကုန်သည်တွေ များတယ်။ အသင်းမှာ ရှိနေတဲ့သူတွေနဲ့ နာမည်တူတာ။ ပြည့်ပြည့်စုံစုံ ပြောလို့မရဘူး ဆိုတာလည်း ငွေကြေးခဝါချအဖွဲ့က အခုမှ စပြီးတော့ မေးတုန်းမြန်းတုန်း ရှိသေးတယ်။ အဲဒီတော့ ကျနော်တို့က ပြောရင် အန္တရာယ်များတယ်။ ပမာဏ များတယ်တော့ မဟုတ်ဘူး။ ရွှေ ၁ ပိုင်းကို ကျပ်သိန်း ၂၆၀ ကျော်လောက် ရှိတယ်။ အခု ကျပ်သိန်း ၅၀၀၀ ကျော်တဲ့သူ‌တွေလည်း ခေါ်စစ်နေတာလည်းရှိတော့ အဲဒါက သိပ်အဆင်မပြေဘူး” ဟု ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ လုပ်ဆောင်ချက်များကြောင့် ရွှေဈေးကွက်ကို ထိခိုက်လာနိုင်သော်လည်း လက်ရှိ အရောင်းအဝယ် အေးနေချိန်တွင် ဖြစ်သောကြောင့် အခြေအနေကို မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စစ်ဆေးမှုများသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်၏ တစိတ်တပိုင်းဖြစ်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က အမည်ပျက်စာရင်းသွင်းလိုက်ပြီးနောက်ပိုင်း ယင်းအခြေအနေကို တိုက်ဖျက်ရန် လုပ်ဆောင်လာသည့် အကြောင်းအရာတခုလည်း ဖြစ်ကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်များက ဆိုသည်။

ပုံမှန်အားဖြင့် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ပြင်ပပေါက်ဈေးမှာ ကျပ် ၂၆ သိန်းကျော်တွင် ရှိနေသည့်အတွက် ရွှေ ၁ ပိုင်းလျှင် ၁၀ ကျပ်သား ရှိသောကြောင့် လုပ်ငန်းရှင် ၁ ဦးလျှင် အနည်းဆုံး ကျပ်သိန်းရာနှင့်ချီ၍ ဘဏ်တွင် ထုတ်ယူနိုင်သည့် အခြေအနေ ဖြစ်ကြောင်း လုပ်ငန်းရှင်များက ရှင်းပြသည်။

ထိုအခြေအနေမျိုးတွင် စစ်ကောင်စီက ငွေသားထုတ်ယူမှု များပြားသောကြောင့် ခေါ်ယူစစ်ဆေးခြင်းမှာ ရွှေဈေးကွက်ကို ထိန်းချုပ်စောင့်ကြည့်နေသည့်သဘောဖြစ်ရာ ရွှေမှောင်ခိုဈေးကွက်သာ ပို၍ကြီးထွားလာနိုင်ကြောင်းလည်း ရန်ကုန်မြို့ရှိ ရွှေကုန်သည်တချို့က သုံးသပ်ပြောဆိုသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တဦးက “သူတို့တွေက တပတ်အတွင်း ကျပ်သိန်း ၅ ထောင်ကျော် ထုတ်တာကနေ ကျပ် သိန်း ၅ ထောင်အထက် ထုတ်တဲ့သူတွေပေါ့။ စာရင်းအရ ရွှေအရောင်းအဝယ် လုပ်ရင်လည်း ဒီပမာဏက တပတ်အတွင်းဆို ရှိနိုင်တယ်။ ရောင်းလိုက်၊ ဝယ်လိုက် ဆိုတော့လေ။ အရင်ထဲက ဘဏ်နဲ့လုပ်တဲ့သူက နည်းပါတယ်။ အပြင်မှာပဲ လုပ်တဲ့သူ များတယ်။ အခုလို လုပ်လိုက်တော့ ဘဏ်လုပ်တဲ့သူ ပိုနည်းသွားမှာ” ဟု ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်စနစ်အပေါ် ယုံကြည်မှု ကျဆင်းလာခြင်းနှင့် ငွေထုတ်ယူရာတွင် အခက်အခဲများ ရှိခြင်းတို့ကြောင့် ရွှေအရောင်းအဝယ် ပြုလုပ်ရာ၌ အများစုက ဘဏ်စနစ်ပြင်ပတွင်သာ ငွေသားဖြင့် အရောင်းအဝယ် ပြုလုပ်နေကြခြင်း ဖြစ်သည်။

စစ်ကောင်စီကမူ ကျပ်သိန်း ၂၀၀ အထက် အရောင်းအဝယ် ပြုလုပ်ပါက ဘဏ်စနစ်ဖြင့်သာ ပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ၎င်းတို့၏ အမျိုးမျိုးသော ဈေးကွက်ထိန်းချုပ်သည့် မူဝါဒများနှင့် ဘဏ်များတွင် ငွေသားထုတ်ယူရန် အခက်အခဲများကြောင့် ဈေးကွက်အတွင်း အဆင်ပြေသလိုသာ အရောင်းအဝယ် ပြုလုပ်နေကြကြောင်း သိရသည်။

အထက်ပါ ရွှေဆိုင်ပိုင်ရှင်က “သူတို့ ထုတ်ပြန်ချက်တွေ လိုက်နာဖို့ ခက်ခဲတာက အမိန့်အာဏာနဲ့ အခုလို စုံစမ်းစစ်ဆေးတာတွေ လုပ်မယ်ဆိုတော့ ဘယ်သူမဆို လန့်တာပေါ့နော်။ မလုပ်ရဲကြဘူး။ ရွှေအသင်းမှာ ရောင်းတာဝယ်တာကို စစ်ကောင်စီက စောင့်ကြည့်နေတာ ကြာပါပြီ။ ဘယ်သူတွေ ဘယ်လို ရောင်းလဲ၊ ဝယ်လဲပေါ့။ အဲဒီတော့ အကုန်လုံးကတော့ မှောင်ခိုသဘောမျိုးပဲ လုပ်ကြရတာပေါ့” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်တွင် ကမ္ဘာ့ရွှေဈေး အနည်းငယ် ပြန်ကျခြင်းနှင့် ပြည်တွင်း အမေရိကန်ဒေါ်လာ ငွေကြေး ကျနေသောကြောင့် ကျပ်သောင်းဂဏန်းဝန်းကျင် အတက်အကျ ဖြစ်နေသဖြင့် ဈေးကွက်အတွင်း ဝယ်ယူလိုသူထက် ရောင်းသူကများပြီး အေးနေကြောင်း သိရသည်။

YGEA အသင်းဝင် လုပ်ငန်းရှင်တဦးက “အခု လောလောဆယ်ကတော့ အရောင်းအဝယ်လည်း အေးတယ်။ ရွှေဈေးက ကျနေမှန်းသိတော့ ဝယ်တဲ့သူက မရှိဘူး။ ရောင်းတဲ့သူက များတယ်။ ရွှေ ၁ ကျပ်သား ၂၆ သိန်း ပတ်ချာလည်လောက် ရောက်သွားပြန်ရင်လည်း နည်းနည်းဝိုင်းပြီး လုဝယ်ကြပြန်ရော။ ကျပ် ၂၇ သိန်းလောက် ရောက်သွားပြန်ရင်လည်း တခါ ဝိုင်းအုံပြီး ရောင်းကြပြန်ရော။ အရောင်းအဝယ်က မငြိမ်တဲ့သဘော ရှိတယ်” ဟု ရှင်းပြသည်။

YGEA အသင်း အနေဖြင့် ယနေ့ (နိုဝင်ဘာ ၂၃ ရက်) နေ့လယ်ပိုင်းတွင် ကမ္ဘာ့ရွှေ ၁ အောင်စ ၁,၇၄၄ ဒေါ်လာနှင့် မြန်မာ့အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ၂,၀၅၄,၀၀၀ ကျပ်နှင့် ကြမ်းခင်းဈေး သတ်မှတ်၍ ဈေးကွက်ဖွင့်ထားပြီး ပြင်ပရွှေဈေးကွက်တွင် ၁ ကျပ်သားလျှင် ကျပ် ၂၆ သိန်းကျော်နှင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်စနစ်ယိုယွင်းကာ ငွေကြေးဖောင်းပွလာသလို ပြည်တွင်းရွှေဈေးနှုန်းမှာလည်း စံချိန်တင်ဈေးထိ မြင့်တက်နေခြင်းကြောင့် ရွှေဈေးကွက်ကို ထိန်းချုပ်ရန်အတွက် ယခုနှစ်အတွင်း စစ်ကောင်စီက နည်းမျိုးစုံဖြင့် လုပ်ဆောင်လာနေသည့်တိုင် ပြည်တွင်းရွှေဈေးမှာ အမြင့်ဈေး၌သာ ဆက်လက် ရှိနေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

You may also like these stories:

လိုင်စင်ရှိမှ ရွှေအတုံးအခဲ ရောင်းဝယ်ရန် ရန်ကုန်ရွှေအသင်းသတ်မှတ်

ရွှေဈေးမငြိမ်မှုကြောင့် မန္တလေးက ရွှေဆိုင်းလုပ်ငန်းများ ရပ်ထားရ

ရွှေနှင့် အမေရိကန်ဒေါ်လာဈေး ဆက်တိုက် ကျလာ

ရွှေကို သတ်မှတ်ဈေးဖြင့် ရောင်းရန် စစ်ကောင်စီ ညွှန်ကြာ

Loading